ဒီကနေ့ ကျင်းပပြီးစီးခဲ့တဲ့ ထိုင်ဝမ်ဒေသန္တရ ရွေးကောက်ပွဲတွေမှာ အတိုက်အခံ ကူမင်တန်ပါတီက အများစုအနိုင်ရနေပြီး လက်ရှိ ထိုင်ဝမ်သမ္မတ Tsai Ing-wen အတွက်တော့ ထိခိုက်ဆုံးရှုံးမှု ဖြစ်စေပါတယ်။ ဒီရွေးကောက်ပွဲဟာ တရုတ်ဘက်က ရန်လိုမှုတွေ တိုးလာနေချိန်မှာ ထိုင်ဝမ်အနေနဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့ အခိုင်အမာ ဆုံးဖြတ်ထားတယ်ဆိုတာကို ကမ္ဘာကြီးကို ပြသတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ထိုင်ဝမ်သမ္မတ Tsai Ing-wen က ပြောဆိုထားတာပါ။
မြို့တော်ဝန်တွေ၊ ခရိုင်အစိုးရ အကြီးအကဲတွေနဲ့ ဒေသအလိုက် ကောင်စီဝန်တွေ ရွေးကောက်တင်မြှောက်တဲ့ ဒီဒေသန္တရ ရွေးကောက်ပွဲတွေမှာ ရွေးကောက်ခံရသူတွေအနေနဲ့ COVID-19 ကပ်ဘေးနဲ့ ရာဇဝတ်မှု ပြဿနာတွေလို ပြည်တွင်းရေးရာ ကိစ္စတွေပေါ်မှာသာ သြဇာသက်ရောက်နိုင်မှာဖြစ်ပြီး တရုတ်နဲ့ဆိုင်တဲ့ ထိုင်ဝမ်ရဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့တော့ သြဇာသက်ရောက်နိုင်မယ့်သူတွေ မဟုတ်ပါဘူး။
ဒါပေမဲ့ သမ္မတ Tsai Ing-wen ကတော့ ဒီရွေးကောက်ပွဲတွေဟာ ဒေသန္တရရွေးကောက်ပွဲ ဆိုတာထက် ပိုတယ်လို့ ပြောပါတယ်။ ထိုင်ဝမ်ကို သူပိုင်နယ်မြေအဖြစ် ကြေညာထားတဲ့ တရုတ်နဲ့ စစ်ရေးတင်းမာမှုတွေ ရှိနေချိန်မှာကိုပဲ ထိုင်ဝမ်ပြည်သူတွေဟာ ဒီမိုကရေစီကို ဘယ်လိုကာကွယ်နေကြသလဲဆိုတာကို ကမ္ဘာကသိစေမယ့် ရွေးကောက်ပွဲတွေလို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လက အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ထိုင်ဝမ်ကို လာရောက်ခဲ့တာကို တရုတ်က ဒေါသထွက်ပြီး ထိုင်ဝမ်ကျွန်းအနီး စစ်ရေး လေ့ကျင့်မှုတွေ အရှိန်မြင့်လုပ်ဆောင်လာခဲ့သလို၊ အခုချိန်ထိလည်း စစ်ရေးလေ့ကျင့်မှုတွေ ဆက်ရှိနေပြီး နှစ်ဘက်တင်းမာနေတာ ဖြစ်ပါတယ်။
==== Unicode ====