Your browser doesn’t support HTML5
ခြင်တွေရဲ့ အမူအကျင့်တွေနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ အတော်များများ သိထားကြပေမယ့် သူတို့ရဲ့ ပျံသန်းမှုနဲ့ ပတ်သက်လို့တော့ အဖြေမပေး နိုင်တဲ့ မေးခွန်းတွေ အများကြီး ကျန်နေဆဲပါ။ အကောင်ကလေးက သေးသလောက် တောင်ပံခတ်တဲ့ နှုန်းက သိပ်ကို မြန်နေတာမို့ သူတို့ ဘယ်လို ပျံသန်းတယ် ဆိုတာကို သိချင်နေကြတာ ဖြစ်ပါတယ်။
အခုလို သိပ်မြန်တဲ့ နှုန်းနဲ့ အတောင်ခတ်နေတဲ့ ခြင် အကောင်သေးသေးလေးမှာ သိပ်ကြီးတဲ့ ခြေချောင်းတွေနဲ့ antennae အာရုံခံတွေ ရှိနေတာမို့ သူ့ရဲ့ လှုပ်ရှားမှုကို ဓါတ်ပုံရိုက်ယူပြီး လေ့လာဖို့ သိပ်ခက်ခဲနေတာပါ။ အခုတော့ ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ်က Animal Flight Group လို့ခေါ်တဲ့ ပျံသန်းတဲ့ သတ္တဝါများ လေ့လာရေးအဖွဲ့ကနေ လန်ဒန်တက္ကသိုလ် (Royal Veterinary College) တော်ဝင် တိရိစ္ဆာန် ဆေးကုဌာနနဲ့ ဂျပန်နိုင်ငံ Chiba တက္ကသိုလ်တို့နဲ့ တွဲပြီး ခြင်တွေရဲ့ ပျံသန်းမှုကို ပူးတွဲလေ့လာခဲ့ရာမှာ အောင်မြင်မှု ရခဲ့ပါပြီ။
သူတို့က super-high speed မြန်နှုန်းမြင့် ကင်မရာတွေနဲ့ ကွန်ပြူတာ ဆန်းစစ်မှုတွေ သုံးပြီး ခြင် ဘယ်လိုနည်းနဲ့ ပျံသန်းတယ် ဆိုတာကို နားလည်အောင် ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ ပျံသန်းတာနဲ့ ပတ်သက်ပြီး ပိတုန်းကောင်တွေရဲ့ ပုံမှန်မပျံသန်းနိုင်တဲ့ ပြဿနာကိုပဲ ဖြေရှင်းနိုင်သေးတဲ့ သိပ္ပံပညာရှင်တွေဟာ အခု တော့ ခြင်တွေရဲ့ သူတို့ ပျံတက်လိုက်ချိန်နဲ့ ကွေ့ပြီးပြီးချင်း အချိန်တွေမှာ ဘာကြောင့် အတောင်ပံခတ်နိုင်တယ် ဆိုတာကို ရှင်းပြနိုင်ပြီဖြစ်ပါတယ်။
သူတို့ရဲ့ တေ့ွရှိချက်ကို Nature စာစောင်မှာ ၂၀၁၇ မတ်လထဲမှာ ဖေါ်ပြခဲ့တာပါ။ သူတို့ဟာ ရောဂါပိုးတွေ သယ်ဆောင်ရာမှာ နံမယ်ကြီးတဲ့ Culex Mosquitos လို့ခေါ်တဲ့ ခြင်ကြားကို လေ့လာဖို့ ဓါတ်ပုံရိုက်ရာမှာ ဘယ်လောက် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ် ဆိုတာတွေကို ဖေါ်ပြထားပါတယ်။ ခန္ဓာကိုယ် ထူးထူးခြားခြား ရှည်မျောမျောနဲ့ တောင်ပံ ဗျက်ကျဉ်းတဲ့ ခြင်ကြားမှာ တခြားအင်းဆက်တွေနဲ့ မတူတဲ့ ထူးခြားတဲ့ ပျံသန်းတဲ့ ပုံစံရှိပါတယ်။
ခြင်ကြားဟာ ၄၀ ဒီဂရီ ကွေ့ရာမှာ တစက္ကန့်ကို အကြိမ် ၈၀၀ လောက် တောင်ပံ ခတ်ပါတယ်။ ဒါဟာ သူလို အကောင်သေး အင်းဆက်အများစု ပျံသန်းနှုန်းထက် ၄ ဆလောက် မြန်နေတာမို့ သူ့လှုပ်ရှားမှုကို မှတ်တမ်းတင် ရိုက်ကူးဖို့ သိပ်ခက်နေတာ ဖြစ်ပါတယ်။ သူတို့ရဲ့ တောင်ပံရိုက်ခတ်တဲ့ ထောင့်ချိုး အကျယ်ကလည်း တခြား ခုချိန်ထိ သိထားသမျှ အင်းဆက် တွေထက် ထက်ဝက်လောက်ကို ငယ်နေတာမို့ အခုလို အမြန်ပျံသန်းနိုင်တာပါ။
ဒီပြဿနာကို ကျော်လွှားနိုင်ဖို့ ဘယ်လို ကြိုးစားခဲ့ရတယ် ဆိုတာကို Oxford တက္ကသိုလ် ပျံသန်းတဲ့ သတ္တဝါများ လေ့လာရေး အဖွဲ့ရဲ့ - ဇီဝဗေဒ ဌာနက Dr Simon Walker ကပြောပါတယ်။
“ကင်မရာ ၈ လုံးနဲ့ ရိုက်ပါတယ်။ သုံးနေကျ မီးထိုးတဲ့ ပုံစံကိုပဲ သုံးပြီး တပ်ထားတဲ မီးလုံးတွေက နောက်ဆုံးပေါ် အနီအောက် ရောင်ခြည်သုံး LED မီးတွေပါ။ အင်းဆက်ပိုးကောင်တွေကို ရိုက်မယ်ဆိုရင် ပုံမှန်အတိုင်းက ကင်မရာ အနဲဆုံး ၂ လုံးလောက်ပဲ လိုတာပါ။ အခုတော့ ကင်မရာတွေ ပိုတပ်ထားတဲ့အတွက် ဒီအကောင်ကို ဒေါင့်မျိုးစုံကနေ မြင်နိုင်ပါတယ်။ ဒီလို ရိုက်နိုင်တဲ့အတွက် အင်းဆက်ကိုယ်ထည် တနေရာ အတွက် အသေးစိတ် သိချင်ရင် 3D ပုံရအောင် တွက်ယူနိုင်ပါတယ်။ ဒါပေမယ့် ဒီခြင်အာရုံခံဖို့ သုံးတဲ့အင်တင်နာနဲ့ သူ့ခြေချောင်းတွေက မြင်ကွင်းကို ဝင်ရှုပ်နေတာမို့ ပြဿနာ ရှိပါတယ်။ အခုလို ကင်မရာ ၈ လုံးကို သုံးတော့မှ ကင်မရာ တခုမှာ ကွယ်နေရင် နောက်ကင်မရာမှာ မြင်နိုင်တာမို့ ဒီခြင်ရဲ့ အတောင်ပံတွေ ဘယ်လို ခတ်တယ်ဆိုတာကို သေသေချာချာ မြင်နိုင်ပါတယ် ”
ဒီနည်းပညာမှာ တစက္ကန့်ကို ပုံပေါင်း တသောင်း ရအောင်ယူနိုင်ပါတယ်။ ဒါကြောင့်လည်း အရင်တုန်းက မမြင်ခဲ့ကြတဲ့ အင်းဆက်ပိုးကောင် တွေရဲ့ ပျံသန်းမှုကို သိလာရတာဖြစ်ပါတယ်။ သူတို့ဟာ စတူဒီယို ခန်းလေးထဲမှာ မြန်နှုန်းမြင့် ကင်မရာတွေ ကို တပ်ဆင်ထားပြီး ကွန်ပြူတာနဲ့ အထူးလေ့လာတာ ဖြစ်ပါတယ်။ အဖွဲ့သားတွေဟာ ခြင်ရဲ့ အတောင်ပံ ခတ်မှုကို သုံးဖက်မြင် နားလည်အောင် မှတ်တမ်းတင်ပြီး ခြင်ရဲ့ ရှုပ်ထွေးလှတဲ့ ပျံသန်းမှုကို မြေပုံဆွဲယူတာ ဖြစ်ပါတယ်။ ဒီအခါမှာ ခြင်ရဲ့ ပျံသန်းမှုကို ကင်မရာ ၈ ခုကနေ တစက္ကန့်ကို ပုံပေါင်း တသောင်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
“ခြင်တွေရဲ့ ပျံသန်းမှုကို ကြည့်ရင် သူတို့ရဲ့ ခန္ဓာကိုယ် အလေးချိန်ကို ထိမ်းထားနိုင်ဖို့ အဓိက ၃ နေရာရှိပါတယ်။ ပထမ နေရာက သူတို့ရဲ့ အတောင်ပံမှာ leading edge vortex လို့ခေါ်တဲ့ လေကို ခွင်းတဲ့ အရှေ့ဘက်က အခြမ်းကို သုံးတဲ့ ပုံစံပါ။ အင်းဆက်ပိုးတွေတိုင်းမှာ ပျံဝဲ ဖို့အတွက် အဲဒီအခြမ်းကို အဓိကသုံးလေ့ ရှိကြပေမယ့် ခြင်တွေကတော့ တခြား မျိုးစိတ်တွေနဲ့ မတူပဲ အဲဒီနေရာကို သိပ်အားမကိုးပါဘူး။ သူတို့ အားကိုးတာက အတောင်ပံရဲ့ လေခွင်းရာမှာ သုံးတဲ့ အနောက်ဖက်က အပိုင်း trailing edge vortex နဲ့ rotational drag လို့ခေါ်တဲ့ လေရဲ့ ဝဲကတော့ကို ပြန်ပြီးတွန်းကန်တဲ့ အားကို သုံးတာပဲ ဖြစ်ပါတယ်။ ဒီ ၂ မျိုးကို ခြင်က တကယ့်ကို ပညာသားပါပါနဲ့ သုံးတာ ဖြစ်ပြီး သူအတောင် တခါ ခတ်လိုက်ချိန်တိုင်းမှာ အတောင်ကို လှည့်တဲ့ ပုံစံကိုက သိပ်ကို တိကျပါတယ်။”
အနောက်ဖက် အပိုင်း ဖြစ်တဲ့ trailing-edge vortex မှာ အားသစ်ကိုပုံဖေါ်လိုက်ပြီး အဲဒီနေရာ ကနေ ခြင်ရဲ့ အရင် အတောင်ပံ ခတ်ချိန်တုန်းက ပေါ်လာတဲ့ စီးကြောင်းအတိုင်း အတောင်ကို တန်းနေအောင် လုပ်ပြီး စွမ်းအင်ကို ပြန်သုံးခဲ့တာ ဖြစ်ပါတယ်။ ဒီနည်းစံနစ်ကနေ နောင်မှာ သေးငယ်တဲ့ လေထဲပျံသန်းတဲ့ စက်ကလေးတွေအတွက် ဒီဇိုင်းသစ်တွေ တီထွင်နိုင်မယ်လို့ သုတေသန အဖွဲ့က ယုံကြည်ကြပါတယ်။
"ဒရုံးယာဉ် အသေးစားလေးတွေကို ကျွန်တော်တို့ ထွင်ကြပါတယ်။ ဒါပေမယ့် ခြင်လို တကောင်လုံးတိုင်းကြည့်မှာ မီလီမီတာ နဲနဲပဲ ရှိတဲ့ အရွယ်၊ အင်းဆက်ပိုးကောင်လောက် အရွယ်တော့ မရှိသေးပါဘူး။ နောက်ပြီး ဝယ်လို့ရတဲ့ quadcopters လို့ ခေါ်တဲ့ ဒရုံး ယာဉ် သေးသေးလေးတွေ ဆိုရင် အထဲမှတော့ လူထိုင်စီးပြီး သွားလို့ ရပါတယ်။ ဒါပေမယ့် သူ့ကို လေထဲပျံပြီး မောင်းမယ် ဆိုရင်တော့ လေပြေလေညှင်း ဖြစ်ဖြစ် လေပြင်းဖြစ်ဖြစ် တိုက်တာနဲ့ ပြုတ်ကျနိုင်ပြီး ပြုတ်မကျရင်တောင် အနဲဆုံး အထိမ်းရ အတော်ခက်မှာပါ။ ဒါပေမယ့် အင်းဆက်ပိုးကောင် တွေကတော့ ဒါမျိုးအခြေနေမှာ အတော်ထိမ်းနိုင်တာ တွေ့ရပါတယ်။ လေသိပ်ပြင်းရင်တောင် ခံနိုင်ရည် ရှိကြပါတယ်။ ဒါကြောင့်မို့ သူတို့တွေ ဘယ်လိုပျံသန်းကြတယ် ဆိုတာကို သိမယ်ဆိုရင် ကျွန်တော်တို့ အတွက် အနာဂတ်ပျံသန်းမှုတွေမှာ အထောက်အကူ ရနိုင်ပါတယ်။”
အခုလို တွေ့ရှိချက်ကနေ ခြင်တွေရဲ့ မျိုးဗီဇ နဲ့ ရုပ်သွင်ဆိုင်ရာကို နားလည်လာတာမို့ သူတို့ ဘယ်လို ပျံသန်းတယ်ဆိုတာကို သိလာရတာဟာ ပထမ အဆင့်ပဲ ရှိသေးတာ ဖြစ်ပြီး သူတို့ အကြောင်းကို ဒီထက်ပိုပြီး သိအောင် လေ့လာစရာတွေ ရှိသေးတယ်လို့လည်း Dr Walker က ပြောပါတယ်။
အခုလို ခြင်တွေရဲ့ ပျံသန်းမှုကို ပိုပြီး နာလည်လာတာကနေ အနာဂတ် ပံျသန်းမှုတွေ အတွက် အထောက်အကူ ရနိုင်သလို ဒီခြင်တွေရဲ့ ရောဂါပိုးတွေ ဘယ်လို သယ်ဆောင်တယ် ဆိုတာကို နားလည်လာနိုင်တဲ့ အပြင် ဒါကို ဘယ်လို ရပ်သွားအောင် တားဆီးနိုင်မယ်ဆိုတာကို သိလာနိုင်မယ်လို့ပါ သိပ္ပံပညာရှင်တွေက မျှော်လင့်ထားတယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။