တနင်္သာရီတိုင်း လယ်ယာခြံမြေ ရေတပ် အဓမ္မသိမ်းယူ

Pen Duick ocean racing yachts sail off the coast of Saint-Quay-Portrieux, western France during a trip at sea from Roscoff to Saint-Quay-Portrieux.

တနင်္သာရီတိုင်း ရေဖြူမြို့နယ်ဘက်မှာ စခန်းချထားတဲ့ ရေတပ်ကနေ ဒေသခံ ပြည်သူတွေရဲ့ လယ်ယာခြံမြေတွေကို လျော်ကြေးမပေးဘဲ အဓမ္မ သိမ်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ခြံအသိမ်းခံရတဲ့ ပိုင်ရှင်တွေ အနေနဲ့လည်း စစ်တပ်ကို ငွေပေးပြီး ရာဘာခြစ်နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း ပြောပါတယ်။ အခုလို စစ်တပ်နဲ့ စီးပွားရေး ကုမ္ပဏီတို့ကနေ အတင်းအဓမ္မ မြေယာသိမ်းဆည်းမှု လုပ်ရပ်တွေကို မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းကနေ ဒီကနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကျွဲသုံးညီမကျေးရွာမှာ တပ်ရင်းအမှတ် ၄၃ ရေတပ်စခန်းကနေ ရွာသားတွေရဲ့ ခြံမြေတွေကို ဒီရက်ပိုင်းတွေမှာ တိုင်းတာ သိမ်းယူလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို လယ်ယာခြံမြေတွေကို သိမ်းယူတဲ့အပြင် ဒေသခံ ခြံပိုင်ရှင်တွေကနေ ရာဘာခြစ်ဖို့အတွက် ရေတပ်စခန်းကို ငွေပေးဆောင်နေရတယ်လို့ ကျွဲသုံးညီမ ကျေးရွာသား တဦးက မွန်ဘာသာနဲ့ အခုလို ပြောပါတယ်။

“နောက်ဆုံးအခြေအနေကတော့ဗျာ ရေတပ်ကနေ ခြံမြေတွေကို သိမ်းဖို့ တိုင်းတာပြီး ငုတ်တိုင်တွေ ရိုက်ထားတယ်။ ပိုင်ရှင် ၁၁၂ ယောက်ရဲ့ ခြံမြေ ၄၀၀ ကျော်တယ်။ ဒါဟာ ခြံမြေတွေချည်းပဲ။ လယ်မြေတွေ မပါသေးဘူး။ လျော်ကြေး လုံးဝမရဘူး။ တခြား လယ်ကြီး မှော်ဂျီ ရွာတွေမှာလည်း ဒီလိုပဲ သိမ်းထားတာရှိတယ်။”

၂၀၁၀ ခုနှစ်တုန်းကလည်း ကျွဲသုံးညီမကျေးရွာက လယ်ယာခြံမြေဧက ၆၀၀ လောက်ကို ရေတပ်ပိုင် တပ်မြေအဖြစ် သိမ်းယူခဲ့တာ ရှိတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသတွေမှာ မြန်မာစစ်တပ်ကနေ ဒေသခံတွေရဲ့ လယ်ယာခြံမြေ သိမ်းယူခဲ့မှုနဲ့ ပတ်သက်ပြီးတော့ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းကနေ ဒီကနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်ကနေ ယနေ့အထိ မြန်မာစစ်တပ်နဲ့ ဦးခင်ရွှေ ပိုင်ဆိုင်တဲ့ ဇေကမ္ဘာ ကုမ္ပဏီကနေ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာ လယ်ယာခြံမြေတွေ သိမ်းဆည်းခဲ့တာတွေနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားပါတယ်။

ရေတပ် တပ်ရင်းအမှတ် ၄၃ ကနေ သိမ်းယူထားတဲ့ ရေဖြူမြို့နယ် ကျွဲသုံးညီမကျေးရွာနဲ့ ဆက်စပ်ရာ ကျေးရွာက ဒေသခံတွေရဲ့ လယ်ယာခြံမြေ အရေအတွက်ကိုတော့ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းရဲ့ တာဝန်ခံ နိုင်အွန်းမွန်က အခုလို ပြောပါတယ်။

“ကျွန်းပေါ်မှာချည်းပဲ အရေအတွက်က ဧက ၁,၀၀၀ ကျော်၊ ဧက ၁,၀၀၀ ကျော်ထဲမှာမှ သတ္တုတွင်းတွေလည်း ပါတယ်။ တခါ ၉၉% လောက်က ရာဘာခြံကြီးပဲ ဖြစ်တယ်။ ကျွန်းနဲ့ အနီးတဝိုက်မှာရှိတဲ့ ရွာတွေဖြစ်တဲ့ မင်းသားရွာတို့၊ လယ်ကြီးတို့၊ မှော်ဂျီတို့၊ အနောက်ဘက်မှာဆို ချပုံတို့ အဲဒီရွာစဉ်နားမှာ ဆိုလို့ရှိရင် ဧက ၃,၀၀၀ လောက်ကို တိုင်းထွာပြီးသား တွေ့ရတယ်။ အခုလောလောဆယ် အဲဒီ တိုင်းထွာထားတဲ့ ဧက ၃,၀၀၀ နေရာမှာ ပိုင်ရှင်တွေကို ဝင်ပြီးတော့ အလုပ်လုပ်ခွင့် မပေးတော့ဘူး။ ဆိုတော့ အားလုံးပေါင်းကြည့်မယ် ဆိုလို့ရှိရင် ဧက ၄,၀၀၀ နီးပါးလောက် ကျနော်တို့ တွေ့ရတယ်။”

အခုလို လယ်ယာခြံမြေ ဒီလောက်များများ သိမ်းထားတာ စစ်တပ်အနေနဲ့ ဘာရည်ရွယ်ချက်နဲ့ သိမ်းတာလဲခင်ဗျ။

“သူတို့ ဒီ စစ်လေ့ကျင့်ရေးကွင်းတခု ဆောက်မယ်။ ပြီးလို့ရှိရင် ဝန်ထမ်းအိမ်ရာ ကျနော်တို့အခေါ် ဆိုရင်တော့ စစ်တန်းလျား ဆောက်မယ်ပေါ့နော်။ အဲလောက်ပဲ သူတို့က အကြောင်းပြချက်ပေးတယ်။”

မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း တာဝန်ခံ နိုင်အွန်းမွန် ပြောသွားတာ ဖြစ်ပါတယ်။

အခုလို ကျေးရွာသားတွေရဲ့ ဓားမဦးချ လုပ်ကိုင်နေတဲ့ လယ်ယာမြေတွေကို လျော်ကြေးမပေးဆောင်ဘဲ သိမ်းယူလိုက်တဲ့အတွက် ဒေသခံ ခြံပိုင်ရှင်တွေ ထိခိုက်နစ်နာမှု များပြားနေတယ်လို့ နိုင်အွန်းမွန်က ပြောပါတယ်။

ခြံမြေပိုင်ရှင် မိသားစု အများစုဟာ ရာဘာကနေ ထွက်တဲ့ ဝင်ငွေတခုတည်းသာ အားကိုးအားထား ပြုနေကြလို့ အခုလို ခြံမြေတွေ အသိမ်းခံရတဲ့အတွက် ပုံမှန်ဝင်ငွေ မရှိတော့လို့ သူတို့ရဲ့ မိသားစုတွေ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနဲ့ အခြား အသုံးစရိတ်တွေလည်း အခက်အခဲ ကြုံလာနိုင်ပါတယ်။ တချို့ ခြံအသိမ်းခံရတဲ့ မိသားစုတွေဟာဆိုရင် မိမိတို့ဒေသမှာ ဆက်လက် ရပ်တည်နေထိုင်လို့ မရတော့တဲ့ အခြေအနေ ဖြစ်လာတဲ့အတွက် အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ရရာအလုပ်တွေ လုပ်ကိုင်နေရတဲ့ အခြေအနေတွေကိုလည်း ရောက်ရှိသွားကြပါတယ်။

ဒီလို နေရပ်ရင်းကို မရွှေ့ပြောင်းဘဲ ကျန်နေတဲ့ မိသားစုတွေကလည်း မိမိတို့ရဲ့ ခြံမြေတွေ ဆုံးရှုံးသွားတဲ့အပြင် စစ်တပ်တွေကနေ အဓမ္မ လုပ်အားပေး စေခိုင်းမှုတွေ၊ ပေါ်တာအဖြစ် ဖမ်းဆီး ခိုင်းစေမှုတွေ၊ ငွေကြေး အကောက်ခွန်တွေ မတရား ပေးဆောင်ရမှုတွေလည်း ဆက်လက် ကြုံရဦးမယ်လို့ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းရဲ့ ထုတ်ပြန် ကြေညာချက်တွေထဲမှာ ဖော်ပြထားပါတယ်။

လက်ရှိ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ အစိုးရသစ်ကိုရော ဒေသခံ မွန်နိုင်ငံရေးပါတီဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီကိုပါ စစ်တပ်နဲ့ စီးပွားရေး ကုမ္ပဏီတွေကနေ အတင်းအဓမ္မ လယ်ယာမြေ သိမ်းဆည်းမှုတွေကို တားဆီးပေးဖို့ရယ်၊ လယ်ယာခြံမြေ လုပ်ကိုင်နေတဲ့ ပြည်သူတွေဘ၀ လုံခြုံရေးနဲ့ တရားမျှတမှု ရှိစေဖို့ ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးဖို့၊ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ကိုလည်း မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းရဲ့ ထုတ်ပြန် ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။