အရေးယူခံရသူ တနင်္သာရီဝန်ကြီးချုပ်ဟောင်းကို ထားဝယ်ထောင်ပို့

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော် (tanintharyi chief minister Dr Daw Lae Lae Maw IPRD MYEIK)

လက်ရှိအစိုးရအနေနဲ့ အဂတိလိုက်စားမှုတွေနဲ့ပတ်သတ်လို့ ပြင်းပြင်းထန်ထန် ကိုင်တွယ် အရေးယူသွားဖို့ မူဝါဒချမှတ်ထားတဲ့အတိုင်း လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်နေတယ်လို့ သမ္မတရုံး ပြောခွင့်ရက ပြောဆိုလိုက်ပါတယ်။ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အရေးယူလိုက်ပြီးနောက် ဒီကနေ့ နေပြည်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် အဲဒီလို ပြောဆိုခဲ့တာပါ။ အပြည့်စုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီတာဝန်ရှိသူ ၃ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ ထားဝယ်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပြီး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်တဲ့ အခြေအနေ ရှိနေတာပါ။ အမည်မဖော်လိုတဲ့ ရဲအရာရှိ တဦးကတော့ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲမော်ကို ဒီကနေ့ နေ့လည်ပိုင်းမှာ ထားဝယ်အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီ လို့ VOA ကို အတည်ပြု ပြောဆိုခဲ့ပါတယ်။

မူဝါဒချမှတ်ထားတဲ့အတိုင်း လက်ရှိအစိုးရက အကောင်အထည်ဖော် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သမ္မတရုံး ပြန်ကြားရေးတာဝန်ခံ ဦးဇော်ဌေးက ပြောပါတယ်။

"ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို စပြီးတော့ ဖွဲ့စည်းတယ် ၊ ဥပဒေတွေ ပြဌာန်းတယ်။ အခု ဒီဘက်အစိုးရမှာတော့ အထူးသဖြင့် ဦးအောင်ကြည်တာဝန်ယူပြီးတဲ့နောက်မှာ တော်တော်လေး ဖိဖိစီးစီးလုပ်လာတယ်။ အဲဒီအပေါ်မှာလည်း အစိုးရက ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ကိုလည်း ဥပဒေနဲ့အညီ လုပ်ပိုင်ခွင့် လွတ်လွတ်လပ်လပ်ပေးထားပြီးသားဖြစ်တယ်။ ဦးအောင်ကြည်ကိုတွေ့ဆုံ ပြီးတော့ မှာကြားတာတွေလည်း ကျနော်တို့ သတင်းထုတ်ထားပါတယ်။ ဆိုလိုတာက ဒါကို ဖိဖိစီးစီးကိုင်တွယ်သွားမယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ သည်းခံခွင့်လွတ်တဲ့ မူဝါဒမရှိဘူးဆိုတာကိုလည်း ပြောကြားထားပြီးဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ ကျနော်တို့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။"

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ဟာ အဂတိလိုက်စားမှုတွေ ကျူးလွန်နေကြောင်း ဒေသခံတွေရဲ့ တိုင်ကြားစာတွေအပေါ်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ဖေဖေါ်ဝါရီလ ၄ ရက်နေ့ကနေ မတ်လ (၆) ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်နဲ့ ထားဝယ်မြို့တွေမှာ စစ်ဆေးရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာပါ။

ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ GGS ကုမ္ပဏီက MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နဲ့ ဦးသူရအုံတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ၅၅/ ၆၃ အရလည်းကောင်း သီးခြားပြစ်မှုတွေအတွက် သီးခြားစွဲချက်တွေနဲ့ အမှု ၄ မှုခွဲပြီး အရေးယူဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပြောပါတယ်။

NLD အရပ်သားအစိုးရလက်ထက် အခုလို တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို ပြင်းပြင်း ထန်ထန် အရေးယူတဲ့ ကိစ္စဟာ ဒေသခံပြည်သူတွေဘက်က အုပ်ချုပ်သူတွေရဲ့ အဂတိ လိုက်စားမှု တိုင်ကြားချက်တွေကို အရပ်သားအစိုးရက အလေးအနက်ထား နားထောင်ကြောင်း လက်တွေ့ သာဓကဖြစ်ပြီး ဒီအပေါ် ကျေနပ်မိတယ်လို့ ထားဝယ်ဒေသခံဦးသန်းဝင်းက ပြောပါတယ်။

"ပြည်သူတွေမှာ ထောက်ပြပြောဆိုခွင့်ရှိတယ်။ အမှန်အတိုင်းထုတ်ဖော်ရဲတယ် အဲလို အမှန်အတိုင်းထုတ်ဖော်တာကို တာဝန်ရှိသူတွေအနေနဲ့ အမှန်အတိုင်း လက်ခံစစ်ဆေးပေးပြီးတော့ အမှန်အတိုင်း ဖော်ထုတ်အရေးယူဆောင်ရွက်နေတယ်။ ကျနော်တို့ ဒီမိုကရေစီဆိုတာ အဲဒါပါပဲ။"

ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အနေနဲ့ ၂၀၁၆ ခုနှစ်တွင်း မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် တည်ဆောက်ရေးကိစ္စ၊ ထားဝယ်တက္ကသိုလ်ဝင်းနဲ့ လေယာဉ်ကွင်း အပြင်ဘက်တွေမှာ ချုံနွယ်ရှင်းလင်းရေးကိစ္စ ရာထူးအလွဲသုံးစားလုပ်ပြီး လာဘ်ယူခဲ့တာ၊ ၂၀၁၈ခုနှစ် တိုင်းဒေသ ဖွံဖြိုးရေးစီမံကိန်းတွေမှာ လာဘ်ယူခဲ့တာ၊ အဂတိလိုက်စားပြီး GGS ကုမ္ပဏီကို လုပ်ပိုင်ခွင့်တွေ ပေးခဲ့တာ စတဲ့ အထောက်အထား အချက်အလက်တွေကို စစ်ဆေးရေးအဖွဲ့က တွေ့ရှိခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က မတ်လ (၁၀)ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ အခုလို အရေးယူနိုင်ခဲ့တဲ့အပေါ် ကြိုဆိုလိုက်ပါတယ်။

"ဒါဟာ ကောင်းမွန်တဲ့ ခြေလှမ်းအစတခုလို့ မြင်ပါတယ်။ တကယ်တမ်းပြောမယ်ဆိုရင် ထုတ်ပြန်ချက်မှာ ကြည့်ရင် ဒီဖြစ်စဉ်တွေက ၂၀၁၆ ခုနှစ်ကတည်းက စခဲ့တာကို တွေ့ရတယ်။ အဲဒီအခါကျတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ရှေ့တန်းတင်ဆောင်ရွက်မယ်ဆိုတဲ့ အစိုးရတရပ်အနေနဲ့ ဒီထက်ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။"

ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ဟာ အဂတိလိုက်စားမှုတွေ ကျူးလွန်ကြောင်း ထားဝယ်နဲ့ မြိတ်ဒေသခံတွေအပြင် တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေကလည်း NLD ပါတီ ဗဟိုနဲ့ ကော်မရှင်ထံ တိုင်ကြားတာတွေ ရှိခဲ့ပါတယ်။

Your browser doesn’t support HTML5

အရေးယူခံရသူ တနင်္သာရီဝန်ကြီးချုပ်ဟောင်းကို ထားဝယ်ထောင်ပို့