Your browser doesn’t support HTML5
၂၀၁၆ ခုနှစ်မှာ နာဆာအဖွဲ့အတွက် အောင်မြင်မှုတွေနဲ့ အတူ ဝမ်းနဲဖွယ် ဖြစ်ရပ် တခုကတော့ အမေရိကန် အာကာသ သူရဲကောင်း John Glenn ကွယ်လွန်သွားတာ ပဲ ဖြစ်ပါတယ်။ ကမ္ဘာပါတ်လမ်းထဲ သွားရောက်ပျံသန်းခဲ့တဲ့ ပထမဆုံး အမေရိကန် အာကာသယာဉ်မှုး John Glenn ဟာ အသက် ၉၅ နှစ် မှာ ကွယ်လွန်သွားတာပါ။ သူ့ကို အစွဲပြုပြီး နံမယ်ပေးထားတဲ့ Glenn သုတေသန ဌာနရဲ့ ၇၅ နှစ်မြောက် ဖြစ်တဲ့ ၂၀၁၆ မှာပဲ ကွယ်လွန်သွားတာပါ။ ဒီဌာနအတွက် တာဝန်ထမ်းဆောင် နေသူတွေ ထဲမှာ မြန်မာနိုင်ငံသား ဒေါက်တာ ပဒေသာတင် လည်း ပါဝင်ပါတယ်။
Glenn သုတေသနဌာနဟာ အမေရိကန်နိုင်ငံတဝှမ်းက နာဆာ သုတေသနဌာန ပေါင်း ၁၀ ခုထဲက တခုဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်အတွင်း နာဆာရဲ့ ဂြိုဟ်တုတွေနဲ့ အာကာသ မှန်ပြောင်းတွေက ဘာတွေ လုပ်နိုင်ခဲ့ သလဲ ဆိုတာ ကြည့်ရအောင်ပါ။
လွန်ခဲ့တဲ့ ၅ နှစ်လောက်က လွှတ်တင်ခဲ့တဲ့ Juno ဆိုတဲ့ ဂြိုဟ်တုဟာ ဇူလိုင်လက ကြာသပတေးဂြိုဟ် ရဲ့ ဓါတု ရုပ်သဘာဝ ရာသီဥတု အနေအထား သိပ္ပံအချက်အလက် တွေကို စပြီး ပို့ပေးနေပါပြီ။ ဒီနှစ် မေလမှာပဲ Kepler ဂြိုဟ်တုက စင်္ကြာဝဋ္ဌာ နဂါးငွေ့တန်းထဲမှာ ဂြိုဟ် အသစ်ပေါင်း ၁၃၀၀ လောက်ကို ထပ်ပြီး ရှာဖွေ တွေ့ရှိ မှတ်တမ်း တင်နိုင် ခဲ့ပါတယ်။
ဒါ့အပြင် Hubble အာကာသ မှန်ပြောင်းက ဒီနှစ်ထဲမှာပဲ ကြာသပတေးဂြိုဟ်ရဲ့ လဖြစ်တဲ့ Europa ကို အသေးစိတ် ဓါတ်ပုံရိုက် တိုင်းယူနိုင်ပါတယ်။ ယူရိုပါဟာ ကြာသပတေးဂြိုဟ်ရဲ့ လတစင်း ဖြစ်ပြီး ကမ္ဘာထက် ရေ ၂ ဆလောက် နီးပါး ထိမ်း ထား နိုင်ပါတယ်။ နေစင်္ကြာ ဝဋ္ဌာထဲမှာ ကမ္ဘာကလွဲရင် သက်ရှိ တွေ ရှိနိုင်တယ်လို့ မှန်းထားတဲ့ နေရာတွေ ထဲမှာ ကြာသပတေးဂြိုဟ်ရဲ့ လ ယူရိုပါလည်း ပါပါတယ်။
အပြည်ပြည်ဆိုင်ရာ အာကာသစခန်းက ထူးခြားတဲ့ စမ်းသပ်မှုတွေက ဘာတွေပါလဲ။
အလေးချိန်မဲ့၊ ဆွဲငင်အားမဲ့ သုတေသန ကို အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းမှာ နိုင်ငံအများအပြား ပါဝင်ပြီး လုပ်ဆောင်နေတာ ဒီနှစ်မှာ ၁၆ နှစ် ရှိသွားပြီဖြစ် ပါတယ်။ ဒီနှစ်ထဲမှာ အမေရိကန် အာကာသ ယာဉ်မှုး Scott Kelly ဟာ အမေရိကန် နိုင်ငံရဲ့ ပထမဆုံး ရက်အကြာဆုံးအဖြစ် ရက်ပေါင်း ၃၄၀ လောက် အာကာသစခန်းမှာ နေခဲ့တာပါ။
နောက် ဆယ်နှစ် အနှစ် ၂၀ အတွင်းမှာ လူသားတွေ အင်္ဂါဂြိုဟ်ကို အရောက်သွားဖို့ လုပ်နေတာဖြစ်ပြီး အင်္ဂါဂြိဟ် ခရီးစဉ်အတွက် ရက်အကြာကြီး အလေးချိန်မဲ့တဲ့ အာကာသထဲ နေ ရမှာ ဖြစ်ပါတယ်။ အခုလို ရက်အကြာကြီး နေတဲ့ အတွက် လူ့ခန္ဓာကိုယ် ထဲမှာ ဇီဝ ပြောင်းလဲမှုတွေ ဘာဖြစ်လာ နိုင်တယ်ဆိုတဲ့ သိပ္ပံ အချက်အလက်တွေ ကို စုဆောင်းတာ ဖြစ်ပါတယ်။ အဲဒီမှာ စိတ်ဝင်စားဖို့ ကောင်း တာက Scott Kelly ပြန်လာတဲ့ အခါမှာ သူဟာ သူ့နဂိုအနေပြန်ရဖို့ ဟန်နိုင်ဖို့ အတော် လုပ်ယူခဲ့ရတာကို သွားတွေ့ပါတယ်။ သူဟာ တနှစ်နီးပါး အာကာသထဲ နေလာတဲ့ အခါမှာ နေ့စဉ် လုပ်ဆောင်တာတွေ ကို တောင် မေ့လာ တာ တွေ့ရတဲ့အတွက် ဘာကြောင့် အခုလို ဖြစ်ရတယ် ဆိုတာကို သုတေသန လုပ်နေပြီဖြစ်ပါတယ်။
အင်္ဂါဂြိုဟ်ကို စူးစမ်းမှု အခြေနေကရော ဘယ်အထိ ရောက်နေပါပြီလဲ။
ဒီနေ့မှာ အင်္ဂါဂြိုဟ်ကို လူသားတွေသွားဖို့အတွက် ဆက်ပြီး ပြင်ဆင်လျှက် ရှိပါတယ်။ (Space Lunch System) SLS - ဆိုတဲ့ ဒုံးပျံလွှတ်တင်ပါမယ်။ ဒါကြောင့် နောက် နှစ်နှစ်လောက်နေ လို့ရှိရင် ဖလော်ရီဒါကမ်းခြေ ကနေဒီ အငူကနေ သူ့အတွက်ဆောက်ထားတဲ့ ဒုံးပစ်စင်ကနေပြီးတော့ ဒီ ဒုံးပျံအသစ်ကို စမ်းကြည့်မှာ ဖြစ်ပါတယ်။
နောက်တခုကတော့ အင်္ဂါဂြိုဟ်ပတ်လမ်းကြောင်းကို လွှတ်တင်ထားတဲ့ MRO ပေါ့နော်၊ Mars Reconnaissance Orbiter ဆိုတဲ့ ဂြိုဟ်တုက အင်္ဂါဂြိုဟ်ရဲ့ ချိုင့်ဝှမ်းကြီးတခုထဲမှာ အလွန်ကြီးတဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံးရေအိုင်ကြီး ထက်တောင်ကြီးတဲ့ ရေတွေဟာ အင်္ဂါဂြိုဟ် မျက်နှာပြင် မြေလွှာ ရဲ့အောက်မှာ ရှိနေတယ်ဆိုတာကို စပြီးတော့ သတင်းပို့ တိုင်းနိုင်ခဲ့ပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်လောက်က တင်ထားခဲ့ တဲ့ မောင်စူးစမ်း - curiosity ဆိုတဲ့စက်ရုပ်လေးဟာ အခုချိန်က အင်္ဂါဂြိုဟ်မှာ အောက်စီဂျင်ထုထည် ပမာဏ ဘယ်လောက်ရှိတယ်ဆိုတာကို တိုင်းတာခဲ့ပြီး တချိန်က ကမ္ဘာ့လေထု နီးပါးလောက်ကို များတဲ့ အောက်စီဂျင် ရှိခဲ့တယ်ဆိုတာကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ Curiosity ဆိုတဲ့ မောင်းသူမဲ့ စက်ရုပ်လေးဟာ ဘယ်ကျောက်သား မျိုးကို လေ့လာ ရမလဲဆိုတဲ့ ဟာကို သူ့ဟာသူ သိပ္ပံအချက်အလက်တွေကို နှိုင်းယှဉ်ပြီးတော့ သူလိုချင်တဲ့ကျောက်သားတွေ ကိုရှာ၊ သူ့ဟာသူတူးပြီးတော့မှ ရူပ၊ ဇီဝ၊ ဓာတု - အချက်အလက်တွေ အကုန်လုံးကို စပြီးတော့ ပို့နိုင်ပါပြီ။
အာကာသနည်းပညာတွေ အပြင် ကမ္ဘာမြေပေါ်မှာ လူသားတွေ အကျိုးပြုဖို့ လုပ်နိုင်တာတွေကိုလည်း ကြည့်ရအောင်ပါ။
မိုက်ကရိုလင့် ကုမ္ပဏီဆိုတဲ့ ပုဂ္ဂလိကပိုင်ကုမ္ပဏီနဲ့ NASA နဲ့ တွဲပြီး NASA က အထောက်အကူနဲ့ ဆိုလာပြားတမျိုးကို ထုတ်နိုင်ခဲ့ ပါတယ်။ အဲဒီဆိုလာပြားက စက္ကူလောက်ပါးပြီး လိပ်ပြီးတော့လည်း သယ်သွားလို့ရ ပါတယ်။ နောက်တခု ကတော့ လယ်ယာသုံး လယ်ထွန်စက်၊ ကောက်ရိတ်စက်တွေကို အရင်တုန်း ကတော့ လူကိုယ်တိုင် မောင်းပါတယ်။ အခု NASA ကနေပြီးတော့ GPS နဲ့ ထိန်းချုပ်စံနစ်နဲ့ လယ်ထွန်တာ၊ ကောက်ရိတ်တဲ့စက်တွေ အကုန်လုံးကို လူမပါဘဲနဲ့ ကောက်ရိတ်လို့ရအောင်၊ လယ်ထွန်လို့ရအောင် ဖန်တီးပေးခဲ့ပါတယ်။ ဒီနှစ်ထဲမှာ။
စကြာဝဠာမှာ စူးစမ်းတဲ့အခါမှာ သုံးတဲ့စက်တွေကို ဒီကမ္ဘာပေါ်မှာပြန်သုံးတဲ့ နည်းပညာထဲမှာတော့ အင်္ဂါဂြိုဟ်ပေါ်ကို တင်ထားတဲ့ ဂြိုဟ်တုရဲ့ကင်မရာ တွေက သူတို့ရဲ့ resolution ပေါ့နော်၊ အသေးစိတ်ကို စိတ်ကြည့်နိုင်တဲ့ဟာကို အခု ကင်းထောက်လေယာဉ်ပျံတွေ ကနေပြီး ဒီ တကမ္ဘာလုံးရဲ့ မြေမျက်နှာပြင်ကို ရိုက်ပြီး ကမ္ဘာရဲ့ရာသီဥတုကို ပိုပြီး တိတိကျကျ တိုင်းနိုင်ပါတယ်။
နောက်တခုက သစ်တောထိန်းသိမ်းရေးမှာ Area photography ကောင်းကင် ဓါတ်ပုံရိုက်တာပါ။ ကာင်းကင်ကနေပြီး ဓာတ်ပုံရိုက်တဲ့ နေရာမှာ အသေးစိတ် တိုင်းတာလို့ရအောင်၊ သုံးရအောင် NASA က ထွင်ထားတဲ့ ကင်မရာကို သုံးပါတယ်။ ဒါဟာ အဓိက ဘယ်နေရာမှာ သွားအသုံးဝင်လဲ ဆိုလို့ရှိရင် သစ်တော မီးလောင်တဲ့အခါ ဧရိယာဘယ်လောက်အထိ ပျံ့နှံ့ပြီးတော့ မီးအရှိန် ဘယ်လောက် ပြင်းပြင်းနဲ့ ဘယ်နေရာမှာ လောင်နေလဲ ဆိုတဲ့ဟာကို အတိအကျပြောနိုင် လာတာ ဖြစ်ပါတယ်။
နောက်တခုက ရှေးဟောင်းမြို့ကြီးတွေ၊ မြို့ပျက်ကြီးတွေက ဘယ်နေရာမှာ ရှိနိုင်တယ်ဆိုတဲ့ဟာကို ဒီ Areal Photography နဲ့ ကောင်းကင်ကနေပြီးတော့ ဓာတ်ပုံရိုက်ပြီး ရှာတဲ့နည်းပညာဖြစ်ပါတယ်။ ဒီအတွက် NASA က သုံးတဲ့ ကင်မရာတွေကို စသုံးနေကြပါပြီ။
နာဆာက လူသားတွေ အတွက် အကျိုးရှိစေတဲ့ ဒီနှစ်ထဲ တီထွင်မှု တချို့လည်း ရှိပါသေးတယ်။
NASA ကနေ တီထွင်ပေးတဲ့ နောက်တခုကတော့ ကျနော်တို့ရဲ့ လက်ကိုင် ဆယ်လူလာ ဖုံးတွေကို app တခု download လုပ်ပြီးတော့ လက်မလောက်၊ လက်သန်းလောက်ရှိတဲ့ စက်ကလေးကို ဘက်ထရီ charger လုပ်တဲ့နေရာလေး မှာထည့်လိုက်တာနဲ့ ဒီဆယ်လူလာဖုံးက မီးလောင်နေတဲ့ မီးခိုးငွေ့တွေ ဘယ်လောက်ထိ ထွက်နေသလဲ အပူချိန်ဘယ်လောက်ရှိပြီး ဘယ်လိုဓာတ်ငွေ့တွေ က ကိုယ့်ပတ်ဝန်းကျင်တွေမှာ ရှိလဲပေါ့နော်၊ ကာဗွန်မိုနောက် ဆိုဒ် sensor တို့ အောက်ဆီဂျင် sensor တို့ ပြောင်းသွားပြီးတော့ သုံးလို့ရတဲ့ နည်းပညာကို NASA ကနေပြီးတော့ လူတွေသုံးဖို့အတွက်ကို ကူညီထောက်ပံ့ ခဲ့တယ်လို့ ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။