ဒေါ်စုနှင့် ဦးသန်းရွှေ တွေ့ဆုံမှု ကန်ပညာရှင်အမြင်

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ တွေ့ဆုံမှုဟာ တိုင်းပြည်အတွက် ကောင်းတဲ့ အလားလာဖြစ်တယ်လို့ မြန်မာ့အရေး လေ့လာသုံးသပ်သူ အမေရိကန် ပါမောက္ခ David Steinberg က ဆိုပါတယ်။ ဒါပေမယ့် တိုင်းရင်းသားပြည်နယ်တွေအတွက် နိုင်ငံရေးအာဏာနဲ့ စီးပွားရေးအကျိုးအမြတ်ခွဲဝေရေး ကိစ္စဟာ တိုင်းပြည်ရှေ့ခရီးမှာ ကြီးမားတဲ့ စိန်ခေါ်မှုတရပ်ရှိနေသေးတယ်လို့လည်း သုံးသပ်ပါတယ်။ George Town တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ Steinberg ကို ဦးကျော်ဇံသာက မနေ့က တွေ့ဆုံမှုအပေါ် သူ့ရဲ့ အမြင် မေးတဲ့အခါ သူကအခုလိုစပြောပါတယ်။

ဖြေ။ ။ ဒါဟာ သိပ်ကောင်းတဲ့ အလားအလာတရပ်ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အရေးကိစ္စ တော်တော် များများမှာ သြဇာလွှမ်းမိုးနေဆဲလို့ ကြားရပါတယ်။ အခုသူဟာ အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ သတင်းတွေအရ အဆင်ပြေကြတယ်လို့ ဆိုပါတယ်။ ဒါဟာ နှစ်ဘက် ပူးပေါင်း ဆောင်ရွက်ရေး အတွက် သိပ်ကောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်။

မေး။ ။ ဒီတွေ့ဆုံမှုမှာ ဦးသန်းရွှေအနေနဲ့ သူ့လက်အောက်ကလူတွေကို - ကဲမင်းတို့ဆက်လုပ်ကြပေတာ့ ဆိုပြီး သဘောတူလမ်းဖွင့်ပေးလိုက်ပြီလို့ယူဆပါသလား။

ဖြေ။ ။ အဲဒီအတိုင်းပဲ ကျနော်လဲ အဓိပ္ပါယ်ဖွင့်ဆိုမှာပါ။ အောင်ဆန်းစုကြည်နဲ့ NLD ဟာ အရေးကြီးတဲ့ ကဏ္ဍက ပါရမယ်ဆိုတာကို သူသဘောတူလိုက်တဲ့ သဘောဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချက်ခြင်း ပြုပြင်နိုင်ပြီ ဆိုတဲ့ သဘောတော့ မဖြစ်နိုင်ပါဘူး။ အောက်ခြေကစ အထက်ပိုင်းထိ နှစ်ဘက် ပူးပေါင်း ဆောင်ရွက် နိုင်ကြပြီဆိုတဲ့ သဘောပါ။ သိပ်ကောင်းပါတယ်။

မေး။ ။ ဖွဲ့စည်းပုံ ပြုပြင် ပြောင်းလဲရေး အပြင် တခြား အဓိကကျတဲ့ အတားအဆီးတွေ အခက်အခဲတွေကော ဘာတွေလဲခင်ဗျား။

ဖြေ။ ။ NLD ရဲ့ မူထဲမှာ ပါဝင်တဲ့ အချက်တခုလဲဖြစ် သမ္မတ ဦးသိန်းစိန ်ကလည်း ပြောထားတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရေး ကိစ္စပါ။ ဘယ်လိုပုံစံလဲဆိုတာ ဘယ်သူမှ အတိအကျ မဖွင့်ဆိုသေးပါဘူး။ ဒါဟာ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး သိပ်အရေးကြီး ပါတယ်။ ဖွဲ့စည်းပုံကို ပြင်ဖို့ မဖြစ်နိုင်တောင်မှ ဒေသန္တရနဲ့ ပြည်နယ်အစိုးရတွေကို နိုင်ငံရေး အာဏာတချို့နဲ့ စီးပွားရေးအကျိုး စီးပွားခွဲဝေပေးဖို့ ကိစ္စကိုတော့ တနည်းနည်းနဲ့ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

မေး။ ။ ဒီလိုတွေ့ဆုံ သဘောတူညီမှုမျိုး ၁၉၉၀ ပြည့်တုန်းက ဘာကြောင့် မဖြစ်နိုင်ခဲ့တာလဲ ခင်ဗျား။ အဲဒီတုန်းကလည်း NLD ဒီလိုပဲ အနိုင်ရခဲ့တာပဲ မဟုတ်လား။

ဖြေ။ ။ အဲဒီတုန်းက ၁၉၉၀ ပြည့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အငြင်းပွားနေခဲ့ကြပါတယ်။ NLD၊ မြန်မာပြည်သူတွေနဲ့ အမေရိကန် ပြည်စုအပါအဝင် အားလုံးက အဲဒီရွေးကောက်ပွဲဟာ အာဏာလွှဲပေးဖို့ ကျင်းပတာလား၊ ဖွဲ့စည်းပုံတရပ် ရေးဆွဲဖို့ ကျင်းပတာလား ဆိုတာ အငြင်းပွား နေခဲ့ပါတယ်။

ကျနော် ထင်တာကတော့ ၁၉၈၈ ဖြစ်ရပ်အပြီး အစိုးရဟာ ကတုံကယင်ဖြစ်နေဆဲပါ။ သိပ်ထိန်းချုပ် နိုင်ခြင်း မရှိသေးပါဘူး။ အခုတော့ တိုင်းပြည် ဖွံ့ဖြိုးတာ စတွေ့လာရပြီ၊ ပြုပြင်ရေးတွေ အသက်ဝင်လာပြီ၊ ဆိုတော့ အမျိုးသား စည်းလုံး ညီညွတ်ရေးကို ပိုပြောလာ ဆိုလာနိုင်ပြီ၊ စစ်တပ်ကိုလဲ သူတို့ကိုယ်တိုင်ပဲ လွတ်လွတ် လပ်လပ် ထိန်းချုပ်ခွင့် ရှိနေဆဲဖြစ်တယ်။ ဒါ့ကြောင့် သူတို့အဖို့ ပိုလုံခြုံမှုရှိတယ်လို့ ခံစားလာရတဲ့ အတွက် ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဖို့ လက်ခံ လာတယ်လို့ ထင်ပါတယ်။

မေး။ ။ သူတို့ ကျူးလွန်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ၊ ဖြစ်ရပ်တွေ အတွက်ကော ခင်ဗျား၊ အောင်ဆန်းစုကြည်က ခွင့်လွှတ်တောင်မှ နှစ်နာခဲ့ရတဲ့ လူထုတွေက ဒီကိစ္စကို ပြန်ဖော်ရင် သူတို့အတွက် လုံခြုံမှုရှိပါ့မလား။

ဖြေ။ ။လုံခြုံပါတယ်။ ဖွဲ့စည်းပုံထဲမှာ ဒါတွေကို သတိကြီးစွာ ထည့်သွင်း ကာကွယ် ထားပါတယ်။ တာဝန်အရ ထမ်းဆောင် လုပ်ဆောင် ခဲ့တာတွေအတွက် အရေးမယူဖို့ ထည့်သွင်းထားပါတယ်။ ဒီဖွဲ့စည်းပုံ တည်မြဲသမျှ သူတို့ လုံခြုံပါတယ်။ စစ်တပ်ကလဲ ဒါဆက်လက် တည်မြဲအောင် လုပ်သွားမှာပါပဲ။

မေး။ ။ ဒီတွေ့ဆုံမှုနဲ့အတူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခန်းကဏ္ဍဟာ ဆုံးခန်းတိုင်သွားပြီလို့ ယူဆနိုင်ပါမလား။ အောင်ဆန်းစုကြည်နဲ့ ကော ဆက်လက်တွေ့ဆုံသွားဖို့ ရှိလိမ့်အုံးမယ် ထင်ပါသလား။

ဖြေ။ ။ ဦးသန်းရွှေ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေး ကောင်းနေသမျှတော့ သူဟာ အရေးပါနေအုံးမယ်လို့ ထင်ပါတယ်။ ရှေ့ဆက်သွားတဲ့ ကိစ္စတွေအပေါ် လွှမ်းခြုံပြီး သူက သဘောတူထားသမျှ အောင်ဆန်းစုကြည်နဲ့ သူထပ်တွေ့မတွေ့ ဆိုတာ သိပ်အရေးမကြီးတော့ဘူး ထင်ပါတယ်။ ကျနော်မသေချာတာ တခုက သူ့အနေနဲ့ ကျန်စစ်ဘက် အကြီးအကဲတွေ အပေါ် ဘယ်လောက် သြဇာလွှမ်းမိုးနေသေးသလဲ ဆိုတာပဲဖြစ်ပါတယ်။