မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်အတွင်း လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ၂၀၁၇ နိုင်ငံတကာ လူ့အခွင့်အရေး နှစ်ပတ်လည်အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာ လူနည်းစုတွေကို ရှင်းလင်းဖယ်ရှား ခဲ့တဲ့အပြင် ပဋိပက္ခဖြစ်နေတဲ့ ကချင်နဲ့ရှမ်းပြည်နယ်တွေမှာ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ နိုင်ငံရေးအရ မတရားဖမ်းဆီးမှုတွေ၊ အရပ်သားတွေအပေါ် ရက်စက်ကျူးလွန်မှုတွေ အများအပြား ရှိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ လွတ်လပ်စွာ သဘောထားထုတ်ဖေါ်ခွင့်၊ စုဝေးခွင့်တို့ကို ပိတ်ပင်ထားပြီး သတင်းထောက်တွေကို ဖမ်းဆီးချုပ်နှောင်တာတွေနဲ့ လူမှုရေးအရ ခွဲခြားချုပ်ချယ်မှု တွေလည်း ရှိနေတယ်လို့ ဖေါ်ပြထားပါတယ်။
ဒေါ်ခင်မျိုးသက်က အပြည့်အစုံကို ပြောပြပေးမှာပါ။
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်ရေးနဲ့ အလုပ်သမားရေးရာကနေ ၂၀၁၇ ခုနှစ် ကမ္ဘာတဝှမ်း လူ့အခွင့်ရေးဆိုင်ရာ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အပိုင်း ၇ ပိုင်းခွဲ ဖေါ်ပြထားပြီး ပထမအပိုင်းမှာ လူ့ဂုဏ်သိက္ခာလေးစားမှုမရှိတဲ့ ချိုးဖေါက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ဖေါ်ပြထားပါတယ်။
ဥပဒေမဲ့ သတ်ဖြတ်မှုတွေကို ဖားကန့် ကျောက်စိမ်းမြေက စစ်တပ်ပိုင် ဦးပိုင်လုပ်ကွက်မှာ လူတွေကို ကြိုတင်သတိမပေးပဲ ပစ်ခတ်ခဲ့တာ၊ ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုမှာ အဓိကပါဝင်သူ အောင်ဝင်းခိုင် အခုအချိန်ထိ လွတ်မြောက်နေတာ၊ ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာရွာသားတွေကို သတ်ဖြတ်တာတွေကို ဖေါ်ပြထားပါတယ်။ ဒါ့အပြင် အရပ်သားတွေကို လုံခြုံရေးတပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး ပျောက်ဆုံးနေတာတွေ လည်း ရှိနေတယ်လို့ ဖေါ်ပြပါတယ်။
ညှင်းပမ်းနှိပ်စက်မှု၊ အဓမ္မပြုကျင့်မှု၊ ရိုက်နှက်မှုနဲ့ အတူ အစားအစာ ရေဖြတ်တောက်တာ၊ အိပ်ချိန်မရအောင် နှိပ်စက်တာကိုလည်း မြန်မာလုံခြုံရေးတပ်တွေက ပြုလုပ်ခဲ့တယ် လို့လည်း ဖေါ်ပြထားပါတယ်။
သောကြာနေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီက နိုင်ငံခြားရေးရုံးမှာ ပြုလုပ်တဲ့ အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားမှာတော့ ယာယီ နိုင်ငံခြားရေးဝန်ကြီး John Sullivan က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အခုလို ထည့်သွင်းပြောကြားသွားပါတယ်။
" မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားနေတာကို ကျွန်တော်တို့ ရှုံ့ချပါတယ်။ သူတို့အပေါ်ကျူးလွန်တဲ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်ဆိုင်းစေဖို့ လုပ်ဖေါ်ကိုင်ဖက်များနဲ့ ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ရိုဟင်ဂျာ ၆ သိန်း ၇ သောင်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး ရသလို ၊ နိုင်ငံတွင်းမှာလည်း အိုးအိမ်စွန့်ခွါထွက်ပြေးရတဲ့ အရပ်သားတွေလည်း သိန်းနဲ့ချီရှိနေပါတယ်။ ဒီဖြစ်ရပ်တွေအတွက် တာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့ လုပ်ဆောင်ရမှာပါ။"
အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံတွင်း လွတ်လပ်စွာထုတ်ဖေါ်ပြောကြားခွင့် အပါအဝင် နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင်လေးစားမှုဆိုင်ရာ အပိုင်းမှာတော့ နိုင်ငံရေး သမားတွေနဲ့ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချမှုတွေ ရှိနေသလို လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း နောက်ကနေလိုက်ပြီး ဆက်လက် စောင့်ကြည့်မှုတွေ ရှိနေတယ်လို့ဆိုပါတယ်။
ဒါ့အပြင် အကျဉ်းစခန်းတွေနဲ့ ရဲဘက်စခန်းတွေရဲ့ အခြေနေတွေဟာ ဆက်လက်ဆိုးဝါးနေပြီး အကျဉ်းသားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုမရှိတာ၊ HIV- တီဘီစတဲ့ ရောဂါဝေဒနာရှင်တွေ ဆေးဝါးကုသမှု မခံရတာတွေလည်း ရှိနေပြီး ရခိုင်မြောက်ပိုင်းက အကျဉ်းစခန်း တွေမှာ ဆိုရင် အသက် ဆယ်နှစ်အောက် ရိုဟင်ဂျာ ကလေးငယ်တွေတောင် အကျဉ်းကျ ခံနေရတယ်လို့ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ တရားရေးကိုကြည့်ရင် အမှုအခင်းတွေ အတွက် ဖမ်းဆီးပြီး ရုံးတင်စစ်ဆေးတဲ့ ဖြစ်စဉ်တွေမှာလည်း တရားဥပဒေနဲ့ မညီညွတ်ပဲ နိုင်ထက်စီးနင်း လုပ်ဆောင်မှုတွေ ရှိနေသလို မျှတပြီး ပွင့်လင်း မြင်သာစွာ စစ်ဆေးစီရင်တာလည်း မရှိဘူးလို့ ဆိုပါတယ်။ လူ့အခွင့်ရေး အချိုးဖေါက်ခံရသူတွေ အတွက် တရားမဥပဒေအရ နစ်နာဆုံးရှုံးမှုဆိုင်ရာ သက်သာခွင့်လျှော်ကြေးပေးတာမျိုး မရှိတဲ့အပြင် လယ်နဲ့ မြေယာ အသိမ်းခံရသူတွေ အတွက်လည်း လုံလောက်တဲ့လျှော်ကြေး ပေးအပ်ခြင်း မရှိဘူးလို့ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ ကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်ပြီး ၂၀၁၂ နောက်ပိုင်းမှာ တိုးတက်မှုအနဲငယ်ရှိလာခဲ့ပေမယ့် တဖြေးဖြေး ကလေးစစ်သား ပြန်လည်အသုံးပြုလာတာ တွေ့ရသလို KIO နဲ့ UWSA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ကလေးစစ်သားဆက်လက် အသုံးပြုနေပြီး ကလေးတွေ စစ်မှုမထမ်းစေချင်ရင် ဒဏ်ငွေပေးဆောင်စေတဲ့ စံနစ်ကို ကျင့်သုံးနေတယ်လို့ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေးချိုးဖေါက်တယ်ဆိုတဲ့ ကိစ္စတွေကို INGO နဲ့ NGO အဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးမှု ပြုလုပ်မယ့် အရေးကိုလည်း မြန်မာအစိုးရက အပြည်အဝ ခွင့်မပြုခဲ့သလို INGO ကိုယ်စားလှယ်တွေ အပါအဝင် လူ့အခွင့်ရေးသမားတွေ မြန်မာနိုင်ငံပြည်ဝင်ခွင့် ဗီဇာ သက်တမ်းတိုပဲ ထုတ်ပေးပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေကို ဆက်လက် စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ OHCHR ခေါ် လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး ဖွင့်လှစ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ သဘောတူညီခဲ့တာ တနှစ်ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် အဲဒီအဖွဲ့ဝင်တွေကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ထုတ်ပေးဖို့ နှောင့်နှေးနေဆဲဖြစ်သလို ရခိုင်ပြည်နယ်နဲ့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေကို သွားဖို့အတွက် ခရီးသွားခွင့်ပြုမိန့် လိုအပ်တယ်လို့ ဆိုပါတယ်။
ခွဲခြားဆက်ဆံမှု၊ လူ့အဖွဲ့အစည်းက အနိုင်ကျင့်မှုနဲ့ လူကုန်ကူးမှု အခြေနေတွေကိုတော့ အခန်း ၆ မှာ သီးခြားဖေါ်ပြထားပြီး မြန်မာနိုင်ငံက အမျိုသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရတာ၊ အိမ်တွင်းအကြမ်းဖက်မှုခံရတာတွေရှိနေပေမယ့် တရားဥပဒေက အပြည့်အဝ အကာကွယ်ပေးနိုင်ခြင်း မရှိဘူးလို့ ဆိုထားတဲ့အပြင် မြန်မာအမျိုးသမီးတွေဟာ ဥပဒေအရ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး ရရှိတယ် ဆိုပေမယ့် အဲဒီဥပဒေကို အစိုးရက အတိအကျ အကောင်ထည်ဖေါ်မဖေါ် ရှင်းရှင်းလင်းလင်းမသိရပါဘူး။
မွေးစာရင်းမှတ်ပုံတင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ၁၉၈၂ နိုင်ငံသားပြုခွင့် ဥပဒေအရ အသိမှတ်ပြုထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးကလွဲပြီး ရိုဟင်ဂျာ ကလေးသူငယ်တွေဟာ ဒီစာရင်းထဲမှာ မပါဝင်တဲ့အတွက် မှတ်ပုံတင် မခံရပဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေရဲ့ ရပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ ဖေါ်ပြထားတဲ့ အခန်း ရ မှာတော့ အလုပ်သမားအသင်းပင်းဖွဲ့စည်းခွင့်၊ ဆန္ဒပြခွင့်တွေကို တရားဥပဒေအရ ခွင့်ပြုထားပေမယ့် အလုပ်သမားရေးတက်ကြွလှုပ်ရှားသူတွေကို ရာထူးလျှော့ချတာ၊ နယ်ပြောင်းပစ်တာ စတဲ့ ပစ်ဒဏ်ပေးမှုတွေမချမှတ်ဖို့ အကာကွယ်ပေးမထားဘူးလို့လည်း ဖေါ်ပြထားပါတယ်။
ဒီအစီရင်ခံစာဟာ ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၂၀၀ လောက်ရဲ့ လူ့အခွင့်ရေးအခြေနေတွေကို ဖေါ်ပြထားတာ ဖြစ်ပြီး ဆီးရီးယား၊ မြောက်ကိုရီးယား၊ တရုတ်၊ ရုရှားနဲ့ အီရန် စတဲ့နိုင်ငံတွေဟာ အထူးစိုးရိမ်မှုရှိတဲ့ နိုင်ငံတွေဖြစ်ပြီး ဒီနိုင်ငံတွေမှာ လူ့အခွင့်ရေး အချိုးဖေါက်ခံရမှုတွေ ရှိနေတဲ့အတွက် မတည်မငြိမ်ဖြစ်စေတယ်လို့လည်း ယာယီနိုင်ငံခြားရေးဝန်ကြီး John Sullivan ကပြောပါတယ်။
Your browser doesn’t support HTML5