သတိနဲ့ သုံးစွဲရမယ့် ပိုးသတ်ဆေး

သတိနဲ့ သုံးရမယ့် ပိုးသတ်ဆေး

လူနဲ့ သဘာ၀၀န်းကျင်ကို ထိခိုက်မှုတွေ မဖြစ်စေဖို့ အတွက် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ သုံးစွဲလေ့ ရှိတဲ့ ပိုးသတ်ဆေး အပါအဝင် အန္တရာယ် ရှိတဲ့ ဓါတုပစ္စည်းတွေနဲ့ ပါတ်သက်ပြီး သိထားသင့်တာတွေကို လုပ်ငန်းခွင် အန္တရာယ်ကင်းရေး အရာရှိ ဦးအေးငြိမ်းက ပြောပြပေးမှာပါ။

ပိုးသတ်ဆေး ဆိုတာထက် အန္တရာယ်ရှိတဲ့ ဓါတုပစ္စည်းတွေ လို့ပြောရင် ပိုပြီးခြုံမိငုံမိနိုင်ပါတယ်။ ဒီပစ္စည်းတွေ အားလုံးဟာ အကောင်ဗလောင်တို့ အပင်တို့ ကို သတ်တဲ့ အတွက်ကြောင့် အဆိပ်တွေ ဖြစ်ပါတယ်။ သေသေချာချာ သူတို့ကို မကိုင်ဘူး ဆိုရင် လတ်တလော သေစေတယ်။ ဒါမှမဟုတ်ရင် သေလောက်တဲ့ ရောဂါတွေ ရတတ်တယ်။ ဥပမာ ကင်ဆာဖြစ်မယ်။ internal bleeding လို ခန္ဓာကိုယ်ထဲကနေ သွေးယိုမယ်။ ဒီလိုတခြား မမျှော်မှန်းနိုင်တဲ့ ရောဂါတွေ ရလာတတ်ပါတယ်။ ဆိုတော့ ဒီပစ္စည်းတွေကို ဘယ်လို စံနစ်တကျ ကိုင်တွယ်ရမယ်၊ သုံးရမယ်၊ ဘယ်လို စွန့်အပစ်ရမလဲ ဆိုတာ တွေ သေသေချာချာ သိထားဖို့ အရေးကြီးပါတယ်။
ပါတ်ဝန်းကျင် အနေနဲ့လည်း မြေတို့ ရေတို့ ဆိုတာက ဓါတုပစ္စည်းတွေနဲ့ ထိဘယ်ဆိုရင် ပျက်စီးမှုက ပြင်မရတဲ့ permanent damage ဖြစ်သွားတတ်ပါတယ်။ ပြန်ပြီးတော့ ပြင်ဘို့က မလွယ်ပါဘူး။ အဲဒီအတွက်ကြောင့် လူမှာလည်း အန္တရာယ် မဖြစ်အောင် သဘာ၀ ပါတ်ဝန်းကျင်မှာလည်း အန္တရာယ် မဖြစ်အောင် ဒီဓါတုဗေဒ ပစ္စည်းတွေ အကြောင်းကို သေချာသိထားဖို့ အရေးကြီးပါတယ်။

စိုက်ပျိုးရေး လုပ်ငန်းခွင်မှာ အဓိက သုံးလေ့ရှိတဲ့ ဓါတုပစ္စည်းတွေ မြန်မာနိုင်ငံမှာ အသုံးများတာတွေကို ဦးစားပေးပြီး ရှင်းပြပေးပါ။

မြန်မာနိုင်ငံမှာ သုံးတာက ဓါတ်မြေသြဇာ သုံးတယ်။ ပိုးသတ်ဆေး သုံးတယ်။ ပေါင်းသတ်ဆေးသုံးတယ်။ နောက် မှိုသတ်ဆေးသုံးတယ် နောက် ပြီးတော့ ကြွက်သတ်ဆေး သုံးပါတယ်။ စုစုပေါင်း ၅ မျိုးလောက် ရှိပါတယ်။ ပိုးသတ်ဆေး ကတော့ အများဆုံး သုံးတာပေါ့နော်။ ကြွက်သတ်ဆေးက ဒုတိယ အများဆုံး သုံးတယ်။ နောက် မှိုသတ်ဆေးနဲ့ ပေါင်းသတ်ဆေးကတော့ သုံးတာ နဲနဲတော့ နဲပါတယ်။ သူကတော့ ဟင်းသီးဟင်းရွက် စိုက်ခင်းတွေ မှာ သုံးတာများပါတယ်။

နေ့တိုင်းစားနေ သုံးနေတဲ့ ဟင်းသီး ဟင်းရွက်တွေမှာ ဘယ်လို ဆေးတွေ ဖျန်းတတ်ပါလဲ၊ ဒီဟာတွေရဲ့ အန္တရာယ် အတိုင်းအတာက ဘယ်လောက် ရှိပါသလဲ။ ဒါတွေ အတွက် ဘယ်လို ကာကွယ်ဖို့ သင့်ပါသလဲ။ အဲဒါတွေ ရှင်းပြပေးပါ။

ပိုးသတ်ဆေးက ဖျန်းပြီးလို့ ရှိရင် သူက ချက်ချင်း ဓါတ်ပြယ် မသွားတတ်ပါဘူး။ ဓါတ်ကြွင်း အန္တရာယ် ပေါ့နော်။ အဲဒီ ဓါတ်ကြွင်း အန္တရာယ်ကို ကင်းအောင် ဘယ်လောက် လုပ်ရမလဲ ဆိုတာ တရားသေ သတ်မှတ်ထားလို့ မရပါဘူး။ ဘယ်လို ပိုးသတ်ဆေးကို သုံးသလဲ၊ ပိုးသတ်ဆေးကို ဖျန်းတဲ့ အခါမှာ concentration ဘယ်လောက် များသလဲပေါ့နော်။ ဆိုလိုတာက ရေစပ်တာ များသလား၊ နဲသလား။ ဖျန်းပြီးတော့ ဘယ်နှစ်နာရီကြာ တော့ ဈေးကို တင်ပို့တာလဲ။ စသဖြင့် အဲဒီအချက်တွေ ပေါ် အများကြီး မူတည်ပါတယ်။
ကောင်းတာကတော့ ၊ ပိုးသတ်ဆေး ဖျန်းပြီးပြီးချင်း ဈေးကို တင်ဖို့လို့ မသင့်ပါဘူး။ ဝယ်စားတဲ့ သူတွေ အနေနဲ့ အသီးအရွက်တွေမှာ ပိုးသတ်ဆေး ပါမပါကို စစ်ဆေးဖို့ ဆို မလွယ်ပါဘူး။ ဘယ်သူမှလည်း စစ်မှာ မဟုတ်ပါဘူး။ အဲဒီ့အတွက်ကြောင့် ရောင်းတဲ့ သူကပဲ အသီးအနှံတွေကို ဈေးကို တင်ပို့တော့ မယ် ဆိုရင် ပိုးသတ်ဆေးကို ပထမ တရက် ၂ ရက် လောက် ကြိုပြီးတော့ ဖြတ်ထားတာကောင်းပါတယ်။ အကယ်ရွေ့ မဖြတ်ဖူး ဆိုရင် စားသုံးသူတွေ အတွက် အလွန်အင်မတန် အန္တရာယ် များပါတယ်။ နောက် ဒီအပေါ်မှာ ကျန်ခဲ့တဲ့ ပိုးသတ်ဆေး အကြွင်းက နဲတဲ့ အတွက်ကြောင့်မို့ သူက ချက်ချင်း သိသာတာ မဟုတ်ပဲနဲ့ စားတာများလာတဲ့ အခါ မှာ ကင်ဆာလို စသဖြင့် ကုမရနိုင်တဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။

ဒီ လယ်ယာလုပ်ငန်းခွင်တွေ ထဲမှာ သုံးနေတဲ့ ပိုးသတ်ဆေးတွေ၊ ဒီအန္တရာယ်ရှိတဲ့ ဓါတုပစ္စည်းတွေ သုံးနေကြတဲ့ အနေအထားရော နောက် ဘယ်လို အန္တရာယ်တွေ ရှိတယ် ဆိုတာပါ ဆက်ပြီး ရှင်းပြပေးပါ။

ဟုတ်ကဲ့။ အရေးကြီးတာက စောစောက စားသုံးသူတွေ ဆိုတာက ဒုတိယ အဆင့်ပေါ့။ တကယ်တမ်း မထမဆုံး အန္တရာယ်များတာကတော့ လယ်သမား ကိုယ်တိုင်ကပါပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့က ဆေးကို ဖျန်းတော့မယ် ဆိုတာနဲ့ ဆိုင်ကနေ စပြီးတော့ ဝယ်လာတယ်။ ပြီးတော့ အိမ်မှာ သိုလှောင်တယ်။ နောက် အိမ်ကနေပြီး ခွက်တွေထဲ ချင်ထည့်မယ်။ နောက် ပိုးသတ်ဆေး သွားဖျန်းတယ်။ အဲတော့ တချိန်လုံး သူတို့ နဲ့ပဲ ထိတွေ့နေရတာ ပေါ့နော်။ ဆိုတော့ စပြီးတော့ ပိုးသတ်ဆေးကို ဆိုင်ကနေ ဝယ်လာကတည်းကနေ နောက်ဆုံး ဖျန်းပြီး သွားတဲ့ အထိ၊ အဲဒီ အစဉ်တိုင်းအစဉ်တိုင်းမှာ သူတို့ အနေနဲ့ အန္တရာယ် ကင်းအောင်လို့ ကိုင်တွယ်ဖို့ အရေးကြီးပါတယ်။

နောက် ပိုးသတ်ဆေးတွေ အနေနဲ့ လူ့ခနာကိုယ်ထဲကို ဝင်နိုင်တဲ့ လမ်း ၃ သွယ် ရှိပါတယ်။ လက်ကနေ တဆင့် ပါးစပ်ထဲကို ရောက်သွားမယ်။ ခန္ဒာကိုယ် အရေပြားကို ထိမိပြီးတော့ အသားထဲကို စိမ့်ဝင် သွားနိုင်တယ်။ အဲဒီ ပိုးသတ်ဆေးရဲ့ အငွေ့ကို ရှုမိပြီးတော့ နှာခေါင်းကနေ တဆင့် အသက်ရှုလမ်းကြောင်းထဲကို ဝင်သွားနိုင်ပါတယ်။

အဲဒီလို ဖြစ်တာတွေ အတွက် ဘယ်လို ကာကွယ်ဖို့ သင့်တယ် ဆိုတာ ရှင်းပြပေးပါ။

ဒီဆေးတွေဟာ လူကို သေစေတတ်တယ် ဆိုတာကို သိထားဖို့ အရေးကြီးပါတယ်။ လူ တိရိစ္ဆာန် ဒါမှမဟုတ် သဘာ၀ ပါတ်ဝန်းကျင်တွေကို ထိခိုက်စေတတ်တဲ့ အရာတွေ ဖြစ်ပါတယ်။ ယိုတာတို့၊ ဖိတ်တာတို့၊ ခန္ဒာကိုယ်ပေါ်ကို ထိတာတို့ မဖြစ် အောင်လို့ သိုလှောင်ထားဖို့၊ ကိုင်တွယ်တတ်ဖို့ အရေးကြီးပါတယ်။ ပိုးသတ်ဆေးတွေကို ဘယ်အခါမှ သောက်ရေသန့် ဘူးတို့၊ စားတဲ့ သောက်တဲ့ ခွက် တို့ အထဲကို မထည့်ရပါဘူး။ မှားပြီးတော့ သောက်မိတယ် ဆိုလို့ ရှိရင် ချက်ချင်း သေတတ်ပါတယ်။ အဲဒီ ပိုးသတ်ဆေးတွေ ထည့်ထားတဲ့ ပုံးတို့၊ ပုလင်းတို့၊ ခွက်တို့ ကို၊ ဒါဟာ ပိုးသတ်ဆေး ဖြစ်တယ်။ အဆိပ်ဖြစ်တယ်။ သေတတ်တယ်။ စသည်ဖြင့် အဲဒါကို စာလုံးကြီးကြီးနဲ့ ရေးပြီးကပ်ထားဖို့ အရေးကြီးပါတယ်။ နောက်ပြီးတော့ ဘယ်တော့မှ အစားအသောက် တွေနဲ့ အတူ ရောပြီး ထားလို့ မဖြစ်ပါဘူး။ အစားအသောက်တွေနဲ့ တိုက်ရိုက် မထိမတွေ့ပေမယ့် contamination လို့ ခေါ်တဲ့ အစားအသောက်တွေမှာ လာပြီးတော့ ပိုးသတ်ဆေးရဲ့ အန္တရာယ် ဖြစ်နိုင်ပါတယ်။ ဓါတုဗေဒ ဆေးဝါးတွေကို လေဝင် လေထွက် ကောင်းတဲ့ နေရာ။ အေးပြီးတော့ ခြောက်သွေ့တဲ့ နေရာ၊ မီးနဲ့ ဝေးတဲ့ နေရာ၊ ကလေးတွေ လက်လှမ်းမမှီတဲ့ နေရာတွေမှာ စံနစ်တကျ သိုလှောငု်ပြီး သိမ်းထားဖို့ အရေးကြီးပါတယ်။
နောက်အရေးကြီးတာက ပိုးသတ်ဆေးကို ဘယ်တော့မှ လေလုံတဲ့ အခန်းထဲမှာ သိုလှောင်ထားဖို့ မသင့်ပါဘူး။ အဲဒီ အခန်းထဲမှာ ပိုးသတ်ဆေး အငွေ့တွေ ရှိနေနိုင်ပါတယ်။ ဆိုတော့ ရုတ်တရက် အခန်းကိုဖွင့်ပြီး ဝင်သွားတဲ့ အခါမှာ အဲဒီ ပိုးသတ်ဆေး အငွေ့တွေကို ရှုမိတဲ့ အတွက်ကြောင့် အသက်ဆုံးရှုံးနိုင်တဲ့ အန္တရာယ် ရှိနိုင်ပါတယ်။

နောက် ပိုးသတ်ဆေးကို ကိုင်တဲ့ တွယ်တဲ့ အခါမှာ လက်အိပ် ဝတ်ဖို့ လိုပါတယ်။ လက်အိပ်က ရာဘာ လက်အိပ် ဖြစ်ဖို့ လိုပါတယ်။ အန္တရာယ်ကင်းတဲ့ ပလပ်စတစ် မျက်မှန် တပ်ထားဖို့ လိုပါတယ်။ ဖြစ်နိုင်ရင်တော့ နှာခေါင်း အကာ တတ်ထားဖို့လည်း အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာတော့ လောလောလတ်လတ် ရနိုင်ဖို့ သိပ်မလွယ်သေးပါဘူး။ သူ့ကို respirator လို့ ခေါ်ပါတယ်။
ဖြစ်နိုင်လို့ရှိရင် ပိုးသတ်ဆေးတွေ ကိုင်တွယ်တဲ့ အခါမှာ အမြဲတမ်း လက်ရှည်အကျီၤ၊ ပုဆိုးရှည်ရှည် စသဖြင့် ဝတ်ထားဖို့၊ ကိုင်တွယ်ပြီးတဲ့ အခါမှာ လက်ကို သေချာ ဆပ်ပြာနဲ့ ဆေးဖို့။ နောက် ပိုးသတ်ဆေး ဖျန်းပြီးတဲ့ အခါမှာလည်း ခေါင်းကနေ စပြီးတော့ ရေချိုးဖို့ အရေးကြီးပါတယ်။ ပိုးသတ်ဆေး ကိုင်တွယ်နေတုန်းကို အိမ်သာသွား ချင်တယ်တို့၊ ဆေးလိပ်သောက်ချင်တယ်တို့ ဖြစ်လာ လို့ရှိရင် လက်ကို သေသေချာချာဆေး ကြော ပြီးတော့မှ အိမ်သာသွားတာတို့ ဆေးလိပ် သောက်တာတို့ လုပ်ရပါလိမ့်မယ်။

တကယ်လို့ အဆိပ်မိသွားပြီးရင်ကော ဘာတွေ လုပ်ရမှာပါလဲ။

ပိုးသတ်ဆေးတွေ မတော်တဆ ကိုယ်ခန္ဒာပေါ်ကို ဖိတ်မယ် စင်မယ် ဖြစ်လာလို့ ရှိရင် ရေနဲ့ သေချာ ဆေးဖို့ အရေးကြီးပါတယ်။ မတော်တဆ မျက်လုံးထဲ ဝင်မယ် ဆိုလို့ ရှိရင်လည်း ရေများများနဲ့ အနဲဆုံး ၁၅ မိနစ်လောက် ကြာတဲ့ အထိ ဆေးကြောပေးဖို့ လိုပါတယ်။ ပိုးသတ်ဆေး ဝင်သွားတဲ့ မျက်လုံးကို မပွတ်ပါနဲ့ ပွတ်တာက ပိုပြီးတော့ အန္တရာယ် များပါတယ်။ မျက်လုံးကွယ်တဲ့ အထိ ဖြစ်တတ်ပါတယ်။ နောက်ပြီးတော့ ပိုးသတ်ဆေး မတော်တဆ ပါးစပ်ထဲ ဝင်သွား လို့ ရှိရင်လည်း အန် ထုတ်ဖို့လို့ မကျိုးစားပါနဲ့ အကောင်းဆုံးကတော့ ဆရာဝန်ထံ အမြန်ဆုံး သွားဖို့ အရေးကြီးပါတယ်။

ပိုးသတ်ဆေးနဲ့ အန္တရာယ် ရှိတဲ့ ဓါတုပစ္စည်းတွေ အတွက် ဆေးဘူးတွေမှာ အန္တရာယ် ရှိကြောင်း ထင်ထင်ရှားရှား ရေးသား ဖေါ်ပြကြဖို့ ဖြစ်ပါတယ်။

ပိုးသတ်ဆေး ဘူးတွေ ပေါ်မှာ အဆိပ်၊ မကိုင်ရ။ အန္တရာယ် ရှိသည်။ သတိ။ သေတတ်သည်။ စသဖြင့် ထင်ထင်ရှားရှား အမှတ်အသားတွေ လုပ်ထားဖို့ အရေးကြီးပါတယ်။ သေချာ မသိလို့ ရှိရင် ရမ်းပြီးတော့ မသုံးသင့်ပါဘူး။ ဒီ ဓါတုဗေဒ ပစ္စည်းတွေနဲ့ ပါတ်သက်ပြီးတော့။ ပစ္စည်းတွေရဲ့ အကြောင်းအချက်ကို ဖေါ်ပြထားတဲ့ စာရွက်စာတမ်း။ အင်္ဂလိပ်လို Material Safety Data Sheet - MSDS လို့ ခေါ်ပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေ မှာတော့ ဘယ် ဓါတုပစ္စည်း မဆို MSDS ပါရပါတယ် ။ မပါလို့ ရှိရင် အဲဒါကို သုံးလို့ မရပါဘူး။ ဒါက အစိုးရက ဥပဒေနဲ့ ပြဌာန်းထားတာပါ။ ကျွန်တော်တို့ ဆီမှာလည်း ပိုးသတ်ဆေးကို MSDS ထုတ်ပေးထား ဖို့လို့ သင့်ပါတယ်။ ရောင်းတဲ့ လူတွေ အနေနဲ့ အဲဒါကို အကျဉ်းချုပ် လူအများ နားလည်အောင် ပြန်ပြီးတော့ ကိုယ်ရောင်းလိုက်တဲ့ လူတွေကို ပြောဖို့လို့ သူတို့ကို သေချာ ကျကျနန ရှင်းပြဖို့ အရေးကြီးပါတယ်။ စင်္ကာပူမှာကတော့ အဲဒီစာရွက်မပါလို့ ရှိရင် အဲဒီပစ္စည်းကို သုံးလို့ မရပါဘူး။ ဥပဒေနဲ့ ပြဌာန်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

စင်္ကာပူ နိုင်ငံ လုပ်ငန်းခွင် အန္တရာယ် ကင်းရေး အကြံပေး ဦးအေးငြိမ်းပါ။ ပိုးသတ်ဆေးနံမယ်။ ဆေးကြောင့်ဖြစ်နိုင်တဲ့ အန္တရာယ်နဲ့ ရှေးဦး သူနာပြုနည်း။ ဆေးနဲ့ မတဲ့တဲ့ တခြားပစ္စည်း နံမယ်။ မီးလောင်နိုင်တဲ့ အပူချိန်။ ပေါက်ကွဲမှု ရှိမရှိ။ အန္တရာယ်ကင်းအောင် ကိုင်တွယ်နည်းတွေအပြင်၊ ဆေးထုတ်လုပ်သူတွေနဲ့ ဆက်သွယ်နိုင်တဲ့ လိပ်စာပါတဲ့ MSDS အတွက် အစိုးရမှာရော၊ ဆေးရောင်းတဲ့ သူတွေမှာပါ တာဝန်ရှိပါတယ် ဆိုတာ တင်ပြရင်း ဒီသီတင်းပါတ်အတွက် သိပံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။