(Zawgyi/ Unicode)
ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်း အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေဟာ ငါးဖမ်းသဘောၤတွေမှာ အလုပ်လုပ်ရေး အတွက် သူတို့ မဖတ်တတ်တဲ့ စာချုပ်တွေမှာ လက်မှတ်ထိုးခိုင်းခံနေရကြောင်း စစ်တမ်းသစ် တရပ်က တွေ့ရှိထားပြီး ဒါဟာဆိုရင် ငါးဖမ်းလုပ်ငန်းကဏ္ဍ အတွင်း မတရား ဖိနှိပ်မှုတွေ ပပျောက်ရေး ဆောင်ရွက်မှုကို ယုတ်လျော့စေတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် မတ်လနဲ့ ဇွန်လ အတွင်း ထိုင်းဆိပ်ကမ်းတွေမှာ ငါးဖမ်း လုပ်သား ၅၂၀ ကို ကောက်ယူတဲ့ FRN ရဲ့ စစ်တပ်မှာတော့ ငါးဖမ်းသမားတွေ လက်မှတ်ထိုးရတဲ့ စာချုပ်ကို မိခင် ဘာသာစကား သူတို့ ဖတ်တတ်တဲ့ ဘာသာစကားနဲ့ ဘာသာပြန်တာ အနည်းအကျဉ်းသာ ရှိကြောင်း ဖော်ပြထားပါတယ်။ စာချုပ်ကို မိခင် ဘာသာစကားနဲ့ ဘာသာပြန်ပေးတာမျိုး ဒါမှမဟုတ်လည်း ရှင်းပြတာမျိုး မရကြတဲ့ ငါးဖမ်းသမား ၈၇ ရာခိုင်နှုန်း ရှိတာကို မယုံကြည်နိုင်စရာ တွေ့ရှိရတယ်လို့ ITF-FRN ထိုင်း လုပ်ငန်းစဉ်ကို ဦးဆောင်ခဲ့သူ Jon Hartough က ပြောပါတယ်။
ဒေါ်လာ သန်း ထောင်ချီ ဝင်ငွေ ရနေတဲ့ ထိုင်းနိုင်ငံရဲ့ ငါးဖမ်း လုပ်ငန်းကဏ္ဍမှာ လူကုန်ကူးမှု၊ လစာ မပေးဘဲ ခိုင်းစေမှု၊ ရိုက်နှက်မှုတွေ၊ နောက်ဆုံး သတ်ဖြတ်မှုတွေ အထိ ဖြစ်နေတဲ့ မတရားဖိနှိပ်မှုတွေ ပပျောက်ရေး အတွက် ထိုင်း အာဏာပိုင်တွေဘက်က နှစ်နဲ့ချီ ကြိုးပမ်းနေတာပါ။
ဒီလို မရားဖိနှိပ်မှုတွေကြောင့်လည်း ထိုင်းနိုင်ငံဟာ လူကုန်ကူးမှု အဆိုးဆုံး အဆင့် အဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂၀၁၅ အစီရင်ခံစာမှာ အဆင့် လျှော့ချ သတ်မှတ်ထားတာ ဖြစ်သလို တရားမဝင် ငါးအလွန်အကျွံ ဖမ်းဆီးမှု စွပ်စွဲခံရတဲ့ ထိုင်းနိုင်ငံရဲ့ ပင်လယ်စာ တင်သွင်းမှုကို ပိတ်ပင်ဖို့ ဥရောပ သမဂ္ဂ ကလည်း သတိပေးထားတာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ လူကုန်ကူးမှုဆိုင်ရာ အစီအရင်ခံစာက ဒီ သီတင်းပတ်တွေ အတွင်း ထုတ်ပြန်ဖို့ ရှိနေချိန်မှာဘဲ ITF- ငါးဖမ်းသမားများ အခွင့်အရေးဆိုင်ရာ ကွန်ရက်ရဲ့ လေ့လာ တွေ့ရှိချက်မှာတော့ အလုပ်သမားတွေ အတွက် အခြေခံ ဥပဒေ အကာအကွယ် ပေးမှုတောင် အပြည့်အ၀ မရှိသေးဘူးဆိုတာကို ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5
(Unicode)