ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ ဘလူချီစတန်ပြည်နယ်ထဲက လူစည်ကားတဲ့ မီးရထားဘူတာရုံတခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ၅၀ ကျော်လည်း ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ ဒဏ်ရာရသူတွေထဲက ၁၀ ယောက်လောက်ကတော့ စိုးရိမ်ရတဲ့အခြေအနေ ဖြစ်တယ်လို့ ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ Shahid Rind ကပြောပါတယ်။
ပြည်နယ်မြို့တော် Quetta မှာ ရထားအလာ စောင့်နေကြသူ ၁၀၀ လောက်ရှိတဲ့ လူအုပ်ထဲမှာ ပြင်းထန်တဲ့ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ပြည်နယ်ရဲ့တပ်ဖွဲ့ အရာရှိကြီးတဦးဖြစ်တဲ့ Mohammad Baloch က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ရဲတပ်ဖွဲ့နဲ့ ဆေးရုံတာဝန်ရှိသူတွေ အပြောအရ သေဆုံးဒဏ်ရာရသူတွေရဲ့တဝက်လောက်ဟာ ပါကစ္စတန်စစ်တပ်က တပ်ဖွဲ့ဝင်တွေ ဖြစ်ကြပြီး၊ သူတို့ကို အဓိက ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်ပုံရပါတယ်။
ဒီဗုံးခွဲတိုက်ခိုက်မှုဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ အစွန်းရောက် Baloch လွတ်မြောက်ရေးတပ်မတော် BLA က ထုတ်ဖေါ်ဝန်ခံပြီး၊ ပါကစ္စတန် တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒီအကြမ်းဖက် တိုက်ခိုက်မှုကြောင့် အပစ်မဲ့သူတွေ သေဆုံးရတဲ့အပေါ် ပါကစ္စတန်ဝန်ကြီးချုပ် (Shehbaz Sharif) ရှီဘ ရှရစ်က ပစ်တင် ရှုတ်ချခဲ့ပါတယ်။
သဘာဝအရင်းအမြစ်တွေပေါတဲ့ ဘလူချီစတန်ပြည်နယ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နှစ်စဉ် လူရာနဲ့ချီ သေဆုံးရပါတယ်။ ဘလူချီ လွတ်မြောက်ရေးတပ်မတော် BLA ကို အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက၊ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။ ဒီအဖွဲ့ကတော့ ဘလူချီပြည်နယ်ကို ပါကစ္စတန်လက်အောက်က လွတ်မြောက်ဖို့ တိုက်ပွဲဝင်နေတာလို့ ပြောဆိုထားပါတယ်။