Your browser doesn’t support HTML5
၂၀၁၉ ဖေဖေါ်ဝါရီ လဆန်းမှာ မွန်ပြည်နယ် ရေးမြို့က ရှေးဟောင်းကျုံးတော်ကြီး ကန်မှာ မီးသတ်ကား ၇ စီး ၈ စီးတိုက်စာ ငါးတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပါတယ်။ ဘာကြောင့်ပါလဲ။ သွားရောက် စူးစမ်းခဲ့တဲ့ စိမ်းလန်းအမိမြေအဖွဲ့က ဦးဝင်မျိုးသူက ပြောပြပေးမှာပါ။
ဦးဝင်းမျိုးသူ။ ။“ကန်က တော်တော်ကြီးပါတယ်။ မြို့လယ်ခေါင်မှာ ရှိတဲ့ အရင်တုန်းကနန်းကျုံးပေါ့ ဗျာ။ ကျုံးမှာကဖြစ်လာတဲ့ ကန်ကြီးဆိုတော့ ကျန်တဲ့ အသုံးတော့မရှိပါဘူး၊ ကျနော် နားလည် သလောက် ပေါ့လေ။ ဒီကန်က ၃ ပေလောက်ပဲ အနက်ရှိတော့တယ်။ ငါးတွေအရမ်း လာလာ လွှတ်ကြတော့ ငါးအရေအတွက်က တအားကို များသွားတာပေါ့။ ဒီကန်မှာက အပင်တောင် ဘာမှ မရှိတော့ဘူးလို့ပြောတယ်။ ငါးတွေ အကုန်စားကုန်တာ ဖြစ်မယ်။ အဲဒီမှာ လူတွေက ဘေးနားကလည်း ဘုရားရှိတော့ ငါးစာကျွေးကြပေါ့ဗျာ။ နောက်တခုက ငါးလာထည့်ကြ၊ ငါးလာပြီးလွှတ်ကြ၊ နောက်တခုကလည်း အစိုးရကလည်း ငါးမျိုးစိုက်ထည့်တယ်၊ ငါးမျိုးမပြုန်းအောင် ဆိုပြီး၊ ထည့်ပေးတော့၊ အဲဒီမှာရှိတဲ့ ငါးအရေအတွက်က တအားကို ပေါက်ပွါးပြီးတော့ တိုးပွါးပြီးတော့ ကန်ကြပ်သွားတဲ့ သဘောလို့ သုံးသပ်ပါတယ်။”
အခုလို ကန်ကြပ်သွားလောက်အောင် များတဲ့ ငါးတွေ ရှိတဲ့နေရာမှာ မြန်မာတွေရဲ့ ဓလေ့အရ ငါးလွှတ်ကြတာနဲ့ အစိုးရပိုင်းက ငါးမျိုးမတုန်းအောင် ငါးထည့်ပေးတာရဲ့ အကျိုးဆက်ကို ကြည့်ရအောင်ပါ။
ဦးဝင်းမျိုးသူ။ ။“ကျနော်တို့ကတော့ သူ့အသက်လွှတ် ကိုယ့်အသက်လွတ်ပေါ့။ ဒီလိုယုံကြည်မှုနဲ့ လွှတ်ကြတယ်။ သို့သော်လည်း ရီစရာ ဖြစ်နေတာက ကျနော်တို့ လွှတ်တဲ့ ငါးမျိုးတွေက ငါးခူတွေ၊ ငါးရံ့တွေ ဆိုသလိုမျိုး ဖြစ်နေတော့ သူကကျန်နေတဲ့ငါးတွေကို လိုက်စားမှာပဲ။ သူတို့က အသားစား ငါးတွေ ဆိုတော့၊ ကန်ထဲလွှတ်လိုက်တဲ့ အချိန်မှာ။ သူက ငါးကမျိုးစုံရှိတာကိုး ရေမှော်ကလေးတွေပဲစားတဲ့ ငါးအသေးလေးတွေ ရှိမယ်။ အဲဒီငါးသေးလေးတွေကိုမှ စားတဲ့ ငါးမျိုးရှိမယ်။ ဒီလို ဆင့်ကဲ ဆင့်ကဲပေါ့။ သူ့ဇီဝ concept အရ ကျနော်တို့ အပြင်မှာ ဖေါက်ပြီးတော့ လွှတ်တဲ့ ငါးတွေက ငါးကျီးတို့ ငါးရံံတို့၊ ငါးခူတို့ပဲ ဖြစ်တယ် ဆိုတော့ ဒီငါးတွေက ပြန်ပြီးတော့ ငါးသေးသေးလေးတွေကို စားမှာလေ။ ဒါကတော့ ဘာသာရေး အနေနဲ့ ကျနော်တို့ ကိုးလို့ကန့်ကလန့် ဖြစ်နေတဲ့ အချက်လေးကို ပြောတာပါ။ အဲဒီလိုလွှတ်ကြတဲ့ အခါကျတော့ ပေါက်ဖွားတာတွေဖြစ် တယ်ပေါ့။
အစိုးရ အနေနဲ့က ငါးမျိုးထည့်တယ် ဆိုတာ လူတွေ ဖမ်းတဲ့အတွက်၊ စားသုံးတဲ့အတွက် ငါးတွေ ကုန်ပြီပေါ့၊ မျိုးတုန်းပြီ။ အဲဒီတော့ သဘာဝ အတိုင်း ပြန်ဖြည့်ဆည်းဖို့ ခက်တဲ့ နေရာမှာ သူတို့က လူတွေ စားလို့ရအောင် ငါးမျိုးတွေဖြန့်တယ် ဆိုပြီးတော့ သူတို့ကတော့ မြက်စားငါးကြင်းလို ဟာမျိုးတွေ ထည့်ကြတာပေါ့။ မြက်စားငါးကြင်းဆိုတော့ သူ့ရဲ့ သဘောကတော့ အသားစားငါးမျိုး မဟုတ်ဖူး။ ရေမှော်တွေပဲစားတယ်။ ရေထဲမှာ ရှိနေတဲ့ သတ်သတ်လွတ်စားတဲ့ ငါးပေါ့ဗျာ။ သို့သော်လည်း ဒီကောင်ကြီးတွေက ငါးတွေက ကြီးတဲ့အခါ ကျတော့ သူတို့ရဲ့ size အရွယ်အားဖြင့် နေရာအတော်များများကို ယူထားလိုက်တဲ့ အခါကျတော့ ကျန်တဲ့ ငါးမျိုးလေးတွေ နေဖို့ အခက်အခဲ ရှိတာပေါ့။ နောက်တခုက အဲဒီ ထည့်လိုက်တဲ့ ငါးတိုင်းကရော ဘယ်လောက် ရှင်သလဲပေါ့။ ဒါတွေက နည်းပညာပိုင်း ဘက်က စဉ်းစားစရာ အချက်တွေ ပေါ့ဗျာ။”
ဘာပဲပြောပြော ငါးလွှတ်ကုသိုလ်ယူကြတဲ့ မြို့လယ်ခေါင်က တင့်တယ်လှတဲ့ ရေကန်ကြီးမှာ ဖေဖေါ်ဝါရီ လဆန်းက မမျှော်လင့်ပဲ ငါးတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့အတွက် ဦးဝင်းမျိုးသူ တို့ရဲ့ စိန်းလန်းအမိမြေအဖွဲ့က သွားရောက်လေ့လာပြီး ရေကိုပါ ဓါတ်ခွဲ လေ့လာခဲ့တာပါ။
ဦးဝင်းမျိုးသူ။ ။“ရေစမ်းတဲ့အခါကျတော့ အမိုးနီးယား level က 1.9 ppm ထက် များတယ်ပေါ့။ ၁.၉ ppm ဆိုတာက အကြမ်းဖျဉ်း အမေရိကန် EPA ရယ် ပတ်ဝန်းကျင်ဌာက သတ်မှတ်ထားတဲ့ ကန်ရေတွေမှာ ရှိသင့်တဲ့ အဲဒီထက် မကျော်သင့်တဲ့ အမိုးနီးယား ပမာဏထက် များပြီးတော့၊ ၃ တို့ ၄ တို့ ၅ တို့ ဆိုတော့ ခပ်မြင့်မြင့်ကို အမိုးနီးယားတွေ များနေတာကို ကျနော်တို့ သွားတွေ့တယ် ပေါ့နော်။ နောက် dissolved oxygen လို့ ခေါ်တဲ့ ရေထဲ အောက်ဆီဂျင် ပျော်ဝင်နေတဲ့ ပမာဏ ကတော့၊ ကျနော်တို့က ဖြစ်ပြီး ၂ ရက် ၃ ရက်လောက်ကြာမှ ကျနော်တို့ သိပ္ပံအဖွဲ့က ရောက်တာ ဆိုတော့ အဲဒီ အချိန်မှာ DO level ကတော့ နဲနဲလေးတော့ ပြန်ကျသွားပြီ။ အဓိကကတော့ အမိုးနီးယား အရမ်းများလာတယ်။ အောက်ဆီဂျင်တအား နဲနေတယ် ဆိုရင် ရေကန်ထဲက ငါးတွေ သေကုန်တဲ့ သဘောပေါ့နော်။ ဘာလို့လည်း ဆိုတော့ ကျနော်တို့ သွားကြည့်တဲ့ အချိန်မှာ အမိုးနီးယားတွေက များနေသေးတယ်။ အဲဒီတော့ ကျိန်းသေတယ်။ ဒါဟာ အစာကြောင့် ဖြစ်တာလို့ ကျနော်တို့ ဒီလိုပဲ ကောက်ချက်ချလို့ ရပါတယ် ”
ငါးစာကျွေးတာကြောင့် ငါးတွေ ဘာကြောင့် သေဆုံးရတာပါလဲ။
ဦးဝင်းမျိုးသူ။ ။“ငါးစာက တကယ်ငါးတွေ စားနိုင်တာက ကျွေးတဲ့အစာရဲ့ ၃၀ % လောက်ပဲ အလွန်ဆုံး စားနိုင်တာပေါ့။ ကျန်တဲ့ ငါးစာအကြွင်းအကျန်တွေ အကုန်လုံးက ကန်ရေပြင်ထဲကို ကျကျ ပြီးတော့ ကန်ရဲ့ အခြေမှာ သွားထိုင်နေတာပေါ့နော်။ အဲဒီတော့ ရာသီဥတုက အေးတာကနေ ပူတာလေး ပြောင်းတဲ့အချိန်မှာ အောက်ဆီဒိုင်ဇေးရှင်း ဖြစ်ပြီးတော့ အမိုးနီးယား ဓါတ်ငွေ့တွေက မတရား များများလာတာ။ များလာတဲ့ အခါကျတော့ ဒီငါးက အမိုးနီးယားကို sensitive ဖြစ်တဲ့အခါ ကျတော့ ကန်မှာ သေကုန်ကြတာပေါ့။ အဲဒါ မီးသတ်ကား ၇ စီး ၈ စီးတိုက်လောက် ရတယ်ပြောတယ်။ အဲဒီ သေတဲ့ငါးတွေကို ဆွဲထုတ်သွားတာက။ အဲဒါကတင် ပိဿာချိန် ၃ ထောင်လောက် ဆိုတော့ လူတွေလည်း ကြောက်ကြတာပေါ့။ ဘာကြောင့်များ ဒီလောက် သေလဲပေါ့၊ တဖက်က ကြည့်ရင်တော့ ရှိနေတဲ့ ကန်ထဲကငါးနဲ့ သေသွားတဲ့ငါးမှာ ကျန်ခဲ့တဲ့ငါးကိုကြည့်ရင် ငါးနဲ့ ကန်ရဲ့အချိုးက
ဒီကန်ထဲကရေမှာ ငါးတွေအတွက် အန္တရာယ်ရှိလောက်အောင် အမိုးနီးယား- နိုက်ထရိုဂျင်ပျော်ဝင်မှု ပမာဏများတာနဲ့ အောက်ဆီဂျင်ပျော်ဝင်မှု နဲပါးတာကိုတွေ့ရတဲ့အပြင် ဝန်းကျင်လူသုံးရေမှာပါ လူတွေအတွက် အန္တရာယ်ရှိတာကိုတွေ့ခဲ့ရတယ်လို့လည်း ပြောပါတယ်။
ဦးဝင်းမျိုးသူ။ ။“အဲဒီကန်ထဲက ရေကို ကျနော်တို့ စမ်းသပ်တဲ့ အချိန်မှာ ကန်နားမှာရှိတဲ့ ရေကန်ပေါ့၊ လူနေအိမ်ခြေတွေ မှာရှိတဲ့ ရေကန်ထဲက ရေတွေရော နောက်တခုက ရေးမြစ်ကြီးကလည်း အဲဒါနဲ့ ကပ်နေတယ်။ အဲဒီကန်နဲ့ သိပ်မဝေးဘူး။ ဒါကြောင့် ရေမြစ်ထဲက ရေကိုပါ စမ်းကြည့်တယ်။ အဲဒီရေးမြစ် ထဲက ရေကတော့ ပုံမှန်ပဲ။ သူက ဘာမှ စိုးရိမ်ပူပန်စရာ မရှိဘူး။ ပထမ ကျနော်တို့ ထင်တာက အဲဒီရေးမြစ်ထဲက ရေက မြေအောက်ကနေပြီးတော့ ရေငံတက်လာတဲ့ အချိန်မှာ ဒီဘက် ကန်ထဲကိုထိုးတဲ့ အခါကျတော့ ငါးတွေ သေသလားပေါ့။ ဒါကလည်း စဉ်းစားချက် တချက်ပေါ့။ သို့သော်လည်း အဲဒီရေငံ ထိုးတာတော့ မဟုတ်ဖူး။ နီးစပ်မှုလည်း မရှိတဲ့ ပုံစံဆိုတော့ ဒါက စိတ်အေးရတယ်။
လူနေရပ်ကွက်က ရေတွင်းကနေပြီးတော့ တိုင်းလိုက်တဲ့ အခါမှာ နိုက်ထရိတ်တွေ များလာတာကို ကျနော် သတိထားမိတယ်။ အဲဒီတော့ ဒီအမိုးနီးယားတွေဟာ ကန်ရေအောက်ကနေပြီးတော့ မြေအောက်ရေကြောထဲသွားပြီးတော့ အဲဒီ နိုက်ထရိတ်ပါတဲ့ ရေကန်ထဲက ရေတွေက ရေတွင်းတွေကို ထိလားဆိုတဲ့ ဟာက စဉ်းစားစရာ ဖြစ်လာတယ်။ အဲဒီနိုက်ထရိတ်ကကျတော့ လူတွေကို ကင်ဆာတို့ ဘာတို့ဖြစ်စေတဲ့ သဘောရှိတာပေါ့နော်။
အဲဒီတော့ ဒါကနောက်ထပ် ဆက်ပြီး စောင့်ကြည့်ရမယ်။ ကျနော်တို့ကလည်း ရေတွင်းတတွင်း ဆီကပဲ ရေနမူနာ ယူခဲ့တာ ဖြစ်တဲ့အတွက် ကျန်ရေတွင်းတွေကို မစစ်ကြည့်ရသေးဘူးပေါ့။ ဆိုတော့ အဲဒီနား ပတ်ပတ်လည်က ရေတွင်းတွေမှာ နောက်ထပ် တကယ်တတ်နိုင်ရင်တော့ ပြန်စစ်ဖို့ လိုတာပေါ့။”
မြန်မာတွေရဲ့ ငါးလွှတ်တဲ့ ဓလေ့ကြောင့် သဘာဝဝန်းကျင် ဂေဟစံနစ် မထိခိုက်စေဖို့ ဘာတွေ လုပ်ဆောင်နိုင်ပါသလဲ
ဦးဝင်းမျိုးသူ။ ။“ရေးမြို့မှာ ဖြစ်သွားတဲ့ဟာကို နမူနာ ယူပြီးတော့ ငါးလွှတ်တာတွေ ဆင်ခြင်ဖို့၊ ငါးစာ ကျွေးတဲ့အခါမှာလည်း ထိန်းထိန်းသိမ်းသိမ်းလေး လုပ်သင့်တယ်ဆိုတာလေးကို သတိပေးချင်ပါတယ်။ အဲဒီတော့ သူ့အိုးနဲ့ သူ့ဆန် မမျှတဲ့ အချိန်မှာ ဒီလိုဖြစ်သွားတဲ့ သဘောပေါ့နော်။ ဒီလို ကန်တွေက tourist site နိုင်ငံခြားခရီးသွားတွေ လာလည်ဖို့ သင့်တော်တဲ့ နေရာ လို့တောင် ပြောလို့ရတယ်လေ။ ဒါက မြို့လယ်ခေါင်မှာ။ ဒါက water front area ရေရှုခင်းရှိတဲ့နေရာ တွေက အရမ်း တန်ဖိုး ရှိတာလေ။ ရေရှိတဲ့နေရာမှာ လူနေအိမ်တွေ ဆောက်ကြတယ်။ နောက် မြို့ထဲမှာ ဒီလို ရေကန်ကြီး ရှိတယ် ဆိုတော့ အင်မတန်မှ နေပျော်ဖို့ ကောင်းတယ်။ သူက ဒီ landscape မြေပြင် အနေအထား အနေနဲ့လည်း နေရာရှုခင်းကလည်း တန်ဖိုးရှိတယ်။ သူက သမိုင်းနဲ့ပါ ဆက်တယ်ဆိုတော့ မြို့ခံတွေ အတွက် ဂုဏ်ယူစရာပေါ့။ ဒီလိုတန်ဖိုးရှိတဲ့ နေရာကြီးမှာ ဒီလိုမျိုး ဂေဟမျှခြေ ပျောက်သွားတယ် ဆိုတာ ကတော့ မသင့်တော်ဘူးပေါ့။”
စိမ်းလန်းအမိမြေအဖွဲ့က ဦးဝင်းမျိုးသူပါ။