atom manipulation လို့ခေါ်တဲ့ အက်တမ်လို သေးမှုန်တဲ့ အနုမြူကလေးတွေကို ကြိုးကိုင်ချယ်လှယ်ပြီး ကိုယ်လိုရာ သုံးတဲ့နည်းပညာဟာ နာနို technology နည်းပညာထဲက ထိပ်ဆုံးမှာ ရှိတဲ့ နည်းပညာ ဖြစ်ပါတယ်။
လူအပါအဝင်၊ ကမ္ဘာပေါ်မှာ ရှိရှိသမျှ အရာတွေကို အက်တမ်လို့ခေါ်တဲ့ အမှုန်သေးသေး လေးတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဥပမာ ဟိုက်ဒြိုဂျင်အက်တမ် ၂ လုံးနဲ့ အောက်ဆီဂျင် အက်တမ် ၁ လုံးပေါင်းရင် H2O ဆိုတဲ့ ရေမော်လီကျူ း တလုံးကို ရပါတယ်။ ဒီမော်လီကျူး ပေါင်း ကဋေကဋာချီ ပေါင်းလိုက်ရင် သောက်သုံးရေကို ရပါတယ်။ ထို့အတူ အောက်ဆီဂျင်အက်တမ် ၂ လုံးပေါင်းရင် O2 မော်လီကျူးရပြီး ကုဋေနဲ့ချီပေါင်းလိုက်ရင် အသက်ရှင်ရပ်တည်ဖို့ ရှုနေရတဲ့ လေကိုရတာပါ။ လူသားတယောက် ဖြစ်ဖို့ လိုအပ်တဲ့ အက်တမ်က 7x10 to the power 27 ကုဋေပေါင်း ကုဋေပေါင်း ၇ ကုဋေ ဖြစ်ပါတယ်။ ခုချိန်ထိ အက်တမ် ၁၁၈ မျိုး တွေ့ထားပြီးပါပြီ။
ဒီအက်တမ်နဲ့ စာရေးတဲ့ နည်းပညာကိုနားလည်ဖို့ ပထမဆုံးအက်တမ်ရဲ့အရွယ်အစား ဘယ်လောက်သေးငယ်တယ် ဆိုတာကို သိဖို့လိုပါတယ်။ ဥပမာ- လိမ္မော်သီး ၇ လုံးနဲ့ နံပါတ် ၂ ဆိုတဲ့ စာလုံးကို ရေးသားမယ်ဆို မြင်ရတဲ့ စာလုံးထက် ဇီးသီးနဲ့ ရေးမယ် ဆိုရင် မြင်ရတဲ့စာလုံးက ဆယ်ဆလောက်ငယ်မှာ ဖြစ်ပါတယ်။ ဇီးသီးထက် အဆတရာ ငယ်တဲ့ သဲပွင့်နဲ့ ရေးမယ်ဆိုရင်တော့ မြင်ဖို့ အတော်ခက်သွားမှာဖြစ်သလို ဒီအတိုင်းလဲ လက်နဲ့ ရွှေ့ပြီး ရေးလို့ မရတော့ပါဘူး။ သဲပွင့်ကိုရွှေ့ဖို့ အကူပစ္စည်းလိုလာမှာဖြစ်ပါတယ်။ အခုအက်တမ်က သဲပွင့်ထက် အဆ တသန်းလောက်ငယ်တာမို့ ပိုပြီး ခက်ခဲသွားမှာဖြစ်ပါတယ်။ ဒီလိုသေးငယ်တဲ့ အက်တမ်လေးတွေကို ရွှေ့ပြီး စာလုံး ပုံဖေါ်တဲ့ နည်းပညာဖြစ်ပါတယ်။
ဒီလိုသေးငယ်တဲ့ အက်တမ်လေးတွေ နဲ့ စာရေးမယ်ဆိုရင် ပထမဆုံး ဒီအက်တမ်ကို မြင်ဖို့ လိုသလို ရွှေ့နိုင်အောင် စက်ကရိယာ အကူအညီလည်း လိုအပ်ပါတယ်။ အက်တမ်ကို မိုက်ခရိုစကုပ်ရိုးရိုးနဲ့ မမြင်နိုင်တဲ့အတွက် သူ့ကို မြင်နိုင်မယ့် မိုက်ခရိုစကုပ်မျိုးကို တည်ဆောက်ရပါတယ်။ ဒါကို scanning tunneling microscope မိုခရိုစကုပ် STM လို့ ခေါ်ပါတယ်။
အဲဒီမိုက်ခရိုစကုပ်နဲ့ ကြည့်ပြီး အက်တမ်ရဲ့ မျက်နှာပြင်ကို ပုံဖေါ်ပြီးမှ တွေ့ရတဲ့ အက်တမ်တွေကို စာလုံးဖေါ်ဖို့ ရွှေ့ပြောင်းတာဖြစ်ပါတယ်။ အက်တမ်ကို ရွှေ့တဲ့အခါ မျက်မမြင် ဒုတ်နဲ့ ထောက်ပြီး ရှေ့မှာ ဘာရှိတယ် ဆိုတာကို စမ်းသပ်သလို စမ်းပြီး ဒုတ်အစား အပ်ဖျားလောက်သေးတဲ့ ဒုတ်တံနဲ့ ထိုးရွှေ့လို့ ရပါတယ်။ လိမ္မော်သီးနဲ့ စာလုံးဖေါ်သလို အက်တမ်ကို အခုလိုရွှေ့ပြီး စာလုံးဖေါ်တာဖြစ်ပါတယ်။