အိမ်သုတ်ဆေးနဲ့ ခဲဆိပ်သင့် အန္တရာယ်

အိမ်သုတ်ဆေးများ

ခဲပါတဲ့ အိမ်သုတ်ဆေးတွေကနေတဆင့် ခဲတွေ လူရဲ့ ကိုယ်ခန္ဓာထဲ ရောက်သွားပြီး အဆိပ်သင့်နိုင်တယ်လို့ သဘာဝ ဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ပြော ပါတယ်။

အိမ်သုတ်ဆေးတွေထဲမှာ ခဲပါနေမယ်ဆိုရင် များသောအားဖြင့်တွေ့ရတတ်တာက အဖြူရောင် lead carbonate (PbCO3) ခဲကာဗွန်နိတ် ၊ ခရိုမီယံပါတဲ့ အဝါရောင် PbCrO4 chrome yellow နဲ့ ခဲအောက်ဆိုက် Pb3O4 အနေထားတွေနဲ့ အတွေ့ရများပါတယ်။ ခဲပါတဲ့ သုတ်ဆေးတွေကို နိုင်ငံအတော်များမာျးက အခုအခါမှာ သုံးစွဲခွင့်မပြုတော့ပါဘူး။

ကိုယ်နေထိုင်ရာအိမ်အတွက် ဆေးသုတ်မယ်ဆိုရင် ခဲပါမပါ စစ်ဆေးဖို့ လိုပါတယ်။ ဒီသုတ်ဆေးတွေဟာ အစပိုင်းမှာ သုတ်ထားခါစမှာတော့ အန္တရာယ်မရှိပေမယ့် နှစ်ကြာလာတဲ့အခါ ဆေးကွာသွားမယ်ဆိုရင် ဒီဆေးအပိုင်းအစလေးတွေ ကြောင့် ထိခိုက်မှု အများဆုံးခံစားရတာက ကလေးငယ်တွေ ဖြစ်ပါတယ်။

အိမ်အိုအိမ်ဟောင်းတွေ ဖြိုဖျက်ပစ်တဲ့အခါမျိုးမှာ အိမ်သုတ်ဆေး အမှုန်တွေ လေထဲလွင့်ပါပြီး တိုက်ရိုက် ခဲဆိပ်သင့်နိုင်သလို ရေထဲဖြစ်စေ၊ မြေအောက်ရေထဲ ဖြစ်စေ၊ တွင်းရေထဲဖြစ်စေ ရောက်သွားပြီး အဲဒီရေမှာ ခဲဓါတ်တွေ ပျော်ဝင်ပြီးလည်း ကိုယ်သောက်သုံးမိရာကနေ ခဲဆိပ်သင့်နိုင်ပါတယ်။

ကလေးငယ်တွေဟာ အိမ်ပြူတင်းပေါက်ဘောင်တွေ၊ ကစားစရာတွေလို ခဲပါတဲ့ ဆေးသုတ်ထားတာတွေကို သွားတွေနဲ့ ကိုက်ကစားရာကနေ ဆေးထဲက ခဲတွေ ကလေးကိုယ်ထဲ ရောက်သွားတတ်ပါတယ်။

ကလေးငယ်တွေဟာ လူကြီးတွေထက် ခဲဆိပ်သင့်တဲ့ ဒဏ်ကိုပိုခံရနိုင်ပါတယ်။ ကလေးငယ်လေးတွေထဲမှာလည်း အဟာရမပြည့်ဝတဲ့ ကလေးငယ်တွေကို ပိုထိခိုက် စေတာပါ။

ကလေးငယ်တွေမှာ ခဲဆိပ်မသင့်စေဖို့ လူကြီးတွေက ကာကွယ်ပေးနိုင်ပါတယ်။ အိမ်သုတ်ဆေးကြောင့်တင် မကပါဘူး။ လူကြီးရဲ့ အလုပ်အကိုင်ကလည်း ခဲနဲ့ ပါတ်သက်တဲ့ အလုပ်ဖြစ်နေရင် အထူးဂရုစိုက်ဖို့ လိုပါတယ်။ ဥပမာ ခဲသတ္တုတွင်းမှာ အလုပ်လုပ်ကိုင်သူတွေ၊ ကားဘက်ထရီတွေလို ခဲပါတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့ကိုင်တွယ် ရသူတွေ အနေနဲ့ အထူးသတိထားဖို့ လိုပါတယ်။