လမုတောဆုံးရှုံးမှု အန္တရာယ်

Mangroves excel at capturing and storing carbon.Credit: Stefanie Simpson

ကမ်းရိုးတန်းတိုက်စားမှုကို အကာကွယ်ပေးပြီး ရေသတ္တဝါတွေ ပေါက်ပွါးရှင်သန်ရာ ရပ်ဝန်းကို ဖန်တီးပေးတဲ့ လမုတောတွေ ဆုံးရှုံးတဲ့ အန္တရာယ် ကြုံနေရတဲ့ ကမ္ဘောဒီးယားက နေရာလေး တနေရာ အကြောင်း ဒီတပတ်မှာ ပြောပြပါရစေ။

Your browser doesn’t support HTML5

Mangroves လမုတောဆုံးရှုံးမှု အန္တရာယ်

ကမ်းရိုးတန်းတိုက်စားမှုကို အကာကွယ်ပေးပြီး ရေသတ္တဝါတွေ ပေါက်ပွါးရှင်သန်ရာ ရပ်ဝန်းကို ဖန်တီးပေးတဲ့ လမုတောတွေ ဆုံးရှုံးတဲ့ အန္တရာယ် ကြုံနေရတဲ့ ကမ္ဘောဒီးယားက နေရာလေး တနေရာ အကြောင်း ဒီတပတ်မှာ ပြောပြပါရစေ။

ကမ္ဘောဒီးယားနိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်းတလျှောက်မှာ လမုတောတွေ ရှိပါတယ်။ ဒီလမုတောတွေဟာ ဒေသခံ ထောင်ပေါင်းများစွာ အသက်ရှင်ရပ်တည်ရေးအတွက် အဓိက အထောက်အကူဖြစ်တဲ့ ငါးတွေပျော်စံရာ နေရာ ဖြစ်ပါတယ်။ ခေတ်မှီတိုးတက်လာတဲ့ ကမ္ဘောဒီးယားအတွက် အဲဒီဒေသမှာ ဖွံ့ဖြိုးရေးစီမံကိန်းကြီးတွေ ချလာတဲ့အခါ ဒီလမုတောတွေအတွက် ခြိမ်းခြောက်မှုတွေ ဖြစ်လာခဲ့တာပါ။

ထိုင်းပင်လယ်ကွေ့ (Gulf of Thailand) ထဲကို စီးဝင်တဲ့ ထရာပင်း စံကေ (Trapeang Sangke) မြစ်ရဲ့ မြစ်ဝဒေသမှာ လမုတောတွေ အပြည့်ရှိနေတာမို့ သဘာဝ ဘေးဒဏ်ကို ခုခံကာကွယ်ဖို့အတွက် အကောင်းဆုံး အရံအတား တခုဖြစ်နေပါတယ်။ လမုပင်တွေဟာ တိုက်စားမှုဒဏ်ကို အကာကွယ်ပေးရုံမကပဲ အဲဒီမှာ ငါးနဲ့ တခြားပင်လယ်သတ္တဝါမျိုးကွဲ မြောက်များစွာ ကျင်လည် ကျက်စားကြတာမို့ ရာနဲ့ချီတဲ့ ဒေသခံတံငါသည် မိသားစုတွေ စားဝတ်နေရေး အတွက်ပါ အားထားရတာပါ။

အခုအဲဒီမှာ ဒေသဖွံဖြိုးတိုးတက်ရေးအတွက် အစိုးရက ကမ်းရိုးတန်း တလျှောက် ၁၅ မိုင် လောက် အရှည်အတွင်း စီမံကိန်း အနဲဆုံး ၆ ခု ချထားပါတယ်။ ဒီအထဲမှာ ဂေါက်ကွင်းတခု၊ ပိုလိုကလပ်နဲ့ ရွက်လှေကလပ်တွေအပြင် ကြီးမားတဲ့ ကမ်းခြေအပမ်းဖြေစခန်းလည်း ၂ ခု ထက်မနဲ ဆောက်လုပ်မှာပါ။ ဒါ့အပြင် ခရီးသည် အများအပြား ဆန့်တဲ့ ကူးတို့သဘောၤဆိပ်ကြီး ကိုလည်း ဆောက်လုပ်မှာ ဖြစ်ပါတယ်။

ဒေသဖွံဖြိုးရေးအတွက် လုပ်နေတဲ့ထဲက မြင်သာတာတခုက ဒီသဘောၤဆိပ်ဆောက်ဖု့ိ သောင်တူးတာနဲ့ ကမ်းရိုးတန်းက အပင်တွေကို ရှင်းပစ်နေတာပါ။ အဲဒီမှာ လမုတောတွေလည်း ပြုန်းလာပါပြီ။ ဒေသခံတွေကတော့ ဒီဖွံ့ဖြိုးရေးစီမံကိန်းတွေကြောင့် စည်ကားလာမှာနဲ့ လမ်းပမ်းဆက်သွယ်ရေးပါ ပိုကောင်းလာမယ် ဆိုတာ သိနေကြပေမယ့် သူတို့ အားထားမှီခိုနေရတဲ့ ပင်လယ်ကွေ့ဒေသကြီး ထိခိုက်မှာ ပူနေကြတာပါ။

အဲဒီဒေသက တံငါအလုပ်နဲ့ အသက်မွေးကြတဲ့ Pery Smach ပရေစမက် ရွာက ရွာသူကြီး Neth Sen ဦးနက်စံကတော့ သူ့ရွာသားတွေ အရင်လို ဝင်ငွေမဖြောင့်တော့ဘူးလို့ ညည်းပါတယ်။

“ကျွန်တော်တို့ရဲ့ သယံဇာတတွေ အများကြီး ဆုံးခဲ့ရပါပြီ။ အရင်က လမုတောက အကျယ်ကြီး ရှိပါတယ်။ ခုနောက်ပိုင်း လမုပင်တွေ အတော်များများ အခုတ်ခံရတဲ့ အတွက် ကျနော်တို့ ငါးတွေလဲ သိပ်မရတော့ဘူး။ ဂဏန်းတွေ ပုဇွန်တွေလည်း သိပ်မရတော့ဘူး။ ကျနော်တို့ အဖွဲ့ဖွဲ့ပြီး အပင်တွေ ပြန်မစိုက်ခင်ကဆို ပိုတောင်ဆိုးသေးတယ်။ အခု နဲနဲပိုကောင်းလာ ပေမယ့် ဟိုးအရင် သူတို့ လမုတောတွေ ခုတ်မပစ်ခင်က လိုမျိုးတော့ ပြန်မရတော့ဘူး။”

လမုတောတွေ ပြုန်းကုန်တာဟာ တံငါသည်တွေအတွက် ဝင်ငွေလျော့သွားစေတာပါ။ တံငါသည်တွေဟာ ငါးရဖို့ ပင်လယ်ပြင်ထဲ ပိုဝေးတဲ့ နေရာကို သွားပြီးဖမ်းကြရတာမို့ သူတို့ စက်လှေအတွက် ဆီပို ဖြည့်ဖို့ လိုလာသလို အချိန်လည်း ပိုကုန်ကြရတယ် လို့ပြောပါတယ်။ ပိုဆိုးတာက သူတို့ရဲ့ လမုတောတွေ ပြုန်းကုန်တာ ဖြစ်ပြီး ဒါက သူတို့ကို ထိခိုက်စေတာလို့လည်း ဦးနက်စံကပြောပါတယ်။

“ငွေရပေါက် လမ်းကြောင်းတွေအားလုံးက ငွေမဝင်တော့တဲ့အတွက် လူတိုင်းကို ထိခိုက်စေတာပေါ့။ အပင်တွေ မရှိတော့ ပင်လယ်စာတွေ ပါမရတော့ဘူး။ လမုပင်တွေတင်မကဘူး ငါးစားကျက်တွေလည်း အဖျက်ဆီးခံရတယ်။ ဒါ့ကြောင့် လမုပင်တွေ ဆုံးရသလို ငါးနဲ့ ကျနော်တို့ရဲ့ ဝင်ငွေတွေပါ အတော်ကျကုန်တယ်”

လမုပင်တွေ ပျက်စီးရတာနဲ့အတူ ပင်လယ်သတ္တဝါတွေရဲ့ စားကျက်တွေ ပျက်ကုန်သလို တိုက်စားမှုကို ခံနိုင်တဲ့ အရံအတားပါ ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် လမုတောတွေဟာ နှစ်ပေါင်းများစွာ ကာဗွန်ကို ဖမ်းယူသိမ်းဆည်း ထားနိုင်စွမ်း ရှိတာမို့ လမုပင်တွေ ဆုံးရှုံးရတာဟာ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ဥတုရာသီ ပြောင်းလဲမှုမှာ အဓိကကျတဲ့ မလိုလားအပ်တဲ့ ကာဗွန်မျိုးကို ခြေဖျက်ပေးနိုင်တဲ့ စံနစ်ပါဆုံးရတာ လို့ Wildlife Alliance သဘာဝတောရိုင်းထိမ်းသိမ်းရေး မိတ်ဆွေများအဖွဲ့က သိပ္ပံနဲ့ ကမ္ဘာ့ဖွံ့ဖြိုးရေးဒါရိုက်တာ Thomas Gray က ပြောပါတယ်။

“လမုပင်တွေရှိတဲ့ ဒီရောက်တောက မြေဆီလွှာတွေဟာ ကမ္ဘာပေါ်မှာ ကာဗွန်အကြွယ်ဝဆုံး မြေဆီလွှာမျိုးဖြစ်ပါတယ်။ ဒီ လမုတော တွေကိုဖျက်ဆီးတာဟာ လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက်တွေ အများကြီးရောက်သွားစေတဲ့အတွက် ကမ္ဘာ့ရာသီဥတု အပြောင်းအလဲတွေလည်း ဖြစ်စေပါတယ်။ အလမုတောတွေရဲ့ နောက်အရေးကြီးတဲ့ အချက်က သူက ဇီဝမျိုးကွဲတွေ အများအပြားအတွက် တကယ့်ကို အရေးပါပါတယ်။ ငါးနဲ့ တခြားရေသတ္တဝါ မျိုးကွဲပေါင်းမြောက်များစွာ အတွက် သားပေါက်ဖို့ရော ရှင်သန်လှုပ်ရှားဖို့အတွက်ပါ အကောင်းဆုံးနေရာက လမုတော ဖြစ်ပါတယ်။ ဒါ့ကြောင့် ကမ္ဘောဒီးယားက ကမ်းရိုးတန်းဒေသခံတွေအတွက်တော့ ဒီလမုတော မရှိရင်မဖြစ်ပါဘူး။”

လမုတောတွေရဲ့ အရေးပါပုံကို သိလာနေပြီဖြစ်တဲ့ ဒေသခံတွေဟာ ကျန်လမုပင်တွေဆက်ပြီး မပြုန်းအောင် ထိမ်းသိမ်းရေးတွေ စလုပ် ဖို့ ကြိုစားကြပါတော့တယ်။ ၂၀၁၁ ခုနှစ်လောက်ကစပြီး ဒေသခံတွေဟာ Kampot လမုတော (Kampot Mangrove Forest) ဆိုတဲ့နံမယ်တဲ့ NGO အဖွဲ့တခုကို ဖွဲ့ခဲ့ပါတယ်။ ဒီအဖွဲ့မှာ သဘာဝ ဝန်းကျင်ထိန်းသိမ်းရေး အသိရှိတဲ့ ခရီးသွားတွေနဲ့ ကျောင်းသားတွေပါ ပါဝင်လာပြီး အဲဒီဒေသတွင်း ဧက ရှစ်ရာကျော်မှာ လမုပင် ၂ သိန်းကျော်ကို စိုက်ပျိုးခဲ့ပါတယ်။

လမုပင်ပေါက်တွေရအောင် ပျိုးပြီး ပင်လယ်နဲ့ ထိစပ်တဲ့ နေရာတွေမှာ လမုပင်တွေ ပြန်စိုက်ကြတာပါ။

ဒီ Kampot လမုတော ကို စတင်ထူထောင်သူကတော့ ကမ္ဘောဒီးယား နိုင်ငံသား Sim Him ပါ။ အစိုးရက ဖွံ့ဖြိုးရေး စီမံကိန်းတွေ ချတော့ သူတို့ဒေသမှာ မြေဈေးတွေ အဆမတန်တက်လာပြီး မြေဝယ်သူတွေ မျက်စေ့ကျလာကြတယ်လို့ ပြောပါတယ်။

“မြေဈေးတွေက သိပ်မြင့်လာတဲ့အခါ အမြတ်ထုတ်လိုသူတချို့ရောက်လာပါတယ်။ သူတို့က ဒီကမြေတွေကို ဝယ်ပါတယ်။ သူတို့ မြေဖြစ်သွားပြီ ဆိုတာနဲ့ သူတို့ ပိုင်မြေထဲမှာရှိတဲ့ လမုပင်တွေကို စခုတ်ပြီး မြေရှင်းတော့တာပါပဲ။ ကျွန်တော်တို့ ငါးဖမ်း နေကျနေရာတွေ နားက လမုပင်တွေကိုပါ သူတို့က ဖျက်ဆီးခဲ့တာပါ”

သူတို့ရဲ့ Kampot လမုတော တဝိုက်မှာ လမုပင်တွေကို ထိန်းသိမ်းဖို့ သတိပေးဆိုင်းဘုတ်တွေ စိုက်ထူထားပါတယ်။ “လမုတောတွေဟာ ဥတုရာသီပြောင်းလဲမှုကြောင့် ကမ်းရိုးတန်းဒေသထိခိုက်မှု လျော့ပါးအောင် အထောက်အကူပေးနိုင်တယ်” ၊ “လမုတောကို ဖျက်ဆီးတာဟာ သင့်ဘဝကို ဖျက်ဆီးပစ်တာပါ” ဆိုတဲ့ ဆိုင်းဘုတ်မျိုးပါ။

လမုတောဒေသရဲ့ အနာဂတ်ကတော့ သိပ် မရေရာလှပါဘူး။ အခုလို သူတို့ရဲ့ လမုတောအတွက် အနာဂတ်က မရေရာ ပေမယ့် Kampot အဖွဲ့ကတော့ လမုပင်တွေကို ဆက်ပြီး စိုက်နေတယ်လို့ လည်း Him ကပြောပါတယ်။ သူတို့ စိုက်ထားတဲ့ အပင်ပေါက် လေးတွေ ဟာ အရင်တုန်းကတော့ စိုက်ပျိုးခဲ့သမျှရဲ့ ၉၆ % ရှင်ခဲ့ပေမယ့် အခုဆို ၃၀ % လောက်သာ ရှင်တော့တာပါ။

ဘာကြောင့် သူတို့ရဲ့ ပျိုးပင်ပေါက်တွေ မရှင်သန်နိုင်ပဲ ဖြစ်လာရတာပါလဲ။

တရားခံကတော့ ဖွံ့ဖြိုးရေး စီမံကိန်းတွေရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေပါ။ ဆောက်လုပ်ရေးလုပ်ငန်းတွေက သောင်တူးတာတွေ အပြင် လုပ်ငန်းစွန့်ပစ်ပစ္စည်း အဆိပ်အတောက်တွေရဲ့ ဒဏ်ကို လမုပင်တွေခံနေကြရ တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ဒီလိုအဖြစ်မျိုးမကြုံရဖို့ စီမံကိန်းတွေချမယ် ဆိုရင် သဘာဝ ဝန်းကျင်တွက်ပါ ထည့်သွင်းစဉ်စားဖို့ လိုတယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။