ထူးခြားတဲ့ သိပ္ပံပညာရှင် Stephen Hawking

Professor Stephen Hawking's smiles

ကျယ်ပြောရှုပ်ထွေးလှတဲ့ စကြာဝဠာကြီးနဲ့ သိပ်သေးငယ်တဲ့ ပရမာအနုမြူတွေအကြောင်း သာမန်လူတွေနားလည်အောင် ရှင်းရှင်းလေး ပြောပြနိုင်တဲ့ ထူးခြားတဲ့ သိပ္ပံပညာရှင် Stephen Hawking ဟာ အသက် ၇၆ နှစ်အရွယ်မှာ ကွယ်လွန်သွားပါပြီ။ နောင်လာနောက်သားတွေ အတုယူဖို့ ကောင်းတဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တချို့ကို ဒီတပတ်မှာ ပြောပြပါရစေ။

Your browser doesn’t support HTML5

Stephen Hawking

ဗြိတိသျှ ရူပဗေဒ ပညာရှင် Stephen Hawking ဟာ Theoretical Cosmology ဘာသာရပ်ဖြစ်တဲ့ ဒီ စကြာဝဠာကြီး ဘယ်လိုစခဲ့တယ်ဆိုတဲ့ စကြာဝဠာရဲ့အစကနေ ဘယ်လိုဖွဲ့စည်းထားတယ်၊ ဘာတွေရှိတယ်၊ ဘာကြောင့်ဖြစ်တယ် ဆိုတာတွေကို လေ့လာခဲ့သူပါ။ သူ့ကို လူသိများလာစေတာက သူ့ရဲ့ ထူးခြားတဲ့ စာအုပ်နဲ့ ဟောပြောမှုလို့ ရူပဗေဒပညာရှင် ဒေါက်တာပဒေသာတင်က ပြောပါတယ်။

ဒေါက်တာပဒေသာတင်။ ။ “Stephen Hawking ကစကြာဝဠာကြီးအကြောင်း၊ ပရမာအနုမြူတွေ အကြောင်းကို လူပြိန်းနားလည်အောင် ရှင်းပြနိုင်တဲ့ စာအုပ်တွေ ရေးပြီးတော့ သူကိုယ်တိုင်လည်း ပညာပေး ဟောပြောပွဲတွေလုပ်တဲ့အခါမှာ လူတွေက အရမ်းကို နားလည်သွားတယ်။ သူ့ရဲ့ စာအုပ်နံမယ်က အချိန်အကြောင်း အကျဉ်းချုပ် - The Brief History of Time ပေါ့။ အဲဒီ စာအုပ်က လပိုင်းအတွင်းမှာ ဆယ်သန်းကျော် ရောင်းရတယ်။ ၄ နှစ်လုံးလုံး နံပါတ် တစ်ပြေးခဲ့ပါတယ်။

အဲဒါအဓိကက ဘာလဲဆိုရင် ကျွန်တော်တို့ လူတွေ ဘယ်လိုဖြစ်လာသလဲ၊ ဘာကြောင့် ဒီနေရာကို ရောက်လာသလဲ၊ ဘယ်တုန်းကလဲ၊ ဘယ်ကနေရောက်လာသလဲ ဆိုတာကို သူက ရူပဗေဒ သဘောအရ နားလည်အောင် လူပြိန်းနားလည်အောင် ရေးထားတာပါ။ အဲဒီစာအုပ်ထဲမှာ equation ပေါ့ ညီမျှခြင်းဆိုတာ တခုမှ မရှိသလောက်ပါပဲ။”

သူဟာ နိုဘယ်ဆု မရခဲ့ပေမယ့် ထူးချွန်တဲ့ဆုတွေရခဲ့ပြီး ပညာရှင်တွေ အလေးထားရသူပါ။

ဒေါက်တာပဒေသာတင်။ ။ နိုဘယ်ဆုမရတာ တခြားကြောင့် မဟုတ်ဘူး။ သူထုတ်ခဲ့ တဲ့ ဟောကိန်းတွေကို အခုထိ တိုင်းလို့ မရသေးပါဘူး။ တိုင်းလို့ရတဲ့ အခါကျတော့မှ သူ့ဟောကိန်းတွေ၊ သူ့သီအိုရီတွေဟာ မှန်တယ်ဆိုတော့မှ သူ့ကို နိုဘယ်ဆုပေးတာ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၂ ခုနှစ်မှာ Milner Prize ရူပဗေဒ ပညာရှင်ဆုကို ဆွတ်ခူးခဲ့ပါတယ်။ နောက်တခုက အမေရိကန်သမ္မတကနေ ပေးတဲ့ Presidential Medal of Freedom ကို သမ္မတအိုဘားမား လက်ထက်က ပေးခဲ့ပါတယ်။

သူကိုယ်တိုင်ကလည်း အလွန်တရာမှ ဉာဏ်သိပ်ကောင်းပါတယ်။ ဉာဏ်သိပ်ကောင်း တာကို IQ Intelligent Quotient နဲ့ တိုင်းပါတယ်။ အယ်လ်ဘတ် အိုင်စတိုင်း ဟာ IQ ၁၆၀ အထက်မှာ ရှိပါတယ်။ Stephen Hawking ရဲ့ IQ ကိုတွက်ကြည့်လိုက်တဲ့ အခါကျတော့ ၁၆၀ နဲ့ ၂၀၀ ကြားမှာ ရှိတယ်။ သာမန်လူတွေရဲ့ IQ က တရာပဲ ရှိတယ်။

နောက်တခု ထူးခြားတာက အနှစ် ၃၀ လုံးလုံး ၁၉၇၀ ကနေ ဒီ Cambridge က သင်္ချာ ဌာနမှာ Lucasian Chair ဌာနမှုးရာထူးကို ရခဲ့ပါတယ်။ တော်ရုံတန်ရုံလူကို ဒီရာထူး မပေးပါဘူး။ ဥပမာအားဖြင့် ဘယ်သူရခဲ့သလဲ ဆိုတော့ ဒုတိယအကြိမ်မြောက် Lucasian Chair ကိုရခဲ့တာက သိပ္ပံပညာရှင် Issac Newton ပဲရခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက။ အခု သူ အနှစ် ၃၀ Lucasian Chair ကိုယူခဲ့ပါတယ်။

ထူးခြားတဲ့ သူ့အတွေးအခေါ်တွေထဲက အများအလေးထားလာစေတဲ့ သူ့ရဲ့ သီအိုရီက ဘာပါလဲ။

ဒေါက်တာပဒေသာတင်။ ။ နေစကြာဝဠာကြီးအကြောင်း နောက်၊ အထွေထွေ နှိုင်းရ သီအိုရီပေါ့။ General Relativity Theory နဲ့တွဲပြီး ပရမာအနုမြူ ကို ရူပဗေဒ သီအိုရီ အရ quantum mechanics နဲ့ပဲ တွက်လို့ရပါတယ်။ အဲဒါက ဘာလဲဆိုရင် ပရမာ အနုမြူ ဆိုတာ အဏုမြူလောက် သေးတဲ့အမှုန်လေးတွေကို တိုင်းတာတဲ့ တွက်ချက်တဲ့ ရူပဗေဒ ပညာပါ။ ဒီ general theory of relativity ဆိုတဲ့ အိုင်စတိုင်း ထုတ်ခဲ့တဲ့ အထွေထွေနှိုင်းရသီအိုရီဆိုတာ သူက အစိုင်အခဲ ကြီးမားတဲ့ စကြာဝဠာကြီးကို နှိုင်းပြီး တော့မှ သူတို့က အလင်းရဲ့ အလျင်နဲ့ သွားနေလို့ ရှိရင် စကြာဝဠာရဲ့ အပြောင်းအလဲ တွေက ဘယ်လိုဖြစ်မလဲ။ အဲဒီဟာတွေကို တိုင်းတာပါ။ အဲဒီတော့ အဲဒီ ၂ ခုကို တွဲပြီးတော့မှ သူက quantum gravity ဆိုပြီးတော့ သီအိုရီထုတ်ခဲ့ပါတယ်။

Quantum gravity သီအိုရီဟာ အလွန်တရာမှ သေးတဲ့ ပရမာအနုမြူတွေကို ဟော ကိန်း ထုတ်တဲ့ တွက်ချက်တဲ့ quantum ရူပဗေဒနဲ့ ဒီစကြာဝဠာအကြောင်း cosmology ရူပဗေဒ ၂ ခုကို တွဲထားတဲ့ သီအိုရီပါ။ အဲဒီ ၂ ခုကြောင့် သူက အင်မတန်မှ နံမယ်ကြီး ခဲ့ပါတယ်။

စကြာဝဋ္ဌာရဲ့ တွင်းနက်ကြီးလို့ခေါ်တဲ့ black holes နဲ့ပတ်သက်ပြီး သူ့ရဲ့ ဟောကိန်းကို ကြည့်ရအောင်ပါ။

ဒေါက်တာပဒေသာတင်။ ။ black holes ဆိုတာ ဘာလဲဆိုရင် အလတ်စားနေ ပေါ့ နော်။ ကျွန်တော်တို့မြင်နေရတဲ့ ကျွန်တော်တို့ဆီ ရောင်ခြည် အမြဲတမ်း သက်ရောက် နေတဲ့ နေဆိုရင် အသေးစား ပေါ့နော်။ ဒီနေသေးသေးသွားရင် သူကပျောက်သွားတယ် ပေါ့နော်။ white dwarf ဆိုပြီးတော့။ အဲဒါ သီအိုရီတွေ ရှိပါတယ်။ တွက်ထားတာတွေ ရှိပါတယ်။ ဒါပေမယ့် ဒီနေထက် အဆ ၂၀ လောက် ကြီးတဲ့ နေဆိုလို့ရှိရင် အဲဒီနေက သူ့ရဲ့ လောင်စာတွေ အကုန်လုံး ပုံပြီးတော့ ကျွမ်းသွားတဲ့အချိန်မှာ အလွန်တရာမှ လေးတဲ့ အစိုင်အခဲတခု ဖြစ်သွားတဲ့ ဟာကို အဲဒါဟာ black holes ဆိုတာ ပေါ်လာ ပါတယ်။ black holes ဆိုတာ ဘာလဲဆိုရင် အစိုင်အခဲက အရမ်းကို အရွယ်သေးပေ မယ့် သိပ်သည်းဆက သိပ်ကြီးလွန်းအားကြီးတဲ့အတွက် အလင်းရောင်တောင်မှ အဲဒီအနား ဖြတ်သွားလို့ရှိရင် ဖြတ်အသွားတောင် မခံဘူး။ အလင်းရောင်ကိုပါ စုပ် လိုက်နိုင်လောက် အောင် အဲဒီလောက်အထိ ပြင်းအားရှိပါတယ်။ အဲဒီ ပြင်းအားကြီး တယ်ဆိုတာ ရှိတယ်ဆိုတာကို သီအိုရီအရ စပြီးတော့ ဟောကိန်းထုတ်လိုက်တဲ့အချိန်မှာ အကုန်လုံးက လက်ခံလိုက်တယ်။

ဒါပေမယ့် ပြဿနာက ဘာလဲဆိုတော့ ဒီ black holes ဆိုတဲ့ တွင်းနက်ကြီးက အမြဲတမ်းပဲ ရှိနေမှာလား ဆိုပြီး လူတွေက မေးလာတယ်။ အဲဒီမှာ သူက မဟုတ်ဘူး။ black holes ဟာလည်း တနေ့ကျ မမြဲဘူး။ သူလည်း ပျောက်သွားလိမ့်မယ်။ ဘယ်နည်းနဲ့ ပျောက်သွားမလဲ ဆိုရင် သူကရောင်ခြည်ထွက်မယ် ဆိုပြီးတော့ ၁၉၆၉ - ၇၀ လောက်မှာ ဟောကိန်း ထုတ်လိုက်တယ်။ ထုတ်လိုက်တဲ့ ဟောကိန်းက ဒီစကြာဝဠာ အကြောင်း လေ့လာတဲ့ ရူပဗေဒ အသိုင်းအဝိုင်းမှာ တော်တော်ကို ထင်ရှားတဲ့ ဟောကိန်း ဖြစ်သွားတယ်။ အဲဒီဟောကိန်းက ဘယ်လောက်တောင်မှ အရေးကြီးသလဲ ဆိုလို့ရှိရင် ဟောကိန်းကြောင့် ဒီတွင်းနက်ကြီး လို့ခေါ်တဲ့ black holes ဟာ မတည်မြဲဘဲ နဲ့ တနေ့ကျလို့ရှိရင် တဖြေးဖြေးနဲ့ ပျောက်သွားမယ်။ ပျောက်ပုံပျောက်နည်းက ဓါတ်ရောင်ခြည် တမျိုးထုတ်မယ်။ အဲဒီထုတ်တဲ့ ရောင်ခြည်ရှိမယ် ဆိုပြီး သူဟောကိန်း ထုတ်တဲ့ ဟာ အတွက် အဲဒီ ထွက်တဲ့ရောင်ခြည်ကိုတောင်မှ Hawking radiation ဆိုပြီး နံမယ်ပေးထားပါတယ်။

Stephen Hawking ဟာ ဖန်ဆင်းရှင်မရှိဘူးလို့ လက်ခံတဲ့ သိပ္ပံပညာရှင်ပါ။

ဒေါက်တာပဒေသာတင်။ ။ Stephen Hawking က ဘာပြောခဲ့သလဲ ဆိုတော့ ဖန်ဆင်းရှင်ဆိုတာ မရှိပါဘူးတဲ့။ no creation ပေါ့နော်။ စကြာဝဠာကြီးမှာ။ အကြောင်း အကျိုး ဆက်စပ် လို့ သဘာဝကနေ ဖြစ်လာတာချည်းပဲတဲ့။ အားလုံးဟာ။ သူက ဖန်ဆင်းရှင်ဝါဒကို လုံးဝလက်မခံဘနဲ့ အကြောင်းအကျိုး ဆက်စပ်တဲ့ အကြောင်းကြောင့် အကျိုးဖြစ်ရတယ်။ ဒါကြောင့် သဘာဝကနေလာတာကိုပဲ သူက လက်ခံပါတယ်။

သူ့ရဲ့ပါရဂူစာတမ်း Properties of expending universe ကို အများလေ့လာ နိုင်အောင် သူ့တက္ကသိုလ်က အွန်လိုင်းမှာ တင်ပေးခဲ့ပါတယ်။ ခန္ဓာကိုယ်မှာ အကြောတွေအားနည်းပြီး လှုပ်ရှားလို့မရတဲ့ရောဂါ (Lou Gehrig’s disease) ရှိနေတာကို အသက် ၂၁ နှစ်အရွယ်မှာ တွေ့ရှိခဲ့ရတဲ့ Hawking ဟာ ဆုံးတဲ့အထိ ဘဝကို အရှုံးမပေးရင်ဆိုင်သွားသူပါ။

ဒေါက်တာပဒေသာတင်။ ။ သူဟာ တကိုယ်လုံး ချည့်နဲ့ပြီးတော့ လှုပ်ရှားလို့မရအောင် ဖြစ်နေတဲ့အတွက် သူ့ရဲ့ ဟောပြောပွဲတိုင်းမှာဆိုရင် ကင်မရာနဲ့ flash သုံးပြီးတော့ မီးသုံးပြီး တော့ ရိုက်ခွင့် မပြုပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ မျက်လုံး ကနေပြီး တော့မှ သူ့ရဲ့ ကွန်ပြူတာ။ အဲဒီကွန်ပြူတာကို ကြည့်ပြီးတော့ သူ မေးရိုးကလေးပဲ လှုပ်နိုင်တယ် ဆိုတော့။ အဲဒီ လှုပ်တဲ့ မေးရိုးကလေးရဲ့ လှုပ်ရှားမှုနဲ့ မျက်လုံးကြည့်တာကို ကြည့်ပြီးတော့မှ သူ့ရဲ့ အသံကို ထုတ်ယူရတာပါ။ ဘာကြောင့်လဲ ဆိုတော့ သူက စကားကို လုံးဝ မပြောနိုင်လို့ပါ။ အဲဒီတော့ ကိုယ်လက်အင်္ဂါ ချို့တဲ့ပြီးတော့ disability ဖြစ်နေတဲ့ လူတွေ အတွက်ဆိုရင် မိမိရဲ့ ကိုယ်လက်အင်္ဂါ ချို့တဲ့ရတာကြီးကို သဘာဝရဲ့ အနှောက်အယှက်တခု အနေနဲ့ ဝမ်းနဲမနေပါနဲ့တဲ့ စိတ်ကို အမြဲရွှင်လန်း ကျန်းမာအောင် ထားပြီးတော့ မိမိရဲ့ ကိုယ်စွမ်း ဉာဏ်စွမ်းနဲ့ လုပ်နိုင်သေးတဲ့ အစိတ်အပိုင်း ရှိရင် အဲဒါကို အသုံးချပြီးတော့ ဘဝမှာ တိုးတက်အောင် ကြိုးစား ဆိုပြီးတော့ မှာခဲ့ပါတယ်။

ဒေါက်တာပဒေသာတင်ပါ။