Your browser doesn’t support HTML5
အာကာသ ယာဉ်မှုးတွေ အင်္ဂါဂြိုဟ်ကို သွားမယ်ဆိုရင် ၉ လလောက်ကြာမှာမို့ ဒီခရီး အတွက် ယာဉ်မှုးတွေမောင်းနှင်ရာမှာ အထောက်အကူပေးနိုင်အောင် သုတေသန လုပ်နေတာ ဖြစ်ပါတယ်။ ဒီ စမ်းသပ်မှု ကနေ လေကြောင်းလိုင်းတွေ မှာ လေယာဉ် မှုးတွေကြောင့် မတော်တဆ ဖြစ်မှုတွေ လျော့သွားစေဖို့ပါ ရည်ရွယ် ထားတယ်လို့ Ohio ပြည်နယ် Glenn သု တေသန ဌာနက မြန်မာသိပ္ဗံပညာရှင် ဒေါက်တာ ပဒေသာတင် ကပြောပါတယ်။
အာကာသယာဉ်မှုးတွေ ကမ္ဘာကနေ အင်္ဂါဂြိုဟ်ကို သွားမယ်ဆိုရင် ၉ လလောက် သွားရမှာပါ။ ဒီလို အကြာကြီး မောင်းနှင် ရတဲ့ ခရီးမျိုးဖြစ်စေ၊ လေယာဉ်ပျံ ကို မောင်းနှင်နေ တဲ့ လေယာဉ်မှုးတွေ၊ လက်ထောက်လေယာဉ် မှုးတွေ ရဲ့ နေ့ စဉ် မောင်းနှင်မှုတွေမှာ ဖြစ်စေ သူတို့ဟာ မောင်းနှင်နေချိန်မှာ ဒီအလုပ်ထဲမှာပဲ အာရုံ စူးစိုက်မှု ရှိသလား၊ တခြားကို စိတ်ရောက်နေသလား၊ စိတ်အပြောင်းအလဲ ဘာရှိ သလဲ ဆိုတာကို စမ်းသပ်တဲ့ cognitive study ကို လုပ်နေတာပါ။
၂၀၁၅ မတ်လတုန်းက Germanwing လေကြောင်းရဲ့ စပိန်ကနေ ဂျာမဏီ ခရီးစဉ်မှာ တွဲဖက်လေယာဉ်မှုးရဲ့ စိတ်မူမမှန်တဲ့ လုပ်ရပ်ကြောင့် လေယာဉ်ဟာ ပြင်သစ်နိုင်ငံက Alps တောင်တန်းမှာ ထိုးကျခဲ့ပြီး ခရီးသည် ၁၄၄ ယောက်နဲ့ လေယာဉ် အမှုထမ်း ၆ ဦးစလုံး အသက်ဆုံးခဲ့ရပါတယ်။
ဒီလို အဖြစ်မျိုးကို ကြိုတင်ကာကွယ်ဖို့ လေယာဉ်မှုးတွေ မောင်းနေစဉ်မှာ လေယာဉ်ကိုပဲ အာရုံစူးစိုက်မှု ရှိမရှိ cognitive studies ဦးနှောက် စမ်းသပ်မှုတွေ လုပ်နေတာပါ။ FNRIRS လို့ခေါ်တဲ့စက်နဲ့ ဦးနှောက်ရဲ့ စဉ်းစားမှု ကို အလင်းနဲ့ တိုင်းယူနိုင်တာမို့ ဒါကို လက်တွေ့ အသုံးချနိုင်အောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
သူတို့ ဘာကိုတွေးနေလဲ၊ ဘာစဉ်းစားနေလဲ၊ လေယာဉ်ပျံကိုပဲ ဂရုတစိုက် သေသေ ချာချာ မောင်းနေသလား ဆိုတာကို လေ့လာဖို့ အတွက် တီထွင်တာပါ။ ဦးနှောက်ထဲကို အလင်းရောင်- လေဆာရောင်ခြည်လေး ထည့်ပြီး ဦးနှောက်ဘာတွေ စဉ်းစားနေလဲ၊ ဘယ်လို တွေးနေလဲဆိုတာကို တိုင်းလို့ ရတဲ့ ကရိယာ တမျိုးရှိပါတယ်။ Functional Near-Infrared Spectroscopy (fNIR or fNIRS) လို့ခေါ်ပါတယ်။ ဒီစက်က cognitive ဦးနှောက်ရဲ့ စဉ်းစားနေတာ ပေါ်မူတည်ပြီး ထွက်လာတဲ့ ဦးနှောက်ရဲ့ အလင်းလှိုင်း ကလေးတွေကို အလင်းရောင်နဲ့ တိုင်းယူ တာ ဖြစ်ပါတယ်။ ဒါက lab ထဲမှာပဲတိုင်း တာမို့ လေယာဉ်ပျံ ပေါ်မှာပါ တိုင်းလို့ ရအောင် စက်ကို အသေးဆုံး ဖြစ်အောင် ဘယ်လို လုပ်မလဲ ဆိုတာကို ဒီဇိုင်း လုပ်ယူရပါတယ်။
လေယာဉ်မှုးတွေ မောင်းနေချိန်မှာ သူလို့ အလုပ်ကိုပဲ တကယ် အာရုံစိုက်ပြီး စိတ်ပါ ဝင်စားစွာနဲ့ မောင်းနေသလား၊ ဆိုတာကို တိုင်းလို့ ရမယ့် စက်ကို လေယာဉ်မှုး တိုင်း သုံးလို့ ရအောင် အသေးလေးဖြစ်အောင် ပြန်ပြီး ကျွန်တော်တို့ တီထွင်ပေးနေတာပါ။
တီထွင်ထားတဲ့ စက်မှာ လေဆာရောင်ခြည်ကို သုံးပါတယ်။ လေဆာရောင်ခြည်သုံး စက်ကရိယာတွေကို လူရဲ့ ခေါင်းပေါ် တင်နိုင်တဲ့ အရွယ်ချုံ့နိုင်အောင် ပထမဆုံး လုပ်ရ ပါတယ်။ ပြီးမှ ဒီလေဆာရောင်ခြည်သုံး စက်နဲ့ စမ်းသပ်ဖို့ လူအစစ်ကို သုံးမယ့် အစား ဦးနှောက်အတုကို အရင်ဖန်တီးရပါတယ်။ ရာဘာနဲ့ အရင်ဖန်တီးပြီး စမ်းသပ်ရတာပါ။
ဦးနှောက် အလုပ်လုပ်နေတာကို စမ်းသပ်ဖို့အတွက် အစမ်းသပ်ခံ တကယ့်လူအစစ်ကို ခဏခဏ ခေါ်သုံးလို့ အဆင်မပြေတဲ့ အတွက် ဦးနှောက်ထဲကို အလင်းရောင်ဝင် သွားရင် ဖြာထွက်တဲ့ ပုံစံမျိုး အလုပ်လုပ်နိုင်တဲ့ ဦးနှောက်အတုနဲ့ ကိုယ့်စက် အလုပ် လုပ်မလုပ် အရင်စမ်းကြည့်ရပါတယ်။ သူက ရာဘာတမျိုးပါ။ ဒါပေမယ့် ဦးနှောက်ထဲ ဝင်သွားတဲ့ အလင်းရောင် ဖြာသလို ဖြာ ထွက်အောင် ရာဘာကို လုပ်ထားတာဖြစ် ပါတယ်။
ရာဘာထဲကို အရည်တမျိုးကို ထည့်ပေးရပါတယ်။ ဒီလို ထည့်လိုက်ရင် အရည်ထဲမှာ အမှုန်ကလေးတွေ ပါတဲ့အတွက် အထဲဝင်သွားတဲ့ အခါမှာ သွေးကြောကလေးတွေ လို ဖြစ်လာပါတယ်။ ဒီအခါမှာ တဖက်နေ ထည့်လိုက်တဲ့ အလင်းရောင်ဟာ တခြား တဖက်ကနေ ထွက်လာ ရင် သွေးကြောကလေးတွေထဲ ဖြတ်သွားတဲ့ ပုံစံမျိုးရတဲ့ အတွက် ဦးနှောက် အစစ် လုပ်နေတဲ့ ပုံစံအတိုင်း ဖြစ်လာတာမို့ ဒီလို ရအောင် ကျွန်တော် ဒီဇိုင်း လုပ်ယူတာပါ။
ဦးနှောက်ထဲမှာ လုပ်ဆောင်မှု တခုစီအတွက် သူ့နေရာနဲ့ သူထိမ်းချုပ်ထားတာပါ။ စဉ်းစား တွေးခေါ်တဲ့ အပိုင်းက ဦးနှောက်ရဲ့ အရှေ့ပိုင်းလောက်မှာ ရှိတာမို့ အဲဒီနေရာကို တိုင်းရတယ်လို့ ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။
ဦးနှောက်ထဲမှာဆို ဦးနှောက် နေရာအစိတ်အပိုင်းတွေပေါ် မူတည်ပြီး အရသာခံ တာ၊ မြင်ရတာ၊ အစာစားတာ၊ ကိုယ်လက် လှုပ်ရှားတာလို အရိုး၊ အကြောတွေ ကြွက်သားတွေ လှုပ်ရှားတာကို ထိမ်းချုပ်ထားတာ ဖြစ်ပါတယ်။ ဦးနှောက် အစိတ် အပိုင်း တွေရဲ့ လုပ်ဆောင်မှုဟာ တနေရာနဲ့ တနေရာ မတူကြပါဘူး။ များသောအားဖြင့် စဉ်းစားတဲ့ အပိုင်း၊ တွေးခေါ်တဲ့ အပိုင်း ကို cognitive လို့ ခေါ်ပြီး အဲဒီအပိုင်းက ဦးနှောက် ရဲ့ အရှေ့ပိုင်းမှာ ရှိပါတယ်။ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး စဉ်းစား၊ တွေးခေါ်၊ ဆုံးဖြတ်တာတွေကို အဲဒီ အရှေ့ပိုင်းနေရာ လောက်မှာ ရှိတာမို့ အဲဒီနေရာတွေမှာ ကျွန်တော်တို့ တိုင်းတာရပါ တယ်။
တိုင်းတဲ့အခါ ဦးနှောက်ရဲ့ ဘယ်အစိတ်အပိုင်းကို တိုင်းရင် ဘယ်လိုစဉ်းစားတဲ့ လှိုင်း wave က ဘယ်နေရာနဲ့ သွားပြီး ဆက်စပ်မှု ရှိပြီး correlate ဖြစ်နေတယ်၊ ဒါဆို သူဘာစဉ်းစားနေတယ် ဆိုတာကို ဦးနှောက်ရဲ့ လှိုင်းတွေကို ကြည့်ရပါတယ်။ ပြီး ဒီလူဟာ လုပ်ရမယ့် အလုပ်ကို လုပ်နေ သလား၊ ဒါမှမဟုတ် ငိုက်နေသလား၊ အဲဒါကို သိချင်တဲ့ အတွက် လေဆာ ရောင်ခြည်လေး ထည့်ပြီး ဦးနှောက်ထဲ ဝင်သွားတဲ့ အလင်းရောင် ကနေ ဖြာထွက် လာတာကို နောက်တနေရာ ကနေ ပြန်တိုင်းတာ ဖြစ်ပါတယ်။
အဲဒီလို တိုင်းတာပြီး သိလာတာတွေကနေ လေယာဉ်မှုးတွေကြောင့် မတော်တဆမှုတွေ မဖြစ်အောင် အချိန်မှီ တားဆီးနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
တကယ်လို့ လေယာဉ်မောင်းသူ တယောက်ဟာ တည့်တည့် မောင်းရမယ့် အ စား စောင်းပြီး မောင်းလိုက်တယ်၊ ဂျွမ်းထိုး မှောက်ခုံ ဖြစ် အောင် လုပ်လိုက်တယ် ဒါမှ မဟုတ် ပင်လယ်ထဲ ထိုးချတယ် ဆိုရင် သူဟာ မလုပ်ခင်က စဉ်းစားပြီးမှ လုပ် တာ ဖြစ်ပါတယ်။ အဲဒီလို ဦးနှောက်က စဉ်းစားလိုက်ချိန်မှာ မှားနေပြီ ဆို တာကို တကယ်လို့ စက်ကနေ တိုင်းပေးလို့ရရင် ဒီလူဟာ မူမှန် လုပ်နေတဲ့ အလုပ်ကနေ လွဲပြီး လုပ်နေပြီ ဆိုတာကို သိနိုင်သလို၊ သိတာနဲ့ ချက်ချင်း ပြင်ပေးလို့ရနိုင်ပါတယ်။ ဒီလူ မှားနေ ပြီ ဆိုရင် လေယာဉ်ပျံကို အလိုအလျှောက်မောင်းတဲ့ autopilot နဲ့ ချက် ချင်း ပြောင်းပြီး ပျံခိုင်းလို့ ရမှာ ဖြစ်ပါတယ်။ ဒီလို လုပ်နိုင်ဖို့ စမ်းသပ်တာကို cognitive study လို့ ခေါ်ပါတယ်။
ဦးနှောက် လှုပ်ရှားမှုနဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို ရုပ်သဘော အရ လေ ဆာရောင်ခြည် နဲ့ တိုင်းတာတွက်ချက်တဲ့ စမ်းသပ်မှုတွေကနေ အာကာသ ယာဉ်မှုးတွေ၊ လေယာဉ်မောင်းသူတွေအတွက် အထောက်အကူပေးနိုင်ဖို့ နာဆာက သိပ္ဗံပညာရှင်တွေ ကြိုးစားနေကြတာ ဖြစ်ပါတယ်။