ဆီးရီးယားနိုင်ငံ Aleppoမြို့မှာ လူသားချင်းစာနာတဲ့အနေနဲ့ ၃ ရက်ကြာ တိုက်ပွဲရပ်နားထားခဲ့ပြီးတဲ့နောက် တနင်္ဂနွေနေ့မှာတော့ တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ၊ မြေပြင်ထိုးစစ်တွေ နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေရှိတယ်လို့ ဗြိတိန်အခြေစိုက် ဆီရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။
အလယ်ပိုမြို့ဟောင်းရဲ့ အစိုးရတပ်တွေထိန်းချုပ်ထားတဲ့ အနောက်ဘက်အခြမ်း နဲ့ မြို့အရှေ့ခြမ်းကို ပိုင်းခြားထားတဲ့ ရှေ့တန်းစစ်မျက်နှာ တလျှောက်က နေရာတွေအတော်များများမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ ဒါ့အပြင် ဆီးရီးယား နဲ့ ရုရှားတပ်တွေဘက်က လေကြောင်းတိုက်ခိုက်မှုတွေကို ပြန်လည်စတင်ခဲ့တယ်လို့လည်း ပြောပါတယ်။
သူပုန်တွေဘက်က ထိုးစစ်တွေဆင်လာနိုင်တာကြောင့်၊ အရပ်သားတွေအနေနဲ့ အစိုးရတပ်တွေထိန်းချုပ်ထားတဲ့နေရာတွေမှာ မနေကြဖို့ သူပုန်တပ်ဖွဲ့ဘက်က ပြောထားပါတယ်။
အလယ်ပိုမြို့မှာ တိုက်နေတဲ့အဖွဲ့တွေဆီကနေ လုံခြုံရေးအာမခံချက်မပေးနိုင်တာကြောင့်၊ ကုလသမဂ္ဂက မြို့အရှေ့ခြမ်းမှာ ဆေးဝါးကုသမှု အထောက်အကူပေးဖို့ စီစဉ်ထားတာကို သောကြာနေ့က ရွှေ့ဆိုင်းလိုက်ရပါတယ်။ အလယ်ပိုမြို့ အရှေ့ခြမ်းမှာ အရပ်သား ၂ သိန်းခွဲလောက် အကူအညီတွေ အသည်းအသန်လိုအပ်နေပြီး၊ အရေးပေါ်ဆေးကုသမှုလိုတဲ့သူ ရာပေါင်းများစွာကို ကူညီကယ်ဆယ်သွားဖို့လိုတယ်လို့ ကုလသမဂ္ဂကပြောပါတယ်။ ထောက်ပံ့ရေးပစ္စည်းတွေတင်ဆောင်ထားတဲ့ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာကြက်ခြေနီ အဖွဲ့တွေရဲ့ ထရပ်ကားတွေကတော့ အကူအညီတွေကို ဘေးကင်းလုံခြုံစွာပေးနိုင်ဖို့ ခွင့်ပြုချက်မရသေးတာကြောင့် တူရကီနယ်စပ်နားမှာ သီတင်းပတ်နဲ့ ချီ စောင့်ဆိုင်းနေကြပါတယ်။
Your browser doesn’t support HTML5