ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖေါ်မှုကနေ လူ့အခွင့်ရေးချိုးဖေါက်မှုတွေနဲ့ သဘာဝဝန်းကျင် ပျက်စီးဆုတ်ယုတ်မှု တွေကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး အခုလိုဖြစ်နေတာဟာ တူးဖေါ်ရေးလုပ်ငန်းသုံး ပစ္စည်းထုတ် ကုမ္ပဏီတွေမှာ တာဝန်ရှိတယ်လို့ ဆွီဒင်အခြေစိုက် Swedwatch လူ့အခွင့်ရေးအဖွဲ့က ဇွန်လ ၂၀ ရက်နေ့မှာ အစီရင်ခံစာ တစောင်ထုတ်ပြန်လိုက်ပါတယ်။
Caterpillar ၊ Komatsu နဲ့ Volvo CE ကုမ္ပဏီထုတ် ပစ္စည်းတွေကို အဲဒီဒေသမှာ အဓိကသုံးနေကြတာမို့ ဒီကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးအခြေနေကို အဆက်မပြတ်စောင့်ကြည့်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
“မြန်မာ့ကျောက်စိမ်းတွင်းရဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေကို လုပ်ငန်းသုံးစက်ထုတ်တဲ့ ကုမ္ပဏီတွေက ဂရုမစိုက်ဘူး” - Machinery Providers Fail to Recognize HR Risks in Mynamar’s Jade Mines ဆိုတဲ့အစီရင်ခံစာကို Swedwatch အဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်တာပါ။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွါးနေတာကို တင်ပြထားတဲ့ Global Witness အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ တင်ပြထားတဲ့ပုံတွေကို ကြည့်ရင် ကြီးမားတဲ့စက်ကြီးတွေနဲ့ တူးဖေါ်နေတာကို တွေ့ရပြီး ဒီစက်တွေက ဒေသတွင်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ လူ့အခွင့်ရေးချိုးဖေါက်မှုတွေကို အားပေးတဲ့ သဘောသက်ရောက် နေတာမို့ ဒီစက်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေ တာဝန်ခံ တာဝန်ယူမှု ရှိလာစေဖို့ သတိပေးတဲ့ အနေနဲ့ အခုလို အစီရင်ခံစာ ထုတ်ပြန်ပြီး တိုက်တွန်းရတာ ဖြစ်ကြောင်း Swedwatch အဖွဲ့ရဲ့ အစီရင်ခံစာ ရေးသားသူ Therese Sjostrom က VOA ကိုပြောပါတယ်။
"ကချင်ပြည်နယ်မှာ ဆိုးရွားတဲ့ပြဿနာအခြေအနေတွေ ရှိနေတာကို ကချင်ကျောက်စိမ်းတွင်းတွေအကြောင်း နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ သူတို့ရဲ့ စက်ကြီးတွေ သုံးတဲ့ ဓါတ်ပုံတွေ တွေ့ခဲ့ရလို့ သိခဲ့ရတာပါ။ ဒါကြောင့် ဒီကုမ္ပဏီကြီးတွေက သူတို့စက်ကြီးတွေကို အခုလို ပြဿနာတွေဖြစ်နေတဲ့နေရာမှာ သုံးဖို့ ရောင်းချခဲ့တဲ့အခါ သိပ်ကို အန္တရာယ်ကြီးစေတဲ့အတွက် သူတို့ဘက်က တာဝန်ယူမှုက ဘယ်လိုလဲဆိုတာ ကျမတို့က နှိုးကြားဖို့ရှိစေဖို့ အခုလို အစီရင်ခံစာထုတ်ရတာဖြစ်ပါတယ်။"
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဒေသခံတွေ ဒုက္ခရောက်နေတာဟာ တိုက်ပွဲတွေကြောင့်ဖြစ်ပြီး ဒီတိုက်ပွဲတွေ ဖြစ်ရတဲ့ အဓိက အကြောင်းရင်းက စစ်တပ်အာဏာပိုင်တွေနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေကြိုးကိုင်ထားတဲ့ ကျောက်စိမ်းတူးဖေါ်ရောင်းဝယ်မှုကြောင့် လို့လည်း ပြောပါတယ်။ ဒီကျောက်စိမ်းတူးဖေါ်မှုကို ကြီးမားတွင်ကျယ်စေတာက ကျောက်တူးဖေါ်ရေး လုပ်ငန်းသုံးစက်ကရိယာကြီးတွေကြောင့်ဖြစ်ပြီး ဒီစက်ကရိယာတွေနဲ့ တူးဖေါ်မှုကြောင့် သစ်တောတွေပြုန်း၊ တောင်တွေကွယ်ပျောက်ရသလို နောက်ဆက်တွဲအဖြစ် ဥရုချောင်းအပါအဝင် ဒေသတွင်း ရေကြီးတာ မြေပြိုတာတွေကို ဒေသခံတွေခံစားရတယ်လို့ ပြောပါတယ်။
ဒါ့အပြင် တာဝန်ခံ တာဝန်ယူမှု မရှိပဲ ထုတ်နေတဲ့ ဒီကျောက်စိမ်းတူးဖေါ်တဲ့ လုပ်ငန်း တွင်ကျယ်လေလေ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ များလေလေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ အဲဒီမှာ သုံးနေတဲ့ လုပ်ငန်းသုံးပစ္စည်းတွေဟာ ကုမ္ပဏီအများအပြားကလာပေမယ့် အဓိကအသုံးပြုနေကြတဲ့ ပစ္စည်းထုတ် ကုမ္ပဏီကတော့ ၃ ခုရှိတယ်လို့လည်း မစ္စ Therese ကပြောပါတယ်။
"Caterpillar က အမေရိကန်က ဖြစ်ပြီး၊ ဒုတိယဖြစ်တဲ့ Komatsu က ဂျပန်က ဖြစ်ပါတယ်။ တတိယဖြစ်တဲ့ Volvo CE က ဆွီဒင်က ဖြစ်ပါတယ်။ ဒါ့အပြင် ဆွီဒင်ရဲ့ Volvo လက်အောက် ဌာနခွဲဖြစ်တဲ့ Terrif Truck ကိုလည်း ကျမတို့စုံစမ်းနေပါတယ်။ သူတို့နဲ့စကားပြောကြည့် တာမှာ သူတို့ ဘက်က ကုလသမဂ္ဂက ချမှတ်ထားတဲ့ လမ်းညွှန်အချက်တွေနဲ့ ကိုက်ညီအောင် လုပ် ဆောင်နေတယ် ဆိုတာကို ကျမတို့ကို ယုံကြည်အောင် ပြောမပြနိုင်ခဲ့တာကို တွေ့ရပါတယ်။"
စီးပွါးရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ လူ့အခွင့်ရေးဆိုင်ရာကို အလေးထားဖို့ ၂၀၁၁ ခုနှစ်မှာ ကုလသမဂ္ဂက UNGP ခေါ် UN Guiding Principles မူဝါဒ လမ်းညွှန်ချက်တွေ ချမှတ်ထားခဲ့တာဖြစ်ပြီး ဒါကို စီးပွါးရေးလုပ်ကိုင်တဲ့ ကုမ္ပဏီတိုင်း လိုက်နာရမှာ ဖြစ်ပေမယ့် ဒီကုမ္ပဏီကြီးတွေက မလိုက်နာတဲ့အတွက် အခုလို သတိပေးရတာဖြစ်ကြောင်းလည်း ပြောပါတယ်။
Swedwatch အဖွဲ့အနေနဲ့ ဒီဒေသမှာ လုပ်ကိုင်နေတဲ့ကုမ္ပဏီတွေကို ဘယ်လို လုပ်ဖို့ အကြံပေးချင်ပါသလဲလို့ မေးတဲ့အခါ မစ္စ Therese က-
"အခြေခံလူ့အခွင့်အရေး စံထားချက်တွေ အရ ပထမ လူ့အခွင့်အရေး ချိုးဖေါက်မှု မရှိဘူး ဆိုတာကို အမြဲမပြတ် စောင့်ကြည့်ဖို့ လိုပါတယ်။ ကချင်ပြည်နယ်မှာ ဒီကုမ္ဗဏီထုတ် စက်ကြီးတွေကြောင့် ဘယ်လို အန္တရာယ်တွေဖြစ်စေတယ် ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီဒေသမှာ အန္တရာယ် သိပ်ကြီးလှတဲ့ အတွက် ဒါကို ကြိုတင် လေ့လာဖို့ လိုပါတယ်။ တွေ့ရှိချက်တွေ အရလည်း ချက်ချင်း အရေးယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ သူတို့ နဲ့တွဲဘက် လုပ်ကိုင်နေသူတွေ အနေနဲ့ လည်း လူ့အခွင့်ရေး ချိုးဖေါက်မှုမလုပ်ဖူး ဆိုတာကို ကုမ္ဗဏီကြီးတွေက သေသေချာချာ စိစစ်ဖို့ လိုပါတယ်။"
တတိယ အကြံပေးချင်တာ ကတော့ ကုမ္ဗဏီ ကြီးတွေ အနေနဲ့ စက်ပစ္စည်းတွေ မှောင်ခို ရောင်းဝယ်ခြင်း ခံနေရတာကို ကိုင်တွယ် ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ဒါဟာ ဒီလူ့အခွင့်အရေး ပြဿနာကို ဖြေရှင်းရာမှာ အတော်လေး ထိထိရောက်ရောက် ရှိစေမယ့် နည်းတွေ ဖြစ်ပါတယ်။
မြန်မာ့ကျောက်စိမ်းလုပ်ငန်းဟာ အမေရိကန် ဒေါ်လာ ဘီလျံပေါင်းများစွာတန်ကြေးရှိတဲ့ လုပ်ငန်းဖြစ်ပြီး ၂၀၁၄ တနှစ်ထဲမှာတင် ရတဲ့ အမြတ်ငွေက ဒေါ်လာ ၃၁ ဘီလံလောက် ရှိနေတာပါ။ ဒါပေမယ့် ဒေသခံတွေရော တိုင်းပြည်ပါ အကျိုးသိပ်မခံစားရပဲ ရာခိုင်နှုန်း ၅၀ ကနေ ၈၀ ကြားက ပြည်ပကို ခိုးထုတ်နေတာ ဖြစ်ပါတယ်။ ဘက်ဟိုးကြီးတွေ မြေတူးမြေသယ်စက်တွေမရှိရင် လုပ်ငန်းဟာ ဒီလောက် တွင်ကျယ်နိုင်မှာ မဟုတ်ဖူးလို့လည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေကနေ ထွက်လာတဲ့ စွန့်ပစ်မြေစာပုံတွေ ပြိုကျမှုကြောင့် ဖားကန့်ဒေသမှာ မကြာခဏ လူသေဆုံးမှုတွေ ဖြစ်နေရတာပါ။ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတွေလည်း သိပ်ကြီးမားနေတာမို့ လွှတ်တော်က စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုနေသလို အစိုးရ အဆက်ဆက် စည်းကမ်းမဲ့ ကျောက်စိမ်းတူးဖော်မှုတွေကို အစိုးရသစ် အနေနဲ့ စံနစ်တကျ စည်းကမ်းမချပေး နိုင်ခင်မှာ ခေတ္တဆိုင်းငံ့ထားဖို့လည်း Global Witness အပါအဝင် သဘာဝဝန်းကျင် အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက တောင်းဆိုနေတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5