မြန်မာဖေါင့်ကို စံသတ်မှတ်ဖို့

ဇော်ဂျီဖေါင့်

မြန်မာတွေ အွန်လိုင်းမှာ အသုံးများတာက ဇော်ဂျီဖေါင့်ပါ။ အစိုးရ website တွေမှာတော့ ယူနီကုဒ်နဲ့ ကိုက်တဲ့ မြန်မာ ၃ အပြင် မကိုက်တဲ့ ဇောဂျီဖေါင့်ကိုပါ ပြောင်းကြည့်ဖို့ လုပ်ပေးထားပါတယ်။

ပြည်ထောင်စုတို့ ပိတောက်တို့၊ ဝင်းအင်းဝ တို့လို ယူနီကုဒ်နဲ့ ကိုက်တဲ့ ဖေါင့်ပေါင်းက ၁၂ ခု ရှိပါတယ်။ အစိုးရ ဝက်ဘ်ဆိုက်စာမျက်နှာပေါင်း ၄၀ လောက်မှာ လိုက်ကြည်ံရင် ယူနီကုဒ်နဲပ ကိုက်တဲ့ ၁၂ ခု၊ ဇောဂျီနဲ့ ၁၈ ခု၊ မြန်မာဘာသာနဲ့ ကြည့်မရတာက ဆယ်ခုလောက် ရှိနေတာ တွေ့ရပါတယ်။ ဒီလို အကွဲကွဲ အပြားပြား ဖြစ်နေတာရဲ့ ဆိုးဝါးတဲ့ ရလဒ်ကို ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးမယ့် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ဖို့ ကျိုးစားတဲ့ နေရာမှာ သိသိသာသာ တွေ့ခဲ့ရပါတယ်။

မြန်မာနိုင်ငံဟာ အစစ နောက်ကျနေတာမို့ တက်လာတဲ့ အစိုးရသစ်က ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်တဲ့ နေရာမှာ ဆက်သွယ်ရေးမှာ အရေးပါတဲ့ မြန်မာစာ အတွက် မြန်မာဖေါင့်ကို စံသတ်မှတ်ပေးဖို့ ပထမဆုံး လုပ်သင့်တယ်လို့ အမေရိကန် တက္ကသိုလ် အချက်လက် ဆိုင်ရာ ပညာရှင် (Business Intelligence Analyst) ဦးမြင့်ထွေးက ပြောပါတယ်။

တကမ္ဘာလုံးမှာ ကိုယ့်လူမျိုး ကိုယ့်ဘာသာစကား ကိုယ့်စာပေအတွက် ယူနီကုဒ် နဲ့ စံသတ်မှတ်ထားကြပါတယ်။ မြန်မာစာအတွက် ယူနီကုဒ် သတ်သတ်မှတ်မှတ် ပြဌာန်း မထားတဲ့အတွက် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သုံးတဲ့ data base မှာ တချို့နေရာတွေမှာ မကိုက်ညီတဲ့အတွက် သိမ်းတဲ့နေရာမှာ စာပေါ်နေပေမယ့် ဖတ်လို့ မရတာ၊ အတုံးကလေးတွေ တွေ့နေရတာ၊ တချို့ Software တွေအတွက် တန်းပြီး ကြည့်လို့မရပဲ သူ့ကို ဖတ်ဖို့ သတ်သတ်ပြန်ပြီး ရေးနေရတာမျိုးတွေ လုပ်နေရတဲ့အတွက် မလိုအပ်ပဲ ပိုပြီး ခက်ခဲ သွားစေတဲ့ သဘောတွေ့ရပါတယ်။ အဲဒီဖြစ်ရပ်တွေကနေ မဲစာရင်းမှာ ပြဿ နာတွေ ကြုံခဲ့ရတာပါ။ ဒါ့ကြောင့် နောက်တခေါက် ရွေးကောက်ပွဲအတွက် တင်မကပဲ ရေရှည် အကျိုးရှိစေဖို့ မြန်မာဖေါင့်ကို တကမ္ဘာလုံး အသိမှတ်ပြုတဲ့ ISO နဲ့ ကိုက်တဲ့ ယူနီကုဒ်ကို နောက်တက်လာမယ့် အစိုးရကနေ အားစိုက်လုပ်ဖို့ လိုပါတယ်လို့လည်း အကြံပေးပါတယ်။

အခုလောလောဆယ်မှာ စံသတ်မှတ်မှု မရှိတဲ့အတွက် သတင်းစာမှာ သုံးတဲ့ ဖေါင့်၊ အင်တာနက်မှာ အများသုံးတဲ့ ဖေါင့်၊ အစိုးရက သုံးတဲ့ဖေါင့် တွေဟာ အကွဲကွဲ အပြားပြား ဖြစ်နေပြီး တခုခု ဖတ်ချင်ရင် သူနဲ့ကိုက်တဲ့ software သုံးပြီး ပြန်ပြောင်းရတာမျိုုး ပြဿ နာတွေ ကြုံနေရတာပါ။ ဒါ့ကြောင့် မြန်မာစာ၊ မြန်မာစာလုံး ရေးပုံရေးနည်း သင်ပုန်းကြီး ရေးနည်းအတိုင်း တမျိုးထဲဖြစ်အောင် လုပ်ဖို့ လိုပါတယ်။ ဒါကို တပြေးညီ ဖြစ်အောင် အစိုးရကိုယ်တိုင် က ဦးစီးမှ ရမယ့် အခြေနေမျိုးပါ။ မြန်မာအဘိဓါန် ထွက်လာအောင် ဦးဆောင်ခဲ့တဲ့ မြန်မာစာ အဖွဲ့လို အဖွဲ့မျိုးကို ပညာရေးဝန်ကြီးဌာနတို့ ဆက်သွယ်ရေး ဝန်ကြီးဌာနတို့လို ဌာနမျိုးတွေက ဦးစီးပြီး အစိုးရက တာဝန်ပေး လုပ်ဆောင်စေမယ် ဆိုရင် ပိုပြီး အဆင်ပြေနိုင်တယ်လို့လည်း ပြောပါတယ်။ ယူနီကုဒ်နဲ့ စံသတ်မှတ်ထားတဲ့ ဖေါင့်ဟာ public domain ဖြစ်ရမှာ ဖြစ်ပြီး ဘယ်သူမှမပိုင်ရပါဘူး၊ တတိုင်းပြည်လုံး အပိုင် ဖြစ်ရမှာပါ။

တကယ်လို့ ဖေါင့်ဟာ တသားထဲ ဖြစ်သွားမယ်ဆိုရင် အခုကြုံနေရသလို ဖုံးအသစ်လဲတိုင်း ကွန်ပြူတာ အသစ်လဲတိုင်း တတ်ကျွမ်းတဲ့ လူဖြစ်စေ ဆိုင်ကိုဖြစ်စေ ပြေးပြီး မြန်မာစာဖတ်လို့ ရအောင် ပြောင်းခိုင်းနေစရာ လိုတော့မှာ မဟုတ်ပါဘူး။

ဇော်ဂျီဖေါင့်ကို သုံးနေတာ နှစ်အတော်ကြာနေပြီဖြစ်ပါတယ်။ ဇော်ဂျီဖေါင့်နဲ့ ရေးသားထားတဲ့ စာပေတွေ၊ မှတ်တမ်းမှတ်ရာတွေ တနေ့ထက်တနေ့ များလာနေတာပါ။ ဒီလို အများက အသားကျပြီးသား ဖေါင့်ကိုပဲ ယူနီကုဒ် အဖြစ် ပြောင်းဖို့ကျိုးစား နေကြပေမယ့် အခုထိတော့ အလုပ်မဖြစ်သေးဘူးလို့ ဆိုပါတယ်။ ဇော်ဂျီယူနီကုဒ် အဖြစ် ထုတ်တာတွေ ရှိပေမယ့် တကမ္ဘာလုံးက အသိမှတ်ပြုတာ မဟုတ်တဲ့အတွက် ကွန်ပြူတာ အသစ်ပြောင်းတိုင်း၊ ဖုံး အသစ်လဲတိုင်း အသစ်ပြန်ပြန်ပြီး ရေးပေးနေရတာပါ။

International Standard Organization လို့ခေါ်တဲ့ ISO က မြန်မာဖေါင့်အတွက် ယူနီကုဒ် unicode သတ်မှတ်ထားတာ ရှိပြီးသားမို့ ဒါကို သုံးရင်တော့ အသစ်ထွက်တိုင်း နောက်ထပ် အသစ်ထပ်ပြီး ရေးနေစရာ မလိုတော့ပါဘူး။

အဲဒီအခါမှာ ရနိုင်တဲ့ အကျိုးအမြတ်ကို ကြည့်ရအောင်ပါ။

တကယ်လို့ ဖုံးအလုံး တသိန်းအတွက် မြန်မာဖေါင့် ကိုထည့်မယ်၊ မြန်မာဖေါင့်က ယူနီကုဒ် ဖြစ်နေမယ် ဆိုရင် ခလုပ် တချက် နှိပ်ရုံနဲ့ ပြီးသွားနိုင်ပေမယ့် ယူနီကုဒ် မဖြစ်ရင်တော့ ဖုံး တလုံးစီအတွက် လိုက်ပြီး ပြောင်းပေးနေရမှာမို့ လူအား၊ အချိန်နဲ့ ငွေအား အတော်သုံးရမှာ ဖြစ်ပါတယ်။ ဒါဟာ အခုလို သိမ်းတဲ့ နေရာအတွက်သာမကပဲ စာရိုက်တဲ့နေရာမှာ သုံးရတဲ့ Keyboard ကီးဘုတ် အတွက်ပါ ပြောင်းပေးရမှာမို့ ၂ ခုစလုံးအတွက် ပြောင်းပေးရမှာ ဖြစ်ပါတယ်။

ဒါဟာ ကိုယ့်ပြည်တွင်းက လူအချင်းချင်း သုံးစွဲရာမှာ ကြုံတွေ့ရမယ့် ပြဿ နာပဲ ရှိပါသေးတယ်။ နောက်ကြီးမားတဲ့ ပြဿ နာကတော့ နိုင်ငံရပ်ခြားနဲ့ ဆက်သွယ်ရေး ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အခုဆို တခါးပိတ်ထားတဲ့ နိုင်ငံတနိုင်ငံ မဟုတ်တော့ပါဘူး။ ဒါ့အပြင် လောလောဆယ်မှာလည်း ကွန်ပြူတာနဲ့ ပါတ်သက်ပြီး ဘာ software မှ မထုတ်နိုင်သေးသလို၊ data base နဲ့ ပါတ်သက်ပြီးဖြစ်စေ၊ word processor နဲ့ ပါတ်သက်ပြီးဖြစ်စေ မထုတ်နိုင်သေးပါဘူး။ ဒါ့ကြောင့် သူများနိုင်ငံကနေ ဝယ်ပြီး သုံးတဲ့အခါမှာ ယူနီကုဒ် သုံးကြတဲ့ အိမ်နီးချင်းနိုင်ငံတွေလို အသစ်ထွက်တာကို တခါပြောင်းရုံနဲ့ မရနိုင်ပါဘူး။

ယူနီကုဒ်နဲ့ စံသတ်မှတ်ပြီး သုံးတဲ့အခါ ရနိုင်တဲ့ နောက်အကျိုး အမြတ် တခုကတော့ ဘာသာပြန်တဲ့ ကိစ္စပါ။ အင်္ဂလိပ်ကနေ မြန်မာဘာသာပြန်တာကို goggle ကနေ လွယ်လွယ်ကူကူ ရရင် မြန်မာစာပဲ ဖတ်တတ်တဲ့ သူအားလုံးဟာ နိုင်ငံရပ်ခြားက သတင်းတွေကို မြန်မာလို ကောင်းကောင်း နားလည်နိုင်တာမို့ ဗဟုသုတ ဖြန့်ဖြူးးရေး အတွက် အများကြီး ပိုပြီး အဆင်ပြေလာနိုင်ပါတယ်။

ဒါ့ကြောင့် မြန်မာစာ မြန်မာဖေါင့်ကို ယူနီကုဒ်နဲ့ စံသတ်မှတ်ပေးခြင်းအားဖြင့် ဗဟုသုတ ဖြန့်ဖြူးရေး တွင်ကျယ်စေနိုင်သလို၊ နိုင်ငံခြား software တွေ အသစ်အသစ် ပြင်ပြီး ရေးစရာမလိုတောတဲ့ အပြင် ငွေကုန်ကြေးကျလည်း သက်သာမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။