သက်တမ်းနု ဆီးရီယား အပစ်ရပ် သဘောတူညီချက် ပျက်ပြယ်စပြုနေ

ဧပြီလ ၂၉ရက်နေ့က ဆီးရီးယားနိုင်ငံ အလက်ပို မြို့တွင် လေကြောင်း တိုက်ခိုက်မှုအပြီး၊ ကျန်ခဲ့သော အပျက်အစီးများကို ရှင်းလင်းနေသူများကို တွေ့ရစဉ်။ (ဓါတ်ပုံ - Qasion News Agency via AP)

ဆီးရီးယားနိုင်ငံတွင်း အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုဟာ ၂ လ သက်တမ်းသာ ရှိသေးပေမယ့်လည်း လျှင်လျှင်မြန်မြန်ပဲ ပျက်ပြယ်စပြု လာနေပါတယ်။ ဆီးရီးယားအရေးနဲ့ ပတ်သက်လို့ ရုရှားနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်ရေး တိုးမြင့်ဖို့ ကျိုးစားနေတဲ့ အမေရိကန်နိုင်ငံအဖို့ အဆင်မပြေမှုတွေနဲ့ တိုးြ့ပီး ရင်ဆိုင်လာနေရပါတယ်။

ဆီးရီးယားနိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်တဲ့ Latakia နဲ့ Ghourta အရှေ့ဘက် အရပ်မှာ အပစ်အခတ် ရပ်စဲရေး တွန်းအားပေးဖို့ အမေရိကန်နဲ့ ရုရှား အရာရှိတွေ ဆွေးနွေးလုပ်ကိုင်နေကြသလိုပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ကြား ဆွေးနွေးမှုတွေကလည်း အမေရိကန်တို့ကို အကြပ်ရိုက်စေပါတယ်။ အဓိကအားဖြင့် ရုရှားတို့နဲ့ လုပ်ကိုင်ရာမှာ အမေရိကန်တို့ဘက်က ဆက်တိုက် ဆိုသလို အားထုတ်ကျိုးပမ်းနေရတာ အသစ်အဆန်းတော့မဟုတ်ပါဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိက သောကြာနေ့ကပြောပါတယ်။

ဆီးရီးယားမြောက်ပိုင်းက Aleppo မြို့အခြေအနေအတွက် သိပ်ကို စိုးရိမ်တဲ့ အကြောင်းကိုလည်း အဲ့ဒီအရာရှိကထည့်သွင်းပြောသွားပါတယ်။ လူသားချင်းစာနာမှု ဆိုင်ရာဘေးဒုက္ခတွေ နဲ့ပတ်သက်လို့ တွေ့ဆုံ ဆွေးနွေးမှုတွေ တကယ်ပဲ အောင်မြင်မှုရှိသလား ဆိုတာ စောင့်ကြည့်ဖို့လိုပါသေးတယ်။ ဒါပေမယ့်လည်း တွေ့ဆုံဆွေးနွေးတာကလွဲရင် ရုရှားတို့ဘက်က ဘာကိုမှာ စိတ်ဝင်စားပုံ မရဘူးဆိုတဲ့ ထင်မြင်မှုတွေကလည်း ရှိနေပါတယ်။

အစပိုင်းမှာ တိုက်ခိုက်မှုတွေ ရပ်လိုက်ပေမယ့်လည်း ဆီးရီးယားသမ္မတ Bashar al Assad နဲ့ပူးပေါင်းနေတဲ့ ရုရှားတပ်တွေဟာ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက် နေတယ်လို့ အမေရိကန် ထောက်လှမ်းရေးအရာရှိက VOA ကိုပြောပါတယ်။