ခံစားနားလည်တဲ့ စက်ရုပ်

SoftBank Corp. Chief Executive Masayoshi Son (R) waves with the company's human-like robots named 'pepper' during a news conference in Urayasu, east of Tokyo June 5, 2014.

ဂျပန်နိုင်ငံက လက်ကိုင်ဖုံး ကုမ္ပဏီကြီး ဖြစ်တဲ့ Softbank ကော်ပိုရေးရှင်းက ဇွန်လဆန်းထဲမှာ သူ့ရဲ့ ကုမ္ပဏီအရောင်းဆိုင်တွေမှာ ချစ်စရာ ကောင်းလှတဲ့ စက်ရုပ်ကလေးတွေကို ပရိတ်သတ်နဲ့ စတင် မိတ်ဆက်ပေးခဲ့တာပါ။

လူတွေရဲ့ စိတ်လှုပ်ရှား ခံစားမှုကို နားလည်တဲ့ စက်ရုပ်ကလေးနံမယ်က Pepper ပါ။ သူ့ကို ဂျပန်နိုင်ငံရဲ့ အဓိက လက်ကိုင်ဖုံး ကုမ္ပဏီကြီးဖြစ်တဲ့ Softbank ကော်ပိုရေးရှင်းက မွေးထုတ်လိုက်တာပါ။ Softbank ကုမ္ပဏီ ရဲ့ အကြီးအကဲ ဘီလျံနာ သူဌေးကြီး Masayoshi Son က တော့ စက်ရုပ်ဆိုတာဟာ နူးညံ့ရမှာဖြစ်သလို သူနဲ့ ထိတွေ့ဆက်ဆံရတဲ့ လူတွေအတွက် စိတ်နှလုံး ရွှင်ပြုံးစေရမယ်လို့ ခံယူထားသူပါ။

Softbank ကုမ္ပဏီ ရဲ့ ဆိုင်ထဲကို ဝင်သွားရင် စက်ရုပ်ကလေးက Pepper က ပထမဆုံး လာပြီး နှုတ်ဆက်ပါတယ်။
ဒီကို ပထမဆုံး ရောက်ဖူးတာလားလို့ ပက်ပါက မေးလိုက်လို့ ဆိုင်ထဲကို ဝင်လာတဲ့ Yuichiro Suga ယူအိချိရို စုဂါ့ က ဟုတ်တယ်လို့ ပြန်ဖြေရင်း အံ့သြနေတုန်းမှာပဲ ဒီဆိုင်မှာ သိပ်ချစ်ဖို့ကောင်းတဲ့ စက်ရုပ်ကလေးကို တွေ့ရလို့ အံ့သြနေလားလို့ပါ ပက်ပါက ထပ်မေးလိုက်တာမို့ ကိုယ့်ရဲ့စိတ်ကို စက်ရုပ်က သိနေသလို စုဂါ့ တယောက်ခံစားလိုက်ရတာပါ။

“သူ့ရဲ့ ကြည့်ပုံရှုပုံ စကားပြောပုံက ကျွန်တော့်ကို တကယ်နားလည်နေသလိုပါပဲ”

ဂျပန် နိုင်ငံမှာ အခုလို ချစ်စရာ စက်ရုပ်ကလေးတွေကို တွေ့ရလေ့ ရှိပေမယ့် လူအတွက် အဖေါ်အဖြစ် သုံးနိုင်တဲ့ စက်ရုပ်ကလေးတွေကို တော့ ဈေးကွက်ထဲမှာ မတွေ့ရသေးပါဘူး။ လူသားတွေရဲ့ နေအိမ်တွေအတွက် စက်ရုပ်တွေက အဆင်သင့် မဖြစ်သေးပေမယ့် စက်ရုံ အလုပ်ရုံတွေမှာ လူသားတွေနဲ့ အတူတွဲပြီး အလုပ်လုပ်တဲ့ နေရာမှာတော့ အခြေနေ အတော်ကောင်းနေတာ တွေ့ရပါတယ်။

ဒီလို လက်တွဲလုပ်နိုင်တာကို ဒီနှစ်အတွက် ဟောင်ကောင်မှာ ကျင်းပတဲ့ နိုင်ငံတကာ စက်ရုပ်နဲ့ အလိုအလျှောက်စက်များ ဆိုင်ရာ ပြပွဲမှာ ကောင်းကောင်း တွေ့နိုင်ပါတယ်။ လမ်းလျှောက်နိုင်၊ ပြေးနိုင်ပြီး ပစ္စည်းအမာရော အပျော့ကိုပါ ဆုပ်ကိုင်နိုင်တဲ့ စက်ရုပ်ကလေး Asimo ကို ၂၀၀၀ ပြည့်နှစ်မှာ ဂျပန် အင်ဂျင်နီယာတွေတီထွင်လိုက်တာအတွက် တကမ္ဘာလုံးက အံ့သြခဲ့ရပါတယ်။

အခု ၁၄ နှစ်ကြာလာ တဲ့နောက်မှာ စက်ရုပ်ကို အိမ်တွေမှာ လူတယောက်လို့ အစားမထိုးနိုင်သေးပေမယ့် ဆေးနဲ့ စက်မှုလုပ်ငန်း အတော်များများမှာတော့ စမ်းပြီးသုံးနေကြပြီဖြစ်ပါတယ်။ လူသားတယောက်အတွက် အန္တရာယ်ကြီးတဲ့ လုပ်ငန်းခွင်တွေမှာ လူအစား လုပ်ပေးနိုင်တဲ့ စက်ရုပ်လက်တွေထွင်ပြီး ပိုတိကျဖို့နဲ့ အင်အားပိုသုံးဖို့ လိုအပ်တဲ့ အလုပ်မျိုးတွေ အတွက်သုံးနေကြတာပါ။

အမေရိကန် အခြေစိုက် Barrett နည်းပညာဌာနက ထုတ်တဲ့ စက်လက်မျိုးဟာ ပစ္စည်းကိုင်တွယ်တာ ကအစ လူတယောက်နီးပါး လုပ်ကိုင်နိုင်ပြီး စစ်တပ်၊ စက်မှုနဲ့ ဆေးပညာရပ်တွေ မှာ တွင်တွင်ကျယ်ကျယ် သုံးသလို အမေရိကန်နိုင်ငံ Rethink Robotics ကုမ္ပဏီထုတ် စက်မှုလုပ်ငန်းသုံး Baxter လို့်ခေါ်တဲ့ စက်ရုပ်ကိုတော့ အထူး software သုံးစရာမလိုပဲ ရှုပ်ထွေးတဲ့ ခွဲစိတ်မှုတွေအတွက်ပါ သုံးနိုင်ပါတယ်။

ဂျပန်နိုင်ငံ က Softbank အရောင်းဆိုင်လို ဆိုင်တွေမှာ ထားတဲ့ စက်ရုပ်တွေကတော့ စက်မှုလုပ်ငန်းသုံး စက်ရုပ်တွေ၊ တိုက်ပွဲတွေမှာ သုံးတဲ့ စစ်တပ်သုံး စက်ရုပ်တွေနဲ့ နဲနဲ ကွာပါတယ်။ ဂျပန်လို နိုင်ငံမျိုးမှာ လူငယ်နဲ့ လူကြီးအချိုးအစားဟာ မမျှပါဘူး။ သက်ကြီးရွယ်အိုတွေ တနေ့တခြား ပိုပြီးများလာနေတာပါ။ သူတို့ကို စောင့်ရှောက် ကူညီဖို့ ဒီလို အဆင့်မြင့် စက်ရုပ်တွေ ကိုပဲသုံးရမယ့် အနေထားမျိုး ဖြစ်နေပါပြီ။

အခု လက်ရှိမှာတော့ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးနဲ့ သူတို့ရဲ့ ဘေးကင်း လုံခြုံရေးကို စောင့်ကြည့်ဖို့ စက်ရုပ် နည်းပညာ ကို သုံးနေပါပြီ။ ဒါပေမယ့် သူတို့ တွေရဲ့ အထီးကျန်ဖြစ်မှုတွေ၊ ပစ်ပယ်ထားသလို ခံစားနေရမှုတွေ လျော့ပါးအောင် လုပ်ပေးဖို့ပါ လိုအပ်နေတာမို့ ဒီလို အဆင့်မြင့် နည်းပညာသုံး စက်ရုပ်တွေဟာ အဓိက ပါဝင်လာနိုင်ချေ ရှိနေတာပါ။

စက်ရုပ်ကလေး ပက်ပါဟာ အရပ် ၄ ပေမြင့်ပြီး သူ့အလေးချိန်က ၆၂ ပေါင် ရှိပါတယ်။ဆံပင်မရှိပေမယ့် လှပတဲ့ အရုပ် မျက်လုံး ပိုင်ရှင်ပါ။ ရင်ပတ်နေရာမှာ ကွန်ပြူတာ ဖန်သားပြင် တပ်ထားပါတယ်။ Softbank ကုမ္ပဏီက ပက်ပါ့ကို လူပုံ စက်ရုူပ်တွေ ထုတ်လုပ်တဲ့ Aldebaran Robotics ကုမ္ပဏီနဲ့ ပူးတွဲပြီၤး ဖန်တီးခဲ့တာပါ။
အခုလို အသံကို ကျက်မိတဲ့ software မတပ်ဆင်ခင် ကတည်းက ဒီစက်ရုပ်မှာ အာရုံခံ sensor စက်ပေါင်း တဒါဇင်ကျော်ကျော် တပ်ဆင်ထားတာနပါ။ အထိအတွေ့ အာရုံခံစက်က လက်မှာ ၂ခုနဲ့ ခေါင်းမှာ ၃ ခု၊ လေဆာ အာရုံခံစက် ၆ ခုနဲ့ အောက်ခြေမှာတော့ bump sensor လို့ခေါ်တဲ့ အနားမှာ ရှိတဲ့ ပစ္စည်းကို အာရုံခံတဲ့စက် ၃ ခုလည်း ပါဝင်ပါတယ်။ ခေါင်းမှာတော့ ကင်မရာ ၂လုံးနဲ့ မိုက်ခရိုဖုံး ၄ခု ပါသလို Wi Fi နဲ့ အီသာနက် Ethernet ကွန်ယက်တွေနဲ့လည်း ဆက်သွယ်နိုင် ပါတယ်။

Softbank ကုမ္ပဏီ အတွက် ပက်ပါကို ဖန်တီးတဲ့ စီမံကိန်း တာဝန်ခံက Kaname Hayashi ပါ။
မိတ်ဟောင်းဆွေ ဟောင်းတွေမို့ ငါနင့်ကို လာတွေ့မလို့ လုပ်နေတာလို့ ဟာယာရှိရဲ့ အပြောကို ပက်ပါ တုန့်ပြန်လိုက်တာက ငါ့ အာရုံခံ စက်ထဲမှာပေါ်နေတဲ့ နင့်ဆီက လှုပ်ရှားမှုတွေကို ကြည့်ပြီး နင်ဒီလို ပြောတော့မယ် ဆိုတာကို သိပြီးသားပါတဲ့။

ဒါတင်မကသေးပါဘူး။ ကဲ လေပေါကြရအောင်လိုမျိုး ရင်းနှီးခင်မင် သူတွေ သုံးနှုံးပြောဆိုတဲ့ လေမျိုးနဲ့လည်း ဆက်ဆံတတ်တဲ့ စက်ရုပ်ပါ။ ဘာ့ကြောင့် ဒီလို စက်က တုန့်ပြန်နိုင်တာပါလဲ။

လူသားတွေ စိတ်လှုပ်ရှားနေတာရော ဒီလှုပ်ရှားမှု အတက်အကျတွေကိုပါ စက်က ဖမ်းယူနိုင်ပါတယ်။ သူတို့ရဲ့ အပြောအဆို၊ လှုပ်ရှားမှု၊ အသံနေ အသံထား၊ အတက်အကျ တွေကနေ တဆင့် သိနိုင်တာပါ။ ဒီလို ခံစားမှု အတက်အကျကို သိလာပြီ ဆိုရင် ဒီလူဟာ ကျေနပ်နေသလား၊ သိပ်စိတ်မဝင်စားဘူးလား၊ ဒေါသထွက်နေသလား ဆိုတာ ခွဲနိုင်ပါတယ်။ အဲဒါအပေါ် မူတည်ပြီး Pepper က ဘယ်လိုအကြောင်းအရာကို ပြောရမယ် ဆိုတာသိနေတာပါ။

ဒီစက်ရုပ် ပက်ပါဟာ ကခုန်နိုင် သလို ဟာသလည်း ပြောနိုင်တယ်လို့ ပက်ပါ့ကို ဖန်တီးသူတွေက ပြောပါတယ်။ဒီစက်ရုပ်ဟာ Cloud လို့ ခေါ်တဲ့ အချက်အလက်တွေ သိမ်းဆည်းတဲ့ နေရာမှာ သိမ်းထားတဲ့ အချက်အလက် တွေကို သုံးပါတယ်။ ဒါ့ကြောင့် စက်ထဲမှာ အချက် အလက်တွေ ရှုပ်ထွေးပြီး ဆက်သုံးလို့ မဖြစ်အောင် ရပ်သွား တဲ့ ပြဿနာကို ရှောင်ရှားနိုင်တယ်လို့ Softbank ကော်ပိုရေးရှင်းက ပြောပါတယ်။ ဒီလို crash ဖြစ်လေ့ မရှိအခါမှာ စက်ရုပ်အတွက် နောက်ထပ် application အသစ် တွေ ထပ်ပြီး ထည့်နိုင်တာ ဖြစ်ပါတယ်။

ပက်ပါဟာ Softbank ကော်ပိုရေးရှင်းအတွက် ပထမဆုံး စက်ရုပ်တော့ မဟုတ်ပါဘူူး။ ဒါပေမယ့် စီးပွါးဖြစ် အနေနဲ့ ပထမဆုံး အောင်အောင် မြင်မြင် သုံးနိုင်တဲ့ စက်ရုပ်ဖြစ်ပါတယ်။

အရင်တုန်းက ဂျပန်နိုင်ငံရဲ့ နံမယ်ကြီး လျှပ်စစ်ကုမ္ပဏီကြီးတခု ဖြစ်တဲ့ Sony ကော်ပိုရေးရှင်းက Aibo လို့ ခေါ်တဲ့ စက်ရုပ်ခွေးလေးတွေ ထုတ်ပါတယ်။ လူကြိုက် သိပ်များတဲ့ ဒီစက်ရုပ် ခွေးကလေးတွေကို ပရိတ်သတ်တွေ တောင်းဆိုနေတဲ့ ကြားကပဲ ၂၀၀၆ ခုနှစ်မှာ ဆိုနီက ဆက်မထုတ်တော့ပဲ စပြီး စက်ရုပ် လူကလေးတွေကို တီထွင်ခဲ့ပါတယ်။

ဆိုနီထုတ် စက်ရုပ်လူကလေးတွေဟာ ပက်ပါနဲ့ တူပါတယ်။ ဒါပေမယ့် အရွယ်က ပိုပြီး သေးငယ်ပါတယ်။ ကလည်း ကနိုင်သလို တခြား ချစ်စဖွယ် လှုပ်ရှာမှုတွေကိုလည်း လုပ်နိုင်ပေမယ့် စီးပွါးဖြစ်တော့ မထုတ်နိုင်ခဲ့ပါဘူး။

Honda ကားကုမ္ပဏီ ကလည်း စကားပြောတတ်ပြီး လမ်းလျှောက် တတ်တဲ့ Asimo လို စက်ရုပ်တွေကို တီထွင်ခဲ့တာပါ။ ဒါပေမယ့် သုံးထားတဲ့ နည်းပညာ ဆိုင်ရာအပိုင်းမှာ ရှုပ်ထွေးလှသလို ဈေးကလည်း သိပ်ကြီးတာမို့ အိမ်သုံး အတွက် အဆင်မပြေလှပဲ ဟွန်ဒါ အရောင်း ပြခန်းတွေမှာ ပြတာမျိုးလောက်ပဲ သုံးနိုင်ပါတယ်။ ဒါ့အပြင် အသုံးပြု တပ်ဆင်ထားတဲ့ နည်းပညာ ရှုပ်ထွေးမှုကြောင့် ဝန်ပိပြီး စက်ကလည်း crash ဖြစ်ပြီး ခဏခဏ ရပ်သွားတဲ့ အနေထားမျိုးကို တွေ့ရပါတယ်။

ဂျပန်နိုင်ငံမှာ ရှိတဲ့ တက္ကသိုလ်တွေ သင်တန်းကျောင်းတွေမှာလည်း စက်ရုပ်တွေကို တီထွင် စမ်းသပ်နေကြသလို Hitachi လီ်မီတက်တို့ ၊ တိုယိုတာမော်တော်ကား ကော်ပိုရေးရှင်း အပါအဝင် တခြား ဂျပန်နိုင်ငံက ကုမ္ပဏီ အတော်များများ ကတော့ သူတို့ ကုမ္ပဏီတွေအတွက် သုံးဖို့ စက်ရုပ် အကြီးအသေး အရွယ်အစား မျိုးစုံကို ထုတ်လုပ်နေကြတာ ဖြစ်ပါတယ်။

နည်းပညာ တီထွင်မှုတွေ တိုးတက်နေတဲ့ အချိန်မို့ အခုအချိန်ဟာ စက်ရုပ်ကို လူသားတွေအတွက် အဖေါ်အဖြစ်နဲ့ လူအများသုံးနိုင်အောင် လုပ်ဆောင်ရမယ့် အချိန် ဖြစ်နေပြီလို့ ဟာရာရှီက ပြောပါတယ်။

လူလိုလှုပ်ရှားနိုင်မယ့် စက်ရုပ်တွေ ထွင်ဖို့ ကိစ္စက အသစ်အဆန်းမဟုတ်ပေမယ့် ဘာအတွက် ထွင်မယ် ဆိုတာကို စဉ်းစားဖို့ လိုလာပါပြီ။ အခုဆို central processing unit လို့ခေါ်တဲ့ စက်ရုပ်ကို အဓိက ထိမ်းချုပ်တဲ့ ကွန်ပြူတာစက် အပြင် မော်တာတွေ၊ အာရုံခံ sensor တွေလို - လိုအပ်တဲ့ ပစ္စည်း အားလုံးကိုပါ ထွင်နိုင်နေပြီမို့ ဒါတွေကို လက်တွေ့ အသုံးချနိုင်အောင် ဘယ်လို တပ်ဆင်မယ် ဆိုတဲ့ အဆင့်ကို လုပ်ရမှာပါ။ ဒါ့ကြောင့် ဒီတခါတော့ ဈေးကွက်ကို တင်နိုင်တော့မှာ ဖြစ်ပါတယ်။

Softbankလက်ကိုင်ဖုံးကုမ္ပဏီကတော့အခုလိုစက်ရုပ်တွေကို ဈေးကွက်ထဲမှာ အမေရိကန် ဒေါ်လာ ၁၉၀၀ ဂျပန်ယန်း ၂ သိန်းနီးပါးနဲ့ ဂျပန်နိုင်ငံထဲမှာ ရောင်းချနိုင်တော့မယ်လို့ဆိုပါတယ်။ ပြည်ပကို ဖြန့်ဖြူးး ရောင်းချဖို့ ကတော့ မဆုံးဖြတ်ရ သေးဘူးလို့လည်း ပြောပါတယ်။