စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ ခိုင်မာတဲ့ ယုံကြည်မှု တည်ဆောက်ဖို့လို

ပြည်တွင်းငြိမ်းချမ်းရေးလူထုလှုပ်ရှားမှု (ဧပြီ ၂၀၁၆)

တပြည်လုံးအတိုင်းအတာနဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ဆိုရင် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ခိုင်မာတဲ့ယုံကြည်မှု တည်ဆောက်နိုင်ဖို့လိုတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တဦးကပြောဆိုလိုက်ပါတယ်။ ဒီလိုခိုင်မာတဲ့ယုံကြည်မှုရှိမှသာငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မှုရမှာဖြစ်တယ်ဆိုတာကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ဒီကနေ့ ကျင်းပတဲ့ အလွတ်သဘောအစည်းအဝေး တက်ရောက်ခဲ့သူ တိုင်းရင်းသားခေါင်းဆောင်က မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သုံးသပ်ဆွေးနွေးလိုက်တာဖြစ်ပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။

ဒီကနေ့ ဇူလိုင်လ ၂၉ရက်နေ့မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ရန်ကုန်မှာ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ အစိုးရငြိမ်းချမ်းရေးကော်မရှင်က တာဝန်ရှိတွေအပါအဝင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်သင့်ပါဝင်ထိုက်သူတွေ NLD အရပ်သားအစိုးရလက်ထက် ပထမဆုံးအကြိမ်တွေ့ဆုံပြီး အလွတ်သဘော ဆွေးနွေးခဲ့ကြပါတယ်။ ဒီအလွတ်သဘောတွေ့ဆုံပွဲမှာ ထူးခြားချက်အနေနဲ့ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေလည်း ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ဒီအလွတ်သဘောတွေ့ဆုံပွဲမှာတော့ အဓိက မြန်မာ့ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ် အောင်မြင်နိုင်ရေး အားသာချက်၊ အားနည်းချက်စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲ ဆိုတဲ့အချက်တွေကု အမြင်ရှု့ထောင့်အမျိုးမျိုးက ဆွေးနွေးခဲ့ကြတယ်လို့ တက်ရောက်သူတွေကဆိုပါတယ်။ အစည်းအဝေးကို ကိုယ်တိုင်တက်ရောက်ခဲ့သူတဦးဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDPရဲ့ဥက္ကဋ္ဌဦးစိုင်းအိုက်ပေါင်းက ဆွေးနွေးပွဲနဲ့ပတ်သက်လို့ အခုလိုပြောပြပါတယ်။

“ငြိမ်းချမ်းရေး အောင်မြင်ဖို့အတွက် ပေါ့နော် သူ့အမြင်ကိုယ့်အမြင်အားလုံးက ဝိုင်းပြီးတော့ ဆွေးနွေးကြတာပေါ့။ ပင်လုံစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုတွေလည်း လာတက်တယ်လေ။ သူတို့လည်း ဆွေးနွေးတယ်။ နောက် ပညာရှင်တွေလည်း ဆွေးနွေးတယ်။ ပါတီခေါင်းဆောင်တွေလည်း ဆွေးနွေးတာပေါ့။ ဆွေးနွေးတော့ အဓိက ကတော့ ငြိမ်းချမ်းရေးအောင်မြင်ဖို့အတွက် ဒီငြိမ်းချမ်းရေးမှာ ဘာတွေ အားသာချက်ရှိတယ် ဘာတွေအားနည်းချက်ရှိတယ် အဲဒါကို ဆွေးနွေးကြတာပဲလေ။ သူ့အမြင် ကိုယ့်အမြင်။ နောက် ငြိမ်းချမ်းရေးမဖြစ်ရင် ဘာတွေလုပ်ဖို့သင့်လဲ။ အားလုံးပါဝင်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာ။ အကြံဉာဏ်ပေးကြတာပေါ့။

တတိုင်းပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲဖို့နဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ဆိုရင်တော့ နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ခိုင်မာအားကောင်းတဲ့ယုံကြည်မှုတည်ဆောက်နိုင်ဖို့က အရေးကြီးဆုံးဖြစ်တယ် ဆိုတာကိုလည်း ဦးစိုင်းအိုက်ပေါင်းက ထောက်ပြပါတယ်။

“အဓိက ကတော့ ကျွန်တော်တို့လည်း ပြောတယ်လေ ယုံကြည်မှုရှိဖို့အရေးကြီးတယ်။ ယုံကြည်မှုရှိဖို့ဆိုတာ ဒီတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရနဲ့ တပ်မတော်နဲ့ ယုံကြည်မှုရှိဖို့ပေါ့။ အဲဒါအရေးအကြီးဆုံးပဲ။ နိုင်ငံတကာ ဒီငြိမ်းချမ်းရေးကိစ္စ လုပ်တဲ့ဟာတွေကို ကျွန်တော်တို့ လေ့လာကြည့်တဲ့အခါမှာ အဓိကက ယုံကြည်မှုပဲဗျ။ ယုံကြည်မှုရှိရင်တော့ အောင်မြင်မှုရမှာပဲ။ တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုရှိဖို့အရေးကြီးတယ်။ အဲဒီယုံကြည်မှုတည်ဆောက်ပြီးတော့ အခက်အခဲတွေကို ညှိုနှိုင်းဖြေရှင်းဖို့ကိုတော့ လိုတာပေါ့နော်။ စိတ်ရှည်သည်းခံရမယ်။ ကျွန်တော်မြင်တာတော့ စိတ်ရှည်သည်းခံရမယ် နှစ်ဖက်စလုံးက။ နောက်ပြီးတော့ ငြိမ်းချမ်းရေးကို လိုချင်တဲ့ ဆန္ဒပြင်းပြရမယ်ဗျ။ အဲဒါလည်း အရေးကြီးတယ်ဗျ။ လက်ရှိကလည်း စေတနာကောင်းတဲ့အလုပ်လုပ်နေတာပဲ။ ဒါပေမယ့် ငြိမ်းချမ်းရေးကတော့ ဟိုနှစ်ပေါင်း ၅၀ကျော် ၆၀က လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်လာတာတော့ ဒီ ၁ နှစ် ၂ နှစ်အတောအတွင်းတော့ အလျင်အမြန်တော့ ရနိုင်မယ်လို့တော့ ကျွန်တော်တော့ သိပ်မျှော်လင့်လို့ မရဘူးလေ။ ခုနက ကျွန်တော်ပြောသလို ယုံကြည်မှုတော့ အရင်တည်ဆောက်ရမယ်။ နားလည်မှုလည်း ရှိရမယ်။ သည်းခံရတာတွေများမယ်။ ကျွန်တော်တို့ ဒီ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုတဲ့ဟာလည်း အားလုံးက စိတ်တူကိုယ်တူနဲ့ လုပ်မယ်ဆိုလို့ ရှိရင် မအောင်မြင်နိုင်စရာ အကြောင်းမရှိဘူး။ အဓိကကတော့ အစိုးရရယ် တပ်မတော်ရယ် တိုင်းရင်းသားလက်နက်ကိုင်တွေရယ် နိုင်ငံရေးပါတီခေါင်းဆောင်တွေရယ်အားလုံး စိတ်တူကိုယ်တူလုပ်မယ်ဆိုရင် ဒါအောင်မြင်မှာပါ။ မအောင်မြင်နိုင်စရာအကြောင်းမရှိဘူး။ ”

ဒီကနေ့တွေ့ဆုံတဲ့အလွတ်သဘောဆွေးနွေးပွဲမှာတော့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ သတင်းမီဒီယာအခန်းကဏ္ဍ၊ ၂၁ရာစုပင်လုံညီလာခံကရလာတဲ့ သဘောတူညီချက်တွေကို လက်တွေ့အကောင်အထည်ဖော်မှုအခြေအနေ၊ အခြေခံဥပဒေပြင်ဆင်နိုင်ရေး NCA တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ရပ်စာချုပ် လမ်းကြောင်းကနေ သွားနိုင်ရေးစသဖြင့် ဘက်စုံထောင့်စုံကနေ ဆွေးနွေးနိုင်ခဲ့ကြတဲ့အတွက် ထူးခြားပြီးရလဒ်ကောင်းတွေရနိုင်တဲ့ အလွတ်သဘောဆွေးနွေးမှုအဖြစ် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့သူဖြစ်တဲ့ တက်ရောက်လာသူတဦးကလည်း ရှု့မြင်ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDPရဲ့ဥက္ကဋ္ဌဦးစိုင်းအိုက်ပေါင်းက သူ့အနေနဲ့ ရှမ်းပြည်နယ်တွင်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စရပ်တွေ အောင်မြင်နိုင်ရေး ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်လို့ အခုလိုပြောပြပါတယ်။

“ကျွန်တော်တို့ CSSU အစည်းအဝေးလုပ်တဲ့ ကိစ္စမှာ အစည်းအဝေးအပိတ်ခံလိုက်ရတယ်။ အမှန်က ဒါဟာလည်း ငြိမ်းချမ်းရေးအတွက် NCA မထိုးရတဲ့အဖွဲ့တွေလည်း ထိုးအောင် စည်းရုံး သိမ်းသွင်းတဲ့ သဘောပဲ။ ဒီလာမယ့် ၂၁ ရာစုပင်လုံမှာ ဘာတွေဆွေးနွေးမလဲဆိုတာ ကျွန်တော်တို့စည်းဝေးဖို့ဆိုပြီး လုပ်တာ အဲဒါကျွန်တော်တို့မလုပ်လိုက်ရဘူးပေါ့နော်။ နောင်ဆိုလို့ရှိရင်တော့ အဲဒီလိုမျိုး တားဆီးပိတ်ပင်မှုတွေ မရှိအောင်လုပ်ပေးပါဆိုတာ ကျွန်တော်က အဓိက ဒါပဲဆွေးနွေးတယ်လေ။ တိုင်းရင်းသားတွေရော ပြည်သူလူထုရော ယုံကြည်မှုရှိအောင်တော့ ဒီလို ငြိမ်းချမ်းရေးအတွက် လုပ်တဲ့ကိစ္စကိုတော့ တားဆီးပိတ်ပင်တာတော့ မဖြစ်သင့်ဘူးပေါ့ အဲဒါ လွတ်လွတ်လပ်လပ်လုပ်ခွင့်ပေးဖို့ ခွင့်ပြုဖို့သင့်ပါတယ်ဆိုတဲ့ဟာပေါ့နော်။ နောက်လည်း ကူညီပါမယ်ပေါ့ဗျာ။”

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး ၂၁ရာစုပင်လုံညီလာခံတွေ ခေါ်ယူပြီး ပြည်တွင်းငြိမ်းချမ်းရေးရအောင် စွမ်းဆောင်ကြိုးပမ်းနေချိန်မှာ အခုလိုဆွေးနွေးမှုတွေကနေ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်သင့်ပါဝင်ထိုက်သူတွေရဲ့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အမြင်ရှု့ထောင့်အမျိုးမျိုးက သုံးသပ်ချက်တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ခိုင်မာအားကောင်းအောင် တည်ဆောက်နိုင်မယ်လို့လည်း ယုံကြည်ကြောင်းကိုလည်း အစည်းအဝေးတက်ရောက်သူတွေက သုံးသပ်ကြပါတယ်။

Your browser doesn’t support HTML5

စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ ခိုင်မာတဲ့ ယုံကြည်မှု တည်ဆောက်ဖို့လို