ဆီးရီးယားအရေး ကန်၊ ရုရှားသဘောတူ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့နှစ်ဦး လက်ဆွဲနှုတ်ဆက်နေစဉ် (ဂျီနီဗာ စက်တင်ဘာလ ၉)

ဆီးရီးယားရဲ့ မဟာမိတ် ရုရှားနဲ့ အမေရိကန်တို့ ပူးတွဲ ကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ဆီးရီးယား အစိုးရက လက်ခံလိုက်ကြောင်း အစိုးရပိုင် SANA သတင်းအေဂျင်စီမှာ စနေနေ့က ဖော်ပြထားပါတယ်။

လူသားချင်းစာနာ ထောက်ထားသောအားဖြင့် Aleppo မြို့မှာ ပစ်ခတ်မှုတွေကို စတင် ရပ်ဆိုင်းတော့မှာဖြစ်ကြောင်း SANA သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် အမေရိကန်နဲ့ ရုရှားတို့အကြား အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် ရရှိပြီး နာရီပိုင်းအကြာမှာပဲ စနေနေ့က ဆီးရီးယား အစိုးရတပ်ဖွဲ့တွေက တိုင်းပြည်တဝှမ်းက သူပုန်တပ်ဖွဲ့တွေတည်ရှိရာ နေရာတွေကို စစ်လေယာဉ်တွေနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့သလို၊ သူပုန် တပ်ဖွဲ့တွေဘက်ကလည်း အစိုးရ ထိန်းချုပ်ထားတဲ့ ဒေသတချို့ကို အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီး အများအပြားလည်း ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ ခက်ခဲရှုပ်ထွေးပြီး တစိတ်တပိုင်းအားဖြင့် လျှို့ဝှက်ဆန်တဲ့ အမေရိကန်နဲ့ ရုရှားတို့အကြား ရရှိလိုက်တဲ့ သဘောတူညီချက်ကို ထောက်ခံမယ့်အကြောင်း တူရကီအစိုးရနဲ့ ဆီးရီးယားနိုင်ငံက အရေးပါတဲ့ အတိုက်အခံ အုပ်စုတို့က စနေနေ့မှာ ပြောပါတယ်။

သဘောတူညီချက်အရ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ကျယ်ကျယ်ပြန့်ပြန့် ပေးနိုင်ရေးအတွက် တနင်္လာနေ့ နေဝင်တာနဲ့ ဆီးရီးယာညးနိုင်ငံအတွင်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ စတင် အသက်ဝင်မှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဆီးရီးယားအရေး ကန်၊ ရုရှားသဘောတူ