တာလီဘန်နဲ့ အမေရိကန်တို့ဟာ အာဖဂန်နစ္စတန် ငြိမ်းချမ်းရေးအတွက် တိုက်ရိုက်ဆွေးနွေးမှု ရေရှည် လုပ်ဆောင်သွားဖို့ သဘောတူလိုက်ကြပါတယ်။ နှစ်ဘက် ကိုယ်စားလှယ်တွေ ကာတာ နိုင်ငံမှာ သောကြာနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် တာလီဘန်တွေဘက် က အခုလို ပြောကြားလိုက်တာပါ။
Islamabad ကနေ VOA သတင်းထောက် Ayaz Gul ပေးပို့ထားတဲ့ သတင်းလွှာကို ဦးကျော်ဇံသာ က တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ တာလီဘန်တို့အကြား ဆွေးနွေးပွဲအသစ် တကြော့ ဒီသီတင်းပတ် အတွင်း မှာပဲ ကာတာနိုင်ငံမှာ ပြုလုပ်ခဲ့ကြပြီး ၁၇ နှစ်ကြာ အာဖဂန်စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေး ညှိနှိုင်းမှု ဆက်လက် လုပ် ဆောင်သွားဖို့ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့ ဆွေးနွေးပွဲအကြောင်း ကြေညာရင်း တာလီဘန်ပြောခွင့်ရတဦးက နောက်သုံးလမပြည့်ခင် ဒုတိယ တကြော့ ဆွေးနွေးမယ်လို့ ဆိုပါတယ်။
အာဖဂန်မြေပေါ်မှာ နိုင်ငံခြားတပ်ဖွဲ့တွေ ရောက်ရှိနေခြင်းဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့အတွက် အဓိက အတားအဆီးတခုဖြစ်နေကြောင်း အမေရိကန်ကိုယ်စားလှယ်တွေကို ပြောကြားလိုက်တယ် လို့လည်း အာဖဂန်အဖွဲ့က ဇိုင်ဘီလူးလား မူဂျာဟစ်က ဗွီအိုအေအပါအဝင် နိုင်ငံခြားသတင်း ဌာနတွေဆီ ပေးပို့တဲ့ ကြေညာချက်မှာ ဖော်ပြထားပြီးတော့ အခုလို ဆက်လက်ရေးသားထားပါတယ်။
“အာဖဂန်နစ္စတန်နိုင်ငံဟာ အစ္စလာမ်နိုင်ငံတခုဖြစ်တယ်။ သူ့ကိုယ်ပိုင် အစ္စလာမ်စံနှုန်းတွေနဲ့ ယဉ်ကျေးမှု ရှိတယ်၊ စစ်မှန်ပြီး အာဖဂန်တနိုင်ငံလုံးလွှမ်းခြုံတဲ့ ပြေလည်မှုရရှိရေးအတွက် ဒါကို စွဲစွဲမြဲမြဲမှတ်ထားဖို့ လိုတယ်လို့ တာလီဘန်ဆက်ဆံရေးအကြီးအကဲ စန်နစ်ဇိုင် က အမေရိကန် ကိုယ်စားလှယ်တွေကို အလေးထား ပြောကြားခဲ့ပါတယ်။”
အာဖဂန်မှာ တာလီဘန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတဲ့ကိစ္စကို အမေရိကန်အစိုးရက အတည်ပြုခြင်း မရှိသေး သလို ငြင်းဆိုခြင်းလည်း မရှိပါဘူး။ အမေရိကန်နဲ့တာလီဘန်တို့ ဒီလို တိုက်ရိုက်တွေ့ဆုံခဲ့တယ်ဆိုတဲ့ ကိစ္စတွေကို သမ္မတဒေါ်နယ်ထရမ့်က တာလီဘန်သူပုန်နဲ့ အာဖဂန်အစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ ထပ်မံတွန်းအားပေးနေချိန်မှာ ဖြစ်ထွန်းလာတာပါ။ အာဖဂန်ပြန်လည်သင့်မြတ်ရေး အမေရိကန် အထူး ကိုယ်စားလှယ် အာဖဂန်နိုင်ငံဖွား ခါလီဇတ်ဟာ ဒေသတွင်း နိုင်ငံအနှံ့ခရီးထွက်ပြီး ကာဘူးလ်မြို့ကိုလည်း ရောက်ခဲ့ပါတယ်။ သူ့ခရီးစဉ်နဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးပြောခွင့်ရ ဟဲလ်သာ နျူးရပ်က အခုလို ပြောခဲ့ပါတယ်။
“ကျမတို့ဘက်က ခရီးစဉ်တိုင်းဟာ ရှေ့ကိုတိုးတက်မှု ဖြစ်ထွန်းနေပါတယ်။ အာဖဂန်ငြိမ်းချမ်းရေး ဆွေးနွေးပွဲက တော့ အာဖဂန်ကပဲ ဦးဆောင်ရမှာပါ။ အာဖဂန်တို့ ကိစ္စပါ။ အမေရိကန်အစိုးရက ထောက်ခံ အားပေးပါတယ်။”
အမေရိကန်ဟာ အာဖဂန်ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ကမကထ ပြုလုပ်ပေးဖို့ အဆင်သင့် ရှိတယ် ဆိုတာ အစဉ်သဖြင့် ပြောလာခဲ့တာပါ။ ဒါပေမယ့် အာဖဂန်အချင်းချင်းဖြစ်တဲ့ တာလီဘန်တို့နဲ့ အာဖဂန်အစိုးရတို့ကပဲ ဆွေးနွေးကြရမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ တာလီဘန်တို့ဘက် ကတော့ အမေရိကန်ရုပ်သေးဖြစ်တဲ့ ကာဘူးလ်အစိုးရနဲ့ တိုက်ရိုက်မဆွေးနွေးနိုင်ဘူးလို့ ငြင်းဆန်ထားတာလည်း ဖြစ်ပါတယ်ခင်ဗျာ။
Your browser doesn’t support HTML5