သင်္ကြန်နဲ့ သဘာဝဝန်းကျင် ရိုက်ခတ်မှု

၂၀၁၈ မြန်မာသင်္ကြန်

သင်္ကြန်အခါကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြတဲ့အခါ ရေကိုလိုတာထက်ပိုမဖြုန်းဖို့၊ သင်္ကြန်လည်တဲ့ ကားတွေ စက်အကြာကြီး နှိုးမထားဖို့၊ သင်္ကြန်အမှိုက်တွေနဲ့ ဝန်းကျင်မညစ်ညမ်းစေဖို့ပါ ထည့်ပြီး မစဉ်းစားမှာကို သဘာဝဝန်းကျင် ထိမ်းသိမ်းသူတွေ စိုးရိမ်နေကြတဲ့ အကြောင်း ဒီတပါတ်မှာ ပြောပြပါရစေ။

သင်္ကြန်ပွဲမှာ လူတွေအများအပြားစုရုံးပြီး ဥဒဟိုသွားလာ စားသောက်ကြသလို ရေကိုလည်း အများကြီးသုံးတဲ့ပွဲမို့ ရေထုနဲ့ မြေထုသာမက လေထုအပေါ်ပါ သက်ရောက်မှုတွေ သိပ်များတဲ့အတွက် သဘာဝဝန်းကျင်သမားတွေ အတော်လန့်ကြပါတယ်။

နွေရောက်တိုင်း ရေအခက်အခဲ ကြုံရတတ်တဲ့ မြန်မာနိုင်ငံအတွက် သင်္ကြန်တွင်းရေကစားသူတွေ ရေကို တတ်နိုင်သလောက် ချွေတာကြဖို့ အကြံပေးသူကတော့ သဘာဝဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်ပါ။

ဒေါ်အေးအေးကြည်။ ။ ရေကို ရေပိုက်ကြီးတွေနဲ့ ပက်ကျတဲ့ အဆင့်ရောက်နေပါတယ်။ ရှေးတုန်းကလို သပြေခက်နဲ့ ရေပက်တယ် ဆိုတာ မရှိတော့ဘူး။ လူဦးရေကလည်း တိုးတက်တယ်။ ၅၃ သန်း လောက်ဖြစ်သွားတဲ့အခါမှာ ရေပမာဏ သုံးစွဲမှု များတယ်။ မြန်မာပြည်မှာ အခုအခါ ရေဟာ အင်မတန်ရှားတဲ့အခါ ဖြစ်တယ်။ သင်္ကြန်ရေ ဆိုတော့ အင်မတန် ကောင်းတဲ့အရည်အသွေးရှိတဲ့ ရေကို သုံးရတယ်။ အဲဒီရေတွေက သင်္ကြန်မှာ ပက်ပြီးတဲ့အခါ ချိုးလို့ သောက်လို့ မရတော့တဲ့ သုံးလို့ မရတဲ့ရေအဖြစ်ကို တော်တော်များများ ပြောင်းသွားတယ်။

သိသာအောင်ပြောမယ် ဆိုရင် ဥပမာ ပိုက်ကလေးတခုက ငါးမူးပေါ့နော်။ လက်မဝက်လောက်ရှိတဲ့ ပိုက်က ထွက်မယ်ဆိုရင် တမိနစ်ကို ၂ ဂါလံပဲ ထွက်တယ်ထား။ တနာရီဆို ရင် ဂါလံ ၁၂၀ ဖြစ်သွားပြီ။ အဲဒီတော့ လုပ်သင့်တာက တစ်အချက် ပိုက်ကို သေးသေးပဲသုံးပါ။ နောက်ပြီးတော့ ပိုက်က လည်း ဖိအားများတာ မသုံးပါနဲ့။ ဖိအားများလေ ရေက များများပိုထွက်လေမို့ပါ။ အဲဒီတော့ ဖိအားနဲတဲ့ ပိုက်ကို သုံးပါ။ ဥပမာ လက်မဝက်ရှိတဲ့ ပိုက်တခုက ဘုံဘိုင်ခေါင်းက ရေဖိအားက စတုရန်းတလက်မမှာ ပေါင် ၄၀ အား နဲ့လာရင် သူက ၂၅ ပေ ရှည်တဲ့ ပိုက်ဆိုရင်သူက တမိနစ်မှာ ၂၅ ဂါလံ ထွက်တယ်။ ဖိအား ၅၀ ဖြစ်ရင် သူက ၂၈ ဖြစ်သွားပြီ။ ၆၀ ဆို ၃၀ ဖြစ်သွားရော။ တမိနစ်ကို ဂါလံ ၃၀ ဖြစ်သွားရော။ အဲဒီတော့ ရေဖိအားနဲတာကိုလည်း သုံးပါ။ နောက် ရေကို အချိန်အကန့်အသတ်နဲ့ သုံးပါ။

တတ်နိုင်ရင် မပက်ရင် ပိတ်ထားဖို့ ကြိုးစားပါ။ အထူူးသဖြင့် ရေပိုက်လိုင်းတွေ ဘာတွေကို ဥပမာ မီးသတ်ပိုက်လိုမျိုးကို ဖွင့်ပြီး ဒလဟော ထားတာတို့။ ရေအလဟဿ ဖြစ်သွားတာမျိုး မလုပ်ပါနဲ့။ ရေဟာ အင်မတန်တန်ဖိုးရှိပါတယ်။ သင်္ကြန်ပြီးတဲ့ နောက်ပိုင်း ရေလုံလောက်အောင် ဘယ်လိုလုပ်မလဲ၊ ဘယ်လို သုံးမလဲဆိုတာ ထည့်စဉ်းစားပါ။ နောက်ပြီးတော့ ရေဆိုတာ ချိုးရုံ။ သောက်သုံးရုံတင်မကပါဘူး၊ ပူပြင်းတဲ့ ဒေသတွေ ဖြစ်တဲ့အခါ မီသတ်ဖို့ရှိတယ်။ အမျိုးမျိုး ရှိတယ်။ အဲဒီတော့ ရေကို ချွေတာ သုံးစွဲဖို့ လုပ်ပါ။ ဒါက ချွေတာတဲ့ အပိုင်းကပေါ့နော်။

နောက်တခုက ရေရဲ့ အရည်အသွေး မပျက်စီးအောင်လည်း ဂရုစိုက်ဖို့ လိုပါတယ်။

ဒေါ်အေးအေးကြည်။ ။ ရေရဲ့ အရည်အသွေးဆိုတာက ဥပမာ မဏ္ဍပ်မှာ လူများမယ်၊ နေမယ်ဆို လူတွေက အိမ်သာတွေ ဘာတွေ သွားရမယ်။ အပေါ့အလေး သွားရမယ့် အခါကျရင်။ တကယ်လို့များ အဲဒီလို စွန့်မယ့်နေရာတွေကို ရေရှိတဲ့ ကန်ပေါ်မှာ ဖြစ်ဖြစ် ကျုံးပဲ ဖြစ်ဖြစ်ပေါ့လေ။ အပေါ့အလေး စွန့်မယ့်ဟာကို လုပ်ဖြစ်လိုက်လို့ ရှိရင် ရေထုညစ်ညမ်းမှု ဖြစ်သွားပါမယ်။ အဲဒီရေက လူတွေ သောက်သုံးနေရတာ ဖြစ်လို့ရှိရင် မသန့်တဲ့ရေ သောက်ရပါမယ်။ ဥပမာ လူတွေရဲ့ ဝမ်းဗိုက်ထဲမှာ အီကိုလိုင် ဆိုတဲ့ ဘက်တီးရီးယား တမျိုးက သဘာဝအလျှောက် ရှိပါတယ်။ နဲနဲပါးပါးက သိပ်ပြဿနာ မဖြစ်ပါဘူး။ ဝမ်းလေးဘာလေး လျှောရုံပါပဲ။ ဒါပေမယ့် အင်မတန်ဆိုးဝါးတဲ့ အီကိုလိုင် မျိုးစု။ အခုဆို အို ၁၅၇ အိပ်ချ် ၇ ဆိုရင် အင်မတန်မှ ဗိုက်တွေအောင့်တယ်။ သွေးဝမ်းတွေ ပါတယ်။ အန်တယ်။ တချို့ကလေးတွေ၊ အသက်ကြီးတဲ့ လူကြီးတွေ ဆိုလို့ ရှိရင် ကျောက်ကပ်တွေ ပျက်သွားတဲ့ အထိဖြစ်သွားနိုင်တယ်တယ်။ Hemolytic-uremic syndrome (HUS) ဆိုတာဖြစ်တယ်။ အဲဒါကြောင့်မို့ လူတွေရဲ့ တိရိစ္ဆာန်တွေရဲ့ မစင်တွေကနေ ရေထဲကို ရောက်သွားတာမျိုး မဖြစ်အောင် ကာကွယ်သင့်တယ်။

နောက်ပြီးတော့လဲ ပူတယ်၊ အိုက်တယ်ဆိုပြီးတော့ ကန်ထဲဆင်းမယ်။ ရေထဲဆင်းမယ်၊ ဆိုရင်လည်း ဒီရေက သန့်လားမသန့်လား သတိထားပါ။ အင်းယားကန်တို့ ဘာတို့ဆို အခုဆိုရင် သန့်ချင်မှ သန့်မယ်။ အဲဒီတော့ ကိုယ်မသိဆီက ရေသောက်တာတို့ ဘာတို့ ဆိုလည်း သတိထားပါ။ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်အောင် ရေကို စွန့်ပစ်ပါ။ အဆီတို့ ကားစက်ဆီတို့၊ ဘရိတ်ဆီတို့ အမျိုးစုံပေါ့နော်။ ကားတွေက ဆီတွေက အများကြီးထွက်မယ်ဆို အဲဒီဆီတွေကလည်း ဖြစ်ချောင်း အင်းအိုင်တွေဆီ ရောက်တာပဲ။ စည်းနဲ့ကမ်းနဲ့ လုပ်ပါ။

နောက် ချက်ပြုတ် သုံးစွဲတဲ့ ဆီက အလျှံပယ်၊ ပေါ့ပေါ့ဆဆနဲ့ ရေထဲကို စွန့်ပစ်တာမျိုး မလုပ်သင့်ပါဘူး။ ရေထဲမှာ ရေနေ သတ္တဝါတွေ ရှိပါတယ်။ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင် မှာဆို သူတို့က ဆက်လက်ပြီး မနေနိုင်ပါဘူး။ သူတို့ရဲ့ ဂေဟစံနစ် ထိခိုက်တယ်။ လူကလည်း အပင်တွေ သတ္တဝါတွေကို မှီတင်းနေရတဲ့ အတွက်ကြောင့် တချိန်ချိန်မှာ ပြန်ထိခိုက်နိုင်ပါတယ်။ အဲဒီအတွက်လည်း သတိထားသင့်ပါတယ်။ ရေထုညစ်ညမ်းမှုက တဆင့် အစားအသောက်တွေ ညစ်ညမ်းမှု မဖြစ်အောင် လည်း ကာကွယ်ပါ။ အဲဒါက လိုက်နာရမယ့် အချက်ဖြစ်ပါတယ်။ အင်မတန် အရေးကြီးပါတယ်။

မဏ္ဍပ်တွေမှာ ကားစက်မရပ်ပဲ အကြာကြီး မနေသင့်ပါဘူး

ဒေါ်အေးအေးကြည်။ ။ သင်္ကြန်ကားတွေ အများကြီးလာမယ်။ မဏ္ဍပ်တွေမှာ ရပ်မယ်။ တချို့က ကားစက်ကို ရပ်ချင်ရပ်ထားမယ်။ များသောအားဖြင့်တော့ မရပ်ကြပါဘူး။ အင်ဂျင်ကို ဒီအတိုင်းပဲ နှိုးထားတယ်။ အဲဒီလို ကားကို မသွားပဲနဲ့ အင်ဂျင်နှိုးထားတဲ့ အချိန်မှာ ဆိုရင် လေထုထဲကို ညစ်ညမ်းတဲ့ အရာတွေ ဥပမာ ကာဗွန်မိုနောက်ဆိုက်တွေ၊ ကာဗွန်ဒိုင်အောက်ဆိုက်တွေ၊ အမှုန်အမွှားတွေ၊ ဒါတွေက အကုန်လုံး လေထုထဲ ရောက်ပါတယ်။ အထူးသဖြင့် ကလေးတွေဘာတွေများ အဲဒီနားမှာ ရှိရင်။ သူတို့က လေကို လူကြီးတွေထက် မြန်မြန်ပိုရှုတယ်။ ၅၀% လေပိုရှုတဲ့ အခါကျတော့ ကားရဲ့ မီးခိုးပိုက်ထဲက ထွက်လာတဲ့အလွန်ညစ်ညမ်းတဲ့ ဟာတွေက ရင်ကြပ်စေတဲ့ဟာတွေ ဖြစ်နိုင်တယ်။

တကယ်လို့များ စောင့်ရတာ၊ စက္ကန့် ၃၀ ထက် ပိုကြာမယ် ဆိုလို့ ရှိရင်တော့ ကားစက်ကို ပိတ်ထားပါ။ ကားကို မသွားပဲနဲ့ ဒီစက်ကြီး နှိုးထားတာဟာ ဒီကားရဲ့ အင်ဂျင်ရော၊ ဒီကားမှာ ရှိတဲ့ ဆလင်ဒါတွေ၊ မီးပွင့်တဲ့ ပလပ်တွေ နောက်ပြီးတော့ မီးခိုးထုတ်တဲ့ စံနစ်ကိုရော ထိခိုက်စေပါတယ်။ မသွားပဲနဲ့ စက်ကို နှိုးထားတာ ကောင်းတယ်လို့ လူတွေက ထင်ပါတယ်။ ဒါဟာ မဟုတ်ပါဘူး။

ပွဲတော်တခုရဲ့ နောက်မှာ အမှိုက်ပြဿနာကို စံနစ်တကျရှင်းသင့်ပါတယ်

ဒေါ်အေးအေးကြည်။ ။ အစိုင်အခဲ စွန့်ပစ် ပစ္စည်းမှာ လူတွေက ဘာသုံသလဲ ကြည့်ရမယ်။ ဒီလို လူတွေ များလာလို့ ရှိရင် ပိုပြီးတော့ တခါသုံး ပလပ်စတိတ် တွေက သင်္ကြန်ဆို သုံးတော့မှာ ဥပမာ ရေသန့်ဘူးတွေက အစ၊ စားဖို့သောက်ဖို့၊ ထည့်ဖို့ဟာတွေ ရှိတယ်။ နောက်ဆုံ သင်္ကြန်ပန်းကုံးကအစ ပလပ်စတိတ်ပဲ။ နောက် သင်္ကြန်ကားတွေမှာ ဗိုင်နယ်ပြားတွေ ကပ်မယ်။ သင်္ကြန်မဏ္ဍပ်တွေမှာလည်း ပလပ်စတိတ်ပြားတွေ အမျိုးမျိုး ရှိမယ်။ ကိုယ့်အနေနဲ့ စဉ်းစားဖို့က ဒီလိုပလပ်စတိတ် တွေကို သုံးဖို့ လိုသလား၊ ဒီလိုနေရာမှာ အစားထိုးပြီး ဘာသုံးနိုင်တာ ရှိသလဲ ဆိုတာ စဉ်းစားပေးပါ။ ဥပမာ မဏ္ဍပ်တွေ အလှဆင်မယ် ဆိုရင် ပလပ်စတိတ်ပန်းတွေ၊ ပလပ်စတိတ်တွေနဲ့ လုပ်မှာလား။ ဇီဝနည်းနဲ့ ပျက်စီးသွားနိုင်တဲ့ ဥပမာ- အုန်းပင် အုန်းလက် သစ်ပင် သစ်ရွက်ပေါ့နော်။ သဘာဝ ဝန်းကျင်မှာ ရှိတာနဲ့ အလွယ်တကူ လုပ်နိုင်တာတွေ နဲ့ လှပအောင် လုပ်နိုင်သလား။ လုပ်နိုင်တာ ရှိရင် အစားထိုးပေးပါ။

သဘာဝ ဝန်းကျင်မှာ အဓိက လုပ်ဆောင်တဲ့ နည်း ၃ မျိုး ရှိပါတယ်။ ပထမနည်းက လျှော့ချပါ။ နောက်တခုက ပြန်သုံးပါ။ ပြန်သုံးနိုင်တာ ရှိသလား။ ဥပမာ မနှစ်က သုံးထားတာ ဒီနှစ် ပြန်သုံးလို့ ရမလား၊ သုံးပေးပါ။ နောက်တခုက recycle ပေါ့နော်။ ဥပမာ ပလပ်စတိတ်တွေ ဆိုရင် ဘယ်အမျိုးအစား ကတော့ ပစ္စည်း အသစ် ပြန်ထုတ်ပြိး သုံးလို့ရမယ် ဆိုတာကို သိဖို့ လိုပါတယ်။ မဏ္ဍပ်တွေ ဘာတွေ ပြန်ဖျက်ရမယ်။ သစ်တို၊ ဝါးစ အကုန်ရှိတယ်။ မြေကြီးတူးတာက အစ၊ အစအပိုင်း၊ အမှိုက်သရိုက်အစုံကိုလည်း ဘယ်ဟာက ပြန်သုံးလို့ ရမလဲ၊ စဉ်းစား ပေးပါအုံး၊ ပြန်ပြီးတော့ မြေဆွေးလုပ်တဲ့ထဲမှာ သုံးလို့ ရမလား။ ကိုယ်မလုပ်တတ်လည်း လုပ်တတ်တဲ့ လူနဲ့ တိုင်ပင်ပြီးတော့ လုပ်ပါ။ အမှိုက်နဲ့ ပတ်သက်လို့ ရှိရင် တတ်နိုင်သလောက် မီးမရှို့အောင် ကြိုးစားပါ။ ဘာကြောင့်လဲ ဆိုတော့ မီးရှို့လိုက်လို့ ရှိရင် လေထု ညစ်ညမ်းမှု ဖြစ်တယ်။ အဲဒါမျိုး မလုပ်သင့် ပါဘူး။

သဘာဝ ဝန်းကျင်အင်ဂျင်နီယာ ဒေါ်အေးအေးကြည်ပါ။ သင်္ကြန်မှာ အမိမြေပါ စိုပြေလန်းဆန်း နိုင်ပါစေလို့ ဆုတောင်းရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

Your browser doesn’t support HTML5

သင်္ကြန်နဲ့ သဘာဝဝန်းကျင်ရိုက်ခတ်မှု