စူပါ ငှက်ဖျားရောဂါ အာရှတိုက်အတွင်း ပျံ့နှံ့

စူပါ ငှက်ဖျားရောဂါပျံ့နှံ့သည့်လမ်းကြောင်း

သမာရိုးကျ ငှက်ဖျားရောဂါ ဆေးဝါးတွေကို ခံနိုင်ရည်ရှိတဲ့ စူပါ ငှက်ဖျားရောဂါလို့ တင်စား ခေါ်ဆိုတဲ့ ကြောက်မက်ဖွယ် ငှက်ဖျားရောဂါတမျိုး အာရှတိုက်အတွင်း ပြန့်နှံ့နေတာမှာ မကြာသေးခင်က ဗီယက်နမ်နိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိသွားပြီဖြစ်ကြောင်း သုတေသီတွေက သောကြာနေ့မှာ ပြောပါတယ်။

အဲဒီ ငှက်ဖျားရောဂါ အမျိုးအစားကို ၂၀၀၇ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံမှာ ပထမဆုံးအကြိမ် တွေ့ရှိခဲ့တာဖြစ်ပြီး အိန္ဒိယနဲ့ အာဖရိကတိုက်တို့ကို မပြန့်ပွားအောင် အမြန်ဆုံး လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒီရောဂါပိုးဟာ တောမီးလို အလျင်အမြန် ကူးစက်နေကြောင်း ဘန်ကောက်မြို့၊ Mahidol တက္ကသိုလ် အပူပိုင်းဒေသ ဆေးဝါးသုတေသနဌာန ငှက်ဖျားရောဂါဆိုင်ရာ အကြီးအကဲ ပါမောက္ခ Arjen Dondorp က ပြောပါတယ်။ ဒီရောဂါပိုးဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကမ္ဘောဒီးယား နိုင်ငံမှာ စတင်ခဲ့တာဖြစ်ပြီး ဆေးဝါးတွေကို ခံနိုင်ရည်ရှိသလို ကူးစက်မှုလည်း လျင်မြန်ကြောင်း The Lancet ကူးစက်ရောဂါ ကျန်းမာရေး ဂျာနယ်မှာ ဆောင်းပါး ပူးတွဲ ရေးသား ဖော်ပြခဲ့တဲ့ ပါမောက္ခ Dondorp က ပြောပါတယ်။

ဒီရောဂါပိုးအတွက် ကမ္ဘောဒီးယား နိုင်ငံအနေနဲ့ ကုထုံးသစ်ကို ပြောင်းလဲ ကုလသနေပြီး ဗီယက်နမ်နိုင်ငံအနေနဲ့လည်း အလျင်အမြန် ပြောင်းလဲ ကုသဖို့ လိုအပ်ကြောင်း ပါမောက္ခ Dondorp က ပြောပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အဆိုအရ ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာတဝှမ်း ငှက်ဖျားရောဂါ ဖြစ်ပွားသူ ၂၁၂ သန်းရှိပြီး အဲဒီအထဲက လေးသိန်းခွဲနီးပါး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အရှေ့တောင် အာရှတိုက်အတွင်း အခု အသစ်တွေ့ရှိတဲ့ ငှက်ဖျားရောဂါပိုး ကူးစက်သူ အရေအတွက် နည်းနေသေးပေမယ့်လည်း ဒီ ရောဂါပိုး အသစ်အပေါ် ပညာရှင်တွေအကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

၁၉၅၀ နဲ့ ၆၀ ခုနှစ်တွေအတွင်း အရှေ့တောင်အာရှ၊ အိန္ဒိယနဲ့ အာဖရိကတိုက်တို့မှာ ငှက်ဖျားရောဂါ ကူးစက်ပြန့်ပွားမှုကြီး ၂ ကြိမ် ဖြစ်ပေါ်ခဲ့တာမှာ လူပေါင်း သန်းပေါင်းများစွာ သေဆုံးခဲ့ပါတယ်။

Your browser doesn’t support HTML5

စူပါ ငှက်ဖျားရောဂါ အာရှတိုက်အတွင်း ပျံ့နှံ့