လျှပ်စီးလက် မိုးကြိုးပစ်တဲ့ အန္တရာယ်

လျှပ်စီးလက် မိုးကြိုးပစ်တဲ့ အန္တရာယ်

မိုးတွင်းကာလမှာ မိုးတိမ်တွေကနေ လျှပ်စီးတွေ လက်ပြီး မိုးကြိုးပစ်တဲ့ အန္တရာယ် ရှိပါတယ်။ မြန်မာနိုင်ငံမှာ မိုးကြိုးအပစ် ခံရလို့ သေဆုံးရသူ အများအပြား ရှိပါတယ်။ ဘာ့ကြောင့် မိုးကြိုးပစ်ရတယ်၊ ဒီအန္တရာယ်ကို ဘယ်လို ရှောင်ရှားနိုင်မယ် ဆိုတာတွေကို ရူပဗေဒ ပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပြပေးမှာပါ။

လျှပ်စစ် အဖိုဓါတ်နဲ့ အမဓါတ် တွေ ပေါင်းသွားတဲ့ အခါ ပေါ်လာတဲ့ လျှပ်စီးကြောင်းကနေ လျှပ်စီးလက်တာ မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်လာတာပါ။

မြေပြင်နဲ့ တိမ်ကြားမှာ လေထု ရှိပါတယ်။ လေထုဟာ လျှပ်ကာပစ္စည်းပါ။ ဒီလျှပ်ကာက လျှပ်ကူးဖြစ်သွားရင် မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာတွေ ပေါ်လာပါတယ်။ လျှပ်စစ်ဓါတ်အားက တိမ် ၂ ခု ကြားမှာ ပေါ်ရင် လျှပ်စီးလက်ပြီး တိမ်နဲ့ မြေကြီးအကြား လျှပ်ကာကနေ လျှပ်ကူး ဖြစ်သွားရင် မိုးကြိုးပစ်တယ်လို့ ခေါ်ပါတယ်။

ဒီလို မိုးကြိုးပစ်ဖို့ လျှပ်စီးလက်ဖို့အတွက် လိုအပ်တဲ့ လျှပ်စစ်ဓါတ်ကို ဘယ်က ရပါသလဲ။

မိုးရွာချတဲ့အခါ ရေပါတဲ့ မိုးမှုန် မိုးစက် လေးတွေ တခုနဲ့ တခု ပွတ်တိုက်ပြီး static electricity လို့ခေါ်တဲ့ ပွတ်တိုက်မှုကနေ ရတဲ့ လျှပ်စစ်ဓါတ်ပါ။ အပေါ်ကို ပင့်တိုက်တဲ့ လေက ဒီတိမ်တွေကို ဖြတ်သွားမယ် ဆိုရင် ပေါ့ပါးတဲ့ မိုးစက်က အဖိုသဘာဝ ရှိပြီး မိုးတိမ် အပေါ်ပိုင်းကို ရောက်သွား သလို အောက်ပိုင်း အလွှာ မှာတော့ အမဓါတ်တွေ ကျန်ရစ်တတ်ပါတယ်။ တကယ်လို့ ကမ္ဘာမြေပြင်က အဖိုဓါတ် ဆောင်မယ် ဆိုရင် အဖိုအမ လျှပ်စစ် စက်ကွင်းပေါ်လာမယ်လို့ ယူဆတာပါ။

မိုးကြိုးပစ်တဲ့အခါ ကြားရတဲ့ အသံကို ဘယ်က ရပါသလဲ၊

မိုးကြိုးပစ် လျှပ်စီးလက်တဲ့ အခါမှာ မြင်ရတဲ့ အလင်းရောင်တန်းဟာ အချင်း ၂ လက်မ လောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ဒီ အချင်း ၂ လက်မရှိတဲ့ လျှပ်စီးကြောင်းရဲ့ အပူဟာ ဒီဂရီ ကိုးထောင်လောက်ရှိ နိုင်ပါတယ်။ ဖိအားအရမ်းများပြီး လျှပ်စီးကြောင်း ဖြစ်နေချိန်မှာ သူ့ပါတ်ဝန်းကျင်က ဖိအားနဲတဲ့ နေရာကို ချက်ချင်း ဆန့်ထုတ်လိုက်ရတဲ့ အတွက် ဖိအားကွာဟမှု ကြီးမားလာပြီး အသံလှိုင်း က ပေါ်လာပါတယ်။ ဒီအခါမှာ ကျယ်လောင်တဲ့ အသံကို ကြားရတာပါ။

မိုးကြိုး ပစ်လိုက်တဲ့ လျှပ်စစ်ဓါတ်အားက ဗို့အား သန်း တထောင်လောက် ရှိနိုင်ပါတယ်။

များသောအားဖြင့် မျက်စိနဲ့ မြင်ရတဲ့ လျှပ်စီးလက်တဲ့ လျှပ်စစ် စီးကြောင်း ဟာ မြေကြီးကနေ အပေါ်ကို ပြန်တက်ချိန်မှာ မြင်ရတာပါ။ သူ့ကို streamer လို့ ခေါ်ပါတယ်။ အပေါ်ကနေ အောက်ကို ဆင်းတဲ့ အချိန်ဟာ သိပ်မြန်တာမို့ မြင်ဖို့ ခက်ပါတယ်။ အောက်ကနေ ပြန်တက်တဲ့ အခါ လူကနေ ဖြစ်စေ သစ်ပင်တို့ ကြီးမားတဲ့ ခြုံတို့ကနေလည်း အပေါ်ကို ပြန်တက်နိုင် ပါတယ်။ အဲဒီလို ပြန်တက်တဲ့ အခါ လျှပ်စစ်ဗို့အားက သိပ်များတာမို့ လူကို ဖြစ်စေ တခြား အကောင်တွေကို ဖြစ်စေ လျှပ်စစ်အား ဖြတ်သန်းသွားမယ် ဆိုရင် သေနိုင်ပါတယ်။ သူ့ကို Streamer electrocution လို့ ခေါ်ပါတယ်။

မိုးကြိုးပစ်တော့မယ် ဆိုတာကို ကြိုပြီး ခန့်မှန်း နိုင်ပါသလား။

ဘယ်နေရာကို မိုးကြိုးပစ်မယ် ဘယ်နေရာမှာ မိုးကြိုးစက်ကွင်း ကျနိုင်မယ် ဆိုတာကို ခန့်မှန်းဖို့ ခက်ပါတယ်။ မိုးထင်ခြုံး ရွာနေချိန်မှာ ကွင်းခေါင်ခေါင်ထဲ မတ်မတ်ရပ်နေဖို့ မသင့်ပါဘူး။ မိုးထစ်ခြုံးရွာနေချိန်မှာ ကောင်းကင်မှာ အဖိုဓါတ် အမဓါတ်တွေ စတင် ပေါ်ပေါက်နေပြီမို့ ဒီအချိန်မှာ မြေပြင်ကနေ အမြင့်ဆုံး နေရာတွေ ဆီကို လျှပ်ကူးနိုင်ပါတယ်။ ဒါ့အကြောင့် ကွင်းခေါင်ခေါင်မှာ ရပ်နေသူကို မိုးကြိုးပစ်ဖို့ အခွင့်လန်း ပိုများပါတယ်။ နောက် ထီးထီးမြင့်မားတဲ့ အပင်တွေကို မိုးကြိုးပစ်နိုင်တာ မို့ အဲဒီဝန်းကျင်မှာ ရောက်နေရင်လည်း မိုးကြိုးစက်ကွင်း ထဲ ဝင်နေသလို ဖြစ်သွား နိုင်ပါတယ်။

မိုးကြိုးပစ်ရင် လျှပ်စစ်ဓါတ်ဟာ ကောင်းကင်ကနေ အပင်ကို ဖြစ်စေ လူကိုဖြစ်စေ တိုက်ရိုက် ထိမှန်နိုင်သလို တဆင့်ပြန် အန္တရာယ် ပေးတာမျိုးလည်း ရှိပါတယ်။ မြေကြီးထဲ ဝင်သွားတဲ့ လျှပ်စစ်ဓါတ်ကနေ တဆင့် ဖြစ်စေ၊ သံလို လျှပ်စစ်စီးနိုင်တဲ့ ပစ္စည်းတွေကနေ တဆင့်ဖြစ်စေ ဓါတ်လိုက်တဲ့ သဘောမျိုးရှိတာမို့ မိုးထစ်ခြုံး ရွာနေချိန်မှာ ခြံခတ်ထားတဲ့ သံဆူးကြိုးတွေ သစ်ပင်တွေ အနီးနား မနေဖို့လည်း အရေးကြီး ပါတယ်။

သိပ္ပံဆိုင်ရာ ဝေါဟာရများ

lightning လျှပ်စီးလက်ခြင်း၊ လျှပ်စီး

thunderbolt မိုးကြိုးပစ်ခြင်း

static electricity လျှပ်စစ်ငြိမ်

streamer စီးကြောင်း

Streamer electrocution ဓါတ်လိုက်သေဆုံးသည်