ဆူဒန်မှာ အာဏာခွဲဝေအုပ်ချုပ်ရေး သဘောတူညီမှု ရရှိ

အာဖရိက သမဂ္ဂသံတမန် Mohammed el-Hassan Labat (ဝဲ) နဲ့ စစ်ကောင်စီ ဒုတိယ အကြီးအကဲ ဗိုလ်ချုပ်ကြီး Mohamed Hamdan Dagalo (ဂျူလိုင်၊ ၀၅၊ ၂၀၁၉)

ဆူဒန်နိုင်ငံ ဒီမိုကရေစီအကူးပြောင်းကာလမှာ အရပ်သား အစိုးရအုပ်ချုပ်ဖို့ အာဏာသိမ်းစစ်ကောင်စီနဲ့ ဒီမိုကရေစီလိုလားတဲ့ ညွန့်ပေါင်းအဖွဲ့ကြားမှာ သဘောတူညီမှု ရရှိခဲ့ကြပါတယ်။

နိုင်ငံအုပ်ချုပ်ဖို့ ဝန်ကြီးချုပ်ဦးဆောင်တဲ့ သီးခြားလွတ်လပ်တဲ့ အစိုးရဖွဲ့ဖို့လည်း နှစ် ဘက်ကြား သဘောတူခဲ့ကြပါတယ်။

အုပ်ချုပ်ရေးကောင်စီတခုဖွဲ့ပြီး အနည်းဆုံး ၃ နှစ်ကာလအတွင်း စစ်တပ်နဲ့ အရပ်သား တလှည့်စီ အုပ်ချုပ်ဖို့ သဘောတူခဲ့ကြတယ်လို့ အာဖရိက သမဂ္ဂသံတမန် Mohammed el-Hassan Labat က သတင်းထောက်တွေကို ပြောပါတယ်။

အုပ်ချုပ်ရေးကောင်စီမှာ စစ်တပ်က ငါး ယောက်၊ အရပ်ဘက်က ငါး ယောက်အပြင် စစ်တပ်နောက်ခံရှိတဲ့ အရပ်သား တ ယောက်နဲ့ ဖွဲ့စည်းဖို့ သဘောတူခဲ့ကြတယ်လို့ သံတမန် Labat ကပြောပါတယ်။

Khartoum မြို့တော်မှာ ၂ ရက်ကြာ အကြေအလည် ဆွေးနွေးခဲ့ပြီးနောက်မှာ ခုလိုသဘောတူညီချက်တွေ ရရှိလိုက်တာကြောင့် ဧပြီလ ထဲကဖြစ်နေတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကို အဆုံးသတ်နိုင်တော့မှာ ဖြစ်ပါတယ်။

သမ္မတဟောင်း Omar al-Bashir ကို ဧပြီလတုန်းက စစ်တပ်က ဖြုတ်ချ အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

စစ်ရုံးချုပ်အပြင်မှာ ထိုင်သပိတ်မှောက်နေကြသူတွေကို ဇွန်လ ၃ ရက်နေ့က လုံခြုံရေးတွေ ဖြိုခွဲခဲ့ပြီးနောက် အာဏာမျှဝေ အုပ်ချုပ်ရေးအတွက် အစောပိုင်း ဆွေးနွေးမှုတွေ ပျက်ပြားခဲ့တာပါ။

Ethiopian ဝန်ကြီးချုပ်နဲ့ အာဖရိက သမဂ္ဂအဖွဲ့ဝင်တွေ အကြီးအကျယ် ကြားဝင်စေ့စပ်ပေးမှုနဲ့ Khartoum မြို့တော်မှာ ဆွေးနွေးပွဲတွေ ပြန်စပြီး ခုလိုသဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဆူဒန်မှာ အာဏာခွဲဝေအုပ်ချုပ်ရေး သဘောတူညီမှု ရရှိ