ဆူဒန်ဆန္ဒခံယူပွဲ ချောချောမွေ့မွေ့ ပြီးဆုံး

ဆူဒန်ဆန္ဒခံယူပွဲ ချောချောမွေ့မွေ့ ပြီးဆုံး

ဆူဒန်နိုင်ငံမှာ အခုဆိုရင် မဲရုံတွေ ပိတ်ကုန်ပြီဖြစ်ပါတယ်။ ဆူဒန်နိုင်ငံတောင်ပိုင်းကို လွတ်လပ်တဲ့ နိုင်ငံတခု အဖြစ် သတ်မှတ်ရေး ဆုံးဖြတ်ကြတဲ့ ဆန္ဒခံယူပွဲဟာ အောင်မြင်မှုရှိခဲ့တယ်ဆိုတာ လက်ခံမှုတွေလည်း တိုးလာနေပါတယ်။ ဒါပေမဲ့လည်း ဆန္ဒမဲရလဒ်ကို အတည်မပြုခင် အောင်မြင်ကျော်လွှားနိုင်ဖို့ကတော့ အခက်အခဲတချို့ ရှိနေဆဲပဲလို့ ဂျူဘားမြို့ကနေ ဗွီအိုအေ သတင်းထောက် Matt Richmond က ပေးပို့ထားတဲ့သတင်းဆောင်းပါးကို မနန္ဒာချမ်းက တင်ပြထားပါတယ်။

ပထမ ၁ ရက် ၂ ရက်မှာ မဲပေးဖို့ လူတွေ တန်းစီစောင့်ဆိုင်းနေခဲ့ကြရပေမဲ့ မဲပေးရမယ့် နောက်ဆုံးနေ့ဖြစ်တဲ့ စနေနေ့မှာတော့ စောင့်ဆိုင်းစရာ မလိုတော့လောက်အောင် ဖြစ်ပါတယ်။ စနေနေ့မှာ မဲလာထည့်ကြသူတွေ ဟာဆိုရင် သူတို့ထက် အရေအတွက် ပိုများတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပျင်းရိညည်းငွေ့နေတဲ့ မဲရုံလုပ်သားတွေထက် လျော့နည်းခဲ့တာပါ။

ဂျူဘားမြို့လည်က မဲရုံဥက္ကဌ လော်ရို အေးမို့စ် (Loro Amos) ကဆိုရင် သူ့မဲရုံမှာ မဲပေးဖို့ စာရင်းပေးသွင်း ခဲ့ကြသူတွေထဲက ၉၅ ရာခိုင်နှုန်းလောက်ကို လာပြီး မဲထည့်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“တတိယမြောက်နေ့မှာ မဲထည့်ဖို့ စောင့်ဆိုင်းနေတဲ့ လူတန်းဟာ သိပ်တော့ မရှည်တော့ပါဘူး။ စနေနေ့ နှောင်းပိုင်းမှာ မဲတွေကို ပြန်ပြီး ရေတွက်သွာနိုင်းမှာ ဖြစ်ပြီးတော့ နောက်တရက်မှာ မဲရလဒ်တွေ ထွက်လာအောင် ကျနော်တို့ တွန်းအားပေးသွားမှာ ဖြစ်ပါတယ်။”

အခု ပြုလုပ်ခဲ့တဲ့ ဆူဒန်တောင်ပိုင်း လွတ်လပ်ရေးအပေါ် ရွေးကောက်ပွဲဟာဆိုရင် ၂၁ နှစ်ကြာဖြစ်ပွားခဲ့တဲ့ တောင်နဲ့မြောက်အကြား စစ်ပွဲတွေ အဆုံးသတ်စေခဲ့တဲ့ ၂၀၀၅ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်မှာ အဓိကကျတဲ့ အကြောင်းရင်း တရပ်လည်း ဖြစ်ပါတယ်။ ဆန္ဒမဲပေးမှုတွေဟာ ဖြစ်မှဖြစ်ပါ့မလား အများကလည်း သံသယရှိခဲ့ကြတာပါ။ ပြင်ဆင်မှုတွေဟာ ၃ နှစ်အတွင်း အပြီးသတ်ဆောင်ရွက်ဖို့ ဖြစ်ပေမဲ့လည်း ၄ လအတွင်း အပြီး စီစဉ်ခဲ့တာပါ။ ရွေးကောက်ပွဲကော်မရှင်အကြီးအကဲ မိုဟာမက် အီဗရာဟင် ခါလီအယ်လ် (Mohamed Ibrahim Khalil) က

“ကျနော်တို့ စလုပ်တုန်းကဆိုရင် ဒီလုပ်ငန်းမှာ ရှုပ်ထွေးမှုတွေ၊ အခက်အခဲတွေနဲ့ စိတ်ဓာတ်ကျခဲ့ကြတာပါ။”

ဒါပေမဲ့လည်း ဆန္ဒခံယူပွဲဟာတော့ အကြီးအကျယ် ချီးမွမ်းခံခဲ့ရပါတယ်။ အာဏာရ မြောက်ပိုင်းပါတီ အဖွဲ့ဝင်တွေကလည်း ထွက်ပေါ် လာမယ့် မဲရလဒ်ကို လက်ခံပေးဖို့ အဆင်သင့်ပဲ ရှိနေကြပါတယ်။ ပြဿနာ အသေးအဖွဲ တချို့ ရှိခဲ့ပေမဲ့လည်း Carter Center၊ အာဖရိကသမဂ္ဂ နဲ့ ဥရောပသမဂ္ဂ တို့ကလည်း ဆန္ဒခံယူပွဲ ကျင်းပခဲ့တာကို အားလုံးက ချီးမွမ်းခဲ့ကြတာပါ။

ခါလီအယ်လ် (Khalil) ရဲ့ ပြောပြချက်အရ သောကြာနေ့က မဲရုံပိတ်တော့ ဆူဒန်တောင်ပိုင်းမှာ စာရင်း ပေးသွင်းခဲ့သူတွေထဲက ၈၃ ရာခိုင်နှုန်းဟာ မဲပေးခဲ့တာပါတဲ့။ မြောက်ပိုင်းမှာ မဲပေးခဲ့ကြတဲ့ အရေအတွက်ဟာ စာရင်းပေးခဲ့ကြတဲ့သူတွေရဲ့ ၅၃ ရာခိုင်နှုန်းလောက်ပဲရှိတာ တွေ့ရတဲ့အတွက် အတော်လေးကို နည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ မြောက်ပိုင်းမှာက လူ ၁ သိန်း ၁ သောင်း ၆ ထောင်ကပဲ စာရင်းပေးခဲ့ကြတာပါ။ ဒါပေမဲ့ ဒီလို အရေအတွက် နည်းပါးမှုက ၆၀ ရာခိုင်နှုန်း ရဖို့လိုအပ်တဲ့ မဲရလဒ်ကိုတော့ ထိခိုက်လိမ့်မှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

ပြီးဆုံးသွားတဲ့ ဆန္ဒမဲပေးပွဲဟာဆိုရင် ဆူဒန်မှာ သူ့မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့တဲ့အထဲမှာ အကောင်းဆုံး ဖြစ်ခဲ့တယ်လို့လည်း မစ္စတာ Khalil (ခါလီအယ်လ်) က ပြောခဲ့ပါတယ်။

“ဒီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ တော်တော်များများကို ကျနော် စောင့်ကြည့်ခဲ့ဖူးပါတယ်။ ဒီတကြိမ် ကတော့ အငြိမ်းချမ်းဆုံး၊ အစီအစဉ်အကျဆုံးနဲ့ တိတ်တိတ်ဆိတ်ဆိတ် အရှိဆုံးပါပဲ။”

ဒါပေမဲ့ အခုပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားဝင်ပြီး ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့ပုံ ရပေမဲ့လည်း ပထမဆုံးနေ့ ဆန္ဒမဲပေးတုန်းက အောင်ပွဲခံခဲ့ကြတဲ့ အရိပ်အငွေ့မျိုးတော့ ပြန်မရသေးပါဘူး။ ကုလသမဂ္ဂ ကတော့ ဆူဒန်တောင်ပိုင်းမှာရှိနေတဲ့ လူထုအနေနဲ့ လွှတ်တော်ရလဒ်ကို ကြေညာပေးမယ့် ဖေဖော်ဝါရီလ ၂ ရက်နေ့အထိနဲ့ အဲ့ဒီနောက်မှာလည်း နောက်ဆုံးရလဒ်အတွက် နောက်ထပ် ၁ ပတ်ကနေ ၂ ပတ်အထိ စောင့်ရလိမ့်မယ်လို့ ပြောပါတယ်။

တောင်ပိုင်းပြန်ကြားရေးဝန်ကြီး ဘာနာဘာ မာရီရယ် ဘန်ဂျမင် (Bernaba Marial Benjamin) ရဲ့ ပြောဆိုချက်အရဆိုရင် ခွဲထွက်ရေးမဲတွေသာ ဖြစ်မယ်ဆိုရင် မြောက်ပိုင်းအစိုးရနဲ့ တောင်ပိုင်းအစိုးရတို့ဟာ မဲရလဒ်ကို ကြေညာပြီးသွားတဲ့အခါ စေ့စပ်ဆွေးနွေးရေး စားပွဲဆီကို ပြန်သွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဆူဒန်နိုင်ငံ တောင်ပိုင်းနဲ့မြောက်ပိုင်း ကြားမှာလည်း ဖြေရှင်းသွားရဦးမယ့် ပြဿနာတချို့လည်း ကျန်နေဆဲပါ။ တိုင်းပြည်မှာ ကြွယ်ဝလှတဲ့ ရေနံလို သဘာဝအရင်းအမြစ်တွေ၊ တင်ရှိနေတဲ့ အကြွေး ၃၈ ဘီလီယံတို့ကို တာဝန်ယူဖို့အတွက် ဘယ်လိုခွဲဝေသွားကြမလဲ ဆိုတာမျိုးကနေ အခက်အခဲဆုံး ကိစ္စတခုအနေနဲ့လည်း သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ Abyei ဒေသရဲ့ အနာဂတ်အရေးတို့ကို ဖြေရှင်းကြရဦးမှာ ဖြစ်ပါတယ်။