မြန်မာ့ သတ္တုတွင်းလုပ်ငန်းက သဘာဝဝန်းကျင်ကို ဘာကြောင့် ထိခိုက်စေသလဲ

Letpadaung copper Mine

မြန်မာနိုင်ငံရဲ့ သတ္တုတွင်း လုပ်ငန်းမှာ သဘာဝ ပါတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိနေတာ ဘာကြောင့်ပါလဲ။ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းက အထွေထွေ အတွင်းရေးမှုး ဦးအေးလွင်ရဲ့ အမြင်တွေကို ဒီတပါတ်မှာ တင်ပြပေးမှာပါ။

မြန်မာနိုင်ငံရဲ့ သတ္တုတွင်း လုပ်ငန်းမှာ သဘာဝ ပါတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိနေတာ ဘာကြောင့်ပါလဲ။ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းက အထွေထွေ အတွင်းရေးမှုး ဦးအေးလွင်ရဲ့ အမြင်တွေကို ဒီတပါတ်မှာ တင်ပြပေးမှာပါ။

သတ္တုတွင်းလုပ်ငန်းကို ဟန်ချက်ညီညီလုပ်နိုင်ဖို့အတွက် ပညာရှင် သုံးမျိုး လိုအပ်ပါတယ်။ ပထမ တမျိုးက ဘူမိဗေဒ ဘာသာရပ်ကို နားလည် တတ်ကျွမ်းတဲ့ ဘူမိဗေဒ ပညာရှင်ပါ။ ဒုတိယက သတ္တုတူးဖေါ်တဲ့ ဘာသာရပ်ကို နားလည်တတ်ကျွမ်းတဲ့ သတ္တု တူးဖေါ်ရေးပညာရှင် ဖြစ်ပြီး တတိယက သတ္တု သန့်စင်တဲ့ ပညာရပ်ကို နားလည်တဲ့ သတ္တုဗေဒ ပညာရှင်တို့ဖြစ်ပါတယ်။ ဒီပညာရှင် ၃ မျိုးမပါရင် သတ္တုတွင်းကနေ စီးပွါးဖြစ်ရမယ့် အစား နှစ်ပေါင်း သန်းပေါင်းများစွာ ချီပြီး ကိုယ့်မြေပေါ်မှာ စုစည်းလာခဲ့တဲ့ အဖိုးတန်သတ္တုတွေ အလဟဿ ဖြစ်ကုန်တဲ့ အနေထားနဲ့ ရင်ဆိုင်ရမှာ ဖြစ်သလို သဘာဝ ဝန်းကျင်လည် ပျက်စီးနိုင်ပါတယ်လို့ ဦးအေးလွင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ သတ္တုအမျိုးအစား အများအပြား ရှိသလို သတ္တုသိုက်လည်း အများအပြားရှိပေမယ့် စီးပွါးဖြစ် သိုက် ဖြစ်နိုင်သလို မဖြစ်နိုင်တာလည်း ရှိတယ် ဆိုတဲ့ အခြေခံ သဘောကို နားလည်ဖို့ လိုပါတယ်။ ဒီလို သိုက်တွေထဲက စီးပွါးမဖြစ်နိုင် တာမျိုးကို တူးဖေါ်ခွင့်ပေးလိုက်ရင် တူးသူလည်း အကျိုးမရှိ သဘာဝ ဝန်းကျင်လည်း ပျက်စီးနိုင်ပါတယ်။ တူးဖေါ်ရာမှာ အဆင့်မြင့် အတတ်ပညာတွေ မပါဝင်တာ၊ တိကျတဲ့ Data တွေ ဘူမိဗေဒဆိုင်ရာ အချက်အလက် မပါပဲ ဖြစ်စေ၊ သတ္တုသိုက် ပမာဏကို သိပေမယ့် စံနစ်တကျ တူးဖေါ် ထုတ်လုပ်နိုင်မယ့် သတ္တုတွင်း အင်ဂျင်နီယာရဲ့ မိုင်း ဒီဇိုင်းတွေ မပါပဲ ဒီလို အလွယ်တကူ တူးဖေါ်မယ် ဆိုရင် သတ္တုတွင်း ကဏ္ဍဟာ ရေရှည်တည်တံ့ ခိုင်မြဲဖို့ ခက်သလို ဝန်းကျင်လည် အလွယ်တကူ ထိခိုက်နိုင်တယ်လို့ ထောက်ပြပါတယ်။

ပညာရှင် ၃ မျိုး ဟန်ချက်ညီညီ လုပ်ပြီး ထွက်လာတဲ့ သတ္တုကို စီးပွါးဖြစ် အနေထားရောက်အောင် စီစဉ်ပေးဖို့ လိုအပ်သလို ဥပဒေတွေ နည်းဥပဒေတွေ ချပြီး အစိုးရက ပံ့ပိုးမှုပေးဖို့ သိပ်ကို အရေးပါ ပါတယ်။ ဘူမိဗေဒ ပညာရှင်က ရှာပေးတဲ့ သတ္တုကို တူးဖေါ်တဲ့ အင်ဂျင်နီယာက တူးပေးလို့ ရလာ ပေမယ့် ဒီသတ္တုရိုင်းကို သတ္တုသန့်စင်တဲ့ ပညာရှင်က သန့်စင်ပေးမှ သုံးနိုင်တဲ့ သတ္တုကို ရပါတယ်။ ဒီပညာရှင် ၃ မျိုးဟန်ချက်ညီညီ လုပ်နိုင်တယ် ထားအုံး ဒီသတ္တုဟာ ကမ္ဘာ့ဈေးကွက်နဲ့ ကိုက်မကိုက် စားရိတ်ကအစ တွက်ချက်ရမှာ ဖြစ်သလို ဒီလို အသုံးတဲ့မတဲ့ စီးပွါးဖြစ်မဖြစ် သုံးသပ်မှုတွေလုပ်ပြီး မှ တူးဖေါ်ဖို့စီစဉ်ရတာပါ။ နောက်ဆုံး တူးဖေါ်တဲ့ အဆင့်မှာ အစိုးရက သက်ဆိုင်ရာ နည်းဥပဒေတွေ စည်းမျဉ်း စည်းကမ်းချက်တွေ ချပြီး စံနစ်တကျ လုပ်ကိုင်စေမှ ရေရှည် အကျိုးရှိနိုင်ပါတယ်။ ဒါတွေ အားလုံး အဆင်ပြေချောမွေ့စေဖို့ နိုင်ငံတော် အစိုးရက သတ္တုတွင်း ပေါ်လစီ မူဝါဒတွေ ချမှတ်ပေးရမှာ ဖြစ်ပါတယ်။ မူဝါဒချပြီး ဥပဒေ နည်းဥပဒေတွေ ထုတ်ပြန်ခဲ့သည့်တိုင် ဒီဥပဒေကို လိုက်နာစေဖို့ အားဖြည့် ပေးတဲ့အနေနဲ့ စည်းမျဉ်းအတိုင်းမလိုက်နာရင် အရေးယူမှုတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရှေးဘုရင်တွေ လက်ထက်ကတည်းက သတ္တုတူးဖေါ်မှုတွေ လုပ်ခဲ့တာပါ။ ကမ္ဘာမှာ ထင်ရှားတဲ့ မိုင်းတွေဖြစ်တဲ့ နမ္မတူ ဘော်တွင်းမိုင်း၊ မော်ချီး နဲ့ ဟိန္ဒား ခဲမဖြူ အဖြိုက်နက် မိုင်းတွေ အပြင် ကြေးစင်တောင် စပယ်တောင် ကြေးနီမိုင်းတွေ၊ တကောင်း နီကယ်မိုင်းတွေလည်း ရှိပါတယ်။ ဒါပေမယ့် နိုင်ငံတကာက သဘာဝန်းကျင် ထိမ်းသိမ်းရေးတွေ လုပ်ဆောင်လာချိန်မှာ မြန်မာနိုင်ငံမှာ မလုပ်နိုင်အောင် ဖြစ်ခဲ့ရတာ ဘာကြောင့်ပါလဲ။ ဘယ်လို ဆုံးရှုံးမှုတွေ ကြုံလာရတာ ပါလဲ။

အရင်က သတ္တုမိုင်းတွေဟာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လုပ်ခွင့်ပေးပြီး အစိုးရက ဥပဒေ၊ နည်းဥပဒေတွေနဲ့ ထိမ်းချုပ်ထားတာ ဖြစ်ပါတယ်။ ၁၉၆၂ ခု စစ်အစိုးရလက်ထက်မှာ နိုင်ငံပိုင် သတ္တုတွင်းတွေအဖြစ် ပြည်သူပိုင်သိမ်းပြီး အစိုးရက ချုပ်ကိုင်ခဲ့သလို ၁၉၉၄ ခုနှစ်နောက်ပိုင်းမှာတော့ ဥပဒေသစ်တွေ ရေးဆွဲပြီး အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေ ချထားပေးခဲ့ ရာက စံနစ်မကျတဲ့ သတ္တုတူးဖေါ်ရေး ပုံစံကို စပြောင်းသွားတယ်လို့ ဦးအေးလွင်က ပြောပါတယ်။ အဂတိလိုက်စားမှုတွေနဲ့ အသေးစား လုပ်ငန်းအဖြစ် ပုဂ္ဂလိကတွေကို ခွဲပေးရာမှာ ပညာရှင် ၃ မျိုးနဲ့ စံနစ်တကျ လုပ်ဆောင်တဲ့ ပုံစံမဝင်ပဲ ဖြစ်ခဲ့ရပြီး သတ္တု ဥပဒေတွေ နည်းဥပဒေတွေနဲ့မကိုက်ပဲ ကမ္ဘာမှာ မျက်နှာငယ်ရတဲ့ သတ္တု လုပ်ငန်းတခု ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ သတ္တုတူးဖေါ်မှု လုပ်ငန်းကို အလွယ်တကူလုပ်ခွင့်ပေးတာရဲ့ အကျိုးဆက်ကတော့ အောက်ခြေ လက်လုပ်လက်စားတွေ အဆင့်အထိ စံနစ်မကျတဲ့ သတ္တု ထုတ်လုပ်မှုတွေနဲ့ ဝန်းကျင် ထိခိုက်မှုတွေ ရှိလာသလို ချောင်းမြောင်းတွေ ကောကုန်တာ၊ သယံဇာတတွေ လည်း လိုသလောက်မရပဲ ဖြစ်ခဲ့ရတာပါ။ လွန်ခဲ့တဲ့ အနှစ် ၂၀ က စပြီး မှားခဲ့တဲ့ အမှားကြောင့် သတ္တု သယံဇာတတွေ အလေအလွင့်များပြီး ဆုံးရှုံးမှု ရှိခဲ့သလို သဘာဝ ဝန်းကျင် ထိခိုက်မှုပဲ အဖတ်တင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ သတ္တုထုတ်လုပ်ရေး စံနစ်ကျဖို့အတွက် အစိုးရက မူဝါဒကောင်းကောင်းချပေးဖို့ လိုသလို လမ်းပမ်းဆက်သွယ်ရေးနဲ့ ဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးကလည်း အရေးပါပါတယ်။ မြန်မာနိုင်ငံမှာ နယ်စပ်ဒေသတွေ၊ လမ်းပမ်း ဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေမှာ သတ္တုတွေ တွေ့ရပါတယ်။ ဒီနယ်စပ်ဒေသတွေ တောတောင်ထူထပ်တဲ့ ဒေသတွေမှာ လက်နက်ကိုင်တွေနဲ့ တည်ငြိမ်းအေးချမ်းမှု မရှိတာဟာ သတ္တုလုပ်ငန်း တိုးတက်စေရေးမှာ အဟန့်အတား ဖြစ်နေသလို လမ်းပမ်း ဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေက သတ္တုတွေအတွက်လည်း သယ်ယူပို့ဆောင်ရေး စားရိတ်က သတ္တုက ရတဲ့ အကျိုးစီးပွါးကို ထိခိုက်စေတာပါ။ ဒီကြားထဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ စံနစ်မကျတဲ့ သတ္တု တူးဖေါ်မှုတွေကြောင့်လည်း ဆုံးရှုံးမှုတွေ ဖြစ်စေပါတယ်။

မြန်မာ့ သတ္တုကဏ္ဍမှာ အဓိက လိုအပ်တာက ပါတ်ဝန်းကျင်ကို ထိခိုက်မှု အနဲဆုံး ဖြစ်အောင် ချမှတ်ပေးမယ့် အစိုးရရဲ့ မူဝါဒ ဖြစ်ပါတယ်။ သတ္တုတူးဖေါ်ရေး လုပ်ငန်းဟာ အတတ်ပညာ အခြေခံတဲ့ လုပ်ငန်းမို့ သတ္တု ကဏ္ဍ တိုးတက်လာအောင် အင်မတန်စံနစ်ကျတဲ့ ဥပဒေတွေ ချမှတ်ပေးဖို့လိုပြီး ဥပဒေတွေကလည်း လေးစားလိုက်နာဖို့ လွယ်ကူရမှာပါ။ ဒါ့အပြင် လေးစား လိုက်နာသူကို ကာကွယ်ပေးတဲ့ ဥပဒေ ဖြစ်ဖို့ အရေးပါသလို မူဝါဒ အတိုင်း ရေးဆွဲထားတဲ့ ဥပဒေ နည်းဥပဒေတွေကို စံနစ်တကျ လိုက်နာအောင် အရေးယူမှုတွေနဲ့ ထိမ်းကျောင်း ပေးရမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြန်မာ့ သတ္တုတွင်းလုပ်ငန်းက သဘာဝဝန်းကျင်ကို ဘာကြောင့် ထိခိုက်စေသလဲ