ရေကြီးမြေပြိုဒဏ်ခံရတဲ့ ဟားခါး

Hakha Landslide (Photo by NB Sila/August 9, 2015)

တောင်ပြို ရတဲ့ အကြောင်းရင်းဟာ မိုးများရေကြီးတာကြောင့်ဖြစ်နိုင်သလို ငလျင်ဒဏ် ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ချင်းပြည်နယ်နေရာ အတော်များများဟာ တောင်တန်းတွေ ဖြစ်ပြီး ဒီဒေသမှာ မိုးကြီးရင် တောင်ပြိုလေ့ ရှိသလို ငလျင်ငယ်တွေ ငလျင်လတ်တွေကလည်း မကြာခဏ လှုပ်လေ့ ရှိပါတယ်။

တောင်ပေါ်မြို့ကလေး တမြို့ဖြစ်တဲ့ ချင်းပြည်နယ် ဟားခါးမြို့မှာ ဒီနှစ် မိုးကြီးမြေပြိုမှု တွေကြောင့် မြို့တောင်ပြောင်းရွှေ့ရမယ့် အခြေနေရောက်နေတာပါ။

ဒီအခါမှာ ဘယ်နေရာမျိုးကို ပြောင်းရွှေ့ဖို့သင့်မယ်၊ ဘယ်နေရာက ထပ်ပြိုဖို့ကိန်း ပိုများနေတယ်၊ တည်ငြိမ်မှု ပိုရှိနိုင်တဲ့ နေရာက ဘယ်နေရာလဲ ဆိုတာတွေကို သိနိုင်ဖို့ ဘူမိဗေဒ ပညာ ရှင်တွေရဲ့ အကြံဉာဏ်ကို မေ ျှာ်လင့် ကြပါတယ်။

လက်ရှိအနေအထားကို ဘယ်လို ကောင်းအောင်လုပ်မယ် ဘယ်လို သက်သာအောင်လုပ်မယ်၊ ဆိုတာတွေအတွက် သေသေချာချာ လေ့လာ ပြီးမှ ဘယ်လိုမျိုး အခြေနေရှိရင် တောင်ပြိုမြေပြိုတတ်တယ်၊ ဘယ်လိုနေရာ တွေက နောက်ထပ် အနာဂါတ်မှာ ဖြစ်နိုင်ချေရှိတယ်၊ လတ်တလော ဖြစ်နေတာတွေ ကလည်း ပိုကြီးထွါးလာမလား၊ ရပ်သွားမလား ဆိုတာတွေကို အသေးစိတ်စဉ်းစား ရမယ်လို့ ဘူမိပညာရှင် ဦးစိုးသူရထွန်းကပြောပါတယ်။

ဒါ့အပြင် အသစ်ပြောင်းမယ့် နေရာအတွက်လည်း သေသေချာချာ လေ့လာ ဆန်းစစ်ဖို့ လိုပြီး အသေးစား မြေပြိုမှုတွေ ထပ်ရှိနိုင်တယ် ဆိုရင် ဘယ်လို ကာကွယ်မလဲ ဆိုတာတွေကိုပါ ထည့်စဉ်းစားရမယ်လို့ဆိုပါတယ်။ ဒီနေရာမှာ ကျောက်အမျိုးအစား၊ အက်ကြောင်း၊ ပြတ်ရွေ့ရှိမှုတွေကို ထည့်သွင်းစဉ်းစားဖို့လိုသလို မြေအောက်ရေကလည်း ထိမ်းချုပ်တဲ့ အချက်တခုမို့ သူကလည်း အရေးပါပါတယ်။ အပေါ်ယံကျောက်မြေတွေရဲ့ အရည်အသွေးဟာ မြေအောက်ရေပေါ် မူတည်နေတာကြောင့် သူ့ကို လေ့လာဖို့ လိုတာပါ။ တကယ်လို့ ပြုပြင်ထိမ်းသိမ်းလို့ ရနိုင်တဲ့ နေရာမျိုးဖြစ်နေရင် အင်ဂျင်နီယာတွေနဲ့ တိုင်ပင်ပြီး အကြံဉာဏ် ယူရမှာ ဖြစ်ပါတယ်။

မြေပြိုမှု တိုင်းဟာ ရုတ်တရက် ထဖြစ်တတ်တာမျိုး မဟုတ်ပါဘူး။ ကနဦးအခြေနေကို ပြတဲ့ လက်ခဏာတွေနဲ့ ကြိုပြီး သိနိုင်တာတွေ ရှိပါတယ်။ အထူးသဖြင့် တောင်ရဲ့ အထက်ပိုင်းမှာ အက်ကြောင်းလေးတွေ စပေါ်လာတတ်ပါတယ်။ တောင်ကပါးစွန်းနဲ့ မလှမ်းမကမ်းမှာ ပေါ်လာတတ်တာမို့ ဒါတွေကို ရှာကြည့်ဖို့ လိုပါတယ်။ တွေ့ခဲ့ရင် လတ်တလောဖြစ်စေ၊ အနာဂါတ်မှာ ဖြစ်စေပြိုဖို့ လမ်းများပါတယ်။ တကယ်လို့ လက်ရှိအခြေနေမှာပဲ တောင်ပြိုမှုတွေ ရပ်သွားပြီး တခြားသင်္ကေတတွေ မတွေ့ရဘူး ဆိုရင်တော့ အရေးတကြီး စိုးရိမ်ဖို့ထက် ရေရှည်ကို စဉ်းစားသင့်တယ်လို့လည်း အကြံပေးပါတယ်။

မြန်မာနိုင်ငံဟာ တောင်တန်းထူထပ်တာမို့ တောင်ပြိုမှုအန`တရာယ် ကြုံနိုင်တဲ့ ဒေသက များပါတယ်။

အစောပိုင်းမှာ တောင်တန်းဒေသဘက်က မြေပြိုမှုတွေ များနေပေမယ့် နောက်ပိုင်းမှာတော့ မြစ်ဝကျွန်းပေါ်ဒေသမှာ မြစ်ကြောင်း ကမ်းပြို မြေပြိုမှုတွေက စိုးရိမ်ရလောက်အောင် ပိုများလာပါတယ်။ ဒါဟာ စည်းကမ်းမဲ့ သစ်ခုတ်မှု၊ ကမ်းပါးဖြို ရွှေတူးဖေါ်မှုနဲ့ မဆင်မခြင် သောင်တူးတာတွေက တရားခံမို့ မြစ်ကြောင်းထိမ်းသိမ်းရေး ကို စံနစ်တကျ လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။