Your browser doesn’t support HTML5
မြန်မာနိုင်ငံမှာ ငါးမျိုးမပြုန်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြစ်ချောင်း အင်းအိုင်နဲ့ ရေကန်တွေမှာ အစိုးရက ငါးမျိုးတွေထည့်ပေးတာဟာ မလုပ်သင့်ဘူးလို့ စိမ်းလန်းအမိမြေအဖွဲ့က မြင်ပါတယ်။ ဘာကြောင့်ပါလဲ။
မွန်ပြည်နယ် ရေးမြို့က ရှေးဟောင်းကျုံးတော်ကြီး ကန်မှာ ငါးတွေ အစုလိုက် အပြုံလိုက်သေဆုံး ရတာကို သွားရောက်ပြီး စူးစမ်းရာကနေ မြန်မာ့ဓလေ့ ငါးလွှတ်တာအပြင် အစိုးရကပါ ငါးတွေကို ကန်ထဲ လာထည့်တာဟာ ဒေသတခုအတွက် ဂေဟစံနစ်ကို ထိခိုက်စေနိုင်တယ်လို့ ယူဆသူက စိမ်းလန်းအမိမြေအဖွဲ့က ဦးဝင်းမျိုးသူပါ။
ဦးဝင်းမျိုးသူ။ ။“အစိုးရ အနေနဲ့က ငါးမျိုးထည့်တယ် ဆိုတာ လူတွေ ဖမ်းတဲ့အတွက်၊ စားသုံးတဲ့အတွက် ငါးတွေ ကုန်ပြီပေါ့၊ မျိုးတုန်းပြီ။ အဲဒီတော့ သဘာဝ အတိုင်း ပြန်ဖြည့်ဆည်းဖို့ ခက်တဲ့ နေရာမှာ သူတို့က လူတွေ စားလို့ရအောင် ငါးမျိုးတွေဖြန့်တယ် ဆိုပြီးတော့ သူတို့ကတော့ မြက်စားငါးကြင်းလို ဟာမျိုးတွေ ထည့်ကြတာပေါ့။ မြက်စားငါးကြင်းဆိုတော့ သူ့ရဲ့ သဘောကတော့ အသားစားငါးမျိုး မဟုတ်ဖူး။ ရေမှော်တွေပဲစားတယ်။ ရေထဲမှာ ရှိနေတဲ့ သတ်သတ်လွတ်စားတဲ့ ငါးပေါ့ဗျာ။ သို့သော်လည်း ဒီကောင်ကြီးတွေက ကြီးတဲ့အခါ ကျတော့ သူတို့ရဲ့ size အရွယ်အားဖြင့် နေရာအတော်များများကို ယူထားလိုက်တဲ့ အခါကျတော့ ကျန်တဲ့ ငါးမျိုးလေးတွေ နေဖို့ အခက်အခဲ ရှိတာပေါ့။ နောက်တခုက အဲဒီ ထည့်လိုက်တဲ့ ငါးတိုင်းကရော ဘယ်လောက် ရှင်သလဲပေါ့။ ဒါတွေက နည်းပညာပိုင်း ဘက်က စဉ်းစားစရာ အချက်တွေ ပေါ့ဗျာ။”
ကန်ထဲမှာ ငါးမျိုးလာထည့်ပြီးတဲ့နောက်မှာ ထည့်ပေးတဲ့ငါးတွေနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ စမ်းသပ် လေ့လာမှုတွေ အများကြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
အစိုးရရဲ့ ငါးမျိုးမတုန်းအောင် ငါးထည့်ပေးတဲ့ထဲမှာ အင်းလေးကန်လို ကမ္ဘာတလွှား စောင့်ရှောက်ဖို့ စာရင်းဝင်တဲ့ ကုန်းတွင်းရေချိုကန်မှာ ထည့်တာကိုတော့ အပြင်အထန် ကန့်ကွက်တယ်လို့လည်း ပြောပါတယ်။
ဦးဝင်းမျိုးသူ။ ။“အစိုးရကတော့ ဒီကန်ထဲမှ မဟုတ်ဖူး၊ မြစ်တွေ ချောင်းတွေထဲလည်း လိုက်လွှတ်နေတာပဲလေ။ အဲဒီမှာမှ အင်းလေးကန်ထဲမှာ လည်းလွှတ်တယ်လေ။ အဲဒီတော့ အင်းလေးကန်မှာ ထည့်တာကိုတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်ပေါ့နော်။ အင်းလေးကန်မှာလည်း မြက်စားငါးကြင်း တွေ ထည့်တယ်။ သို့သော် အဲဒီမှာ ရှိနေတာက ဒေသက ငါးမျိုးတွေ ရှိတယ်။ အင်းသားတွေ စားတဲ့ငါးပေါ့။ ငါးအသေးလေးတွေ ရှိတယ်။ အဲဒီတော့ သူတို့ရဲ့ အရွယ်အစား အားဖြင့် space competition ပေါ့။ နေရာအတွက် ယှဉ်ပြိုင်ရတာတွေ ဖြစ်တဲ့အတွက်၊ ဒီငါးမျိုးတွေကို ဒီလို သဘာဝကန်တွေမှာ မထည့်ဖို့ ဆိုတာ။ သဘာဝနဲ့ ဆန့်ကျင်တယ် ဆိုပြီး ကျနော်တို့ကတော့ ဆန့်ကျင်တယ်ပေါ့နော်။ မလုပ်သင့်ဘူး။”
မြန်မာနိုင်ငံရဲ့ ဇီ၀၀န်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဒေသတခုအဖြစ် ရှမ်းပြည်တောင်ပိုင်းက အင်းလေးကန်ကို ၂၀၁၅ မှာ ကုလသမဂ္ဂ (UNESCO) က အသိအမှတ်ပြု ကြေညာခဲ့တာပါ။ အင်းလေးကန်မှာ ငှက်မျိုးစိတ် ၂၇ဝ နီးပါး၊ ရေချိုငါး၊ လိပ်နဲ့ဖျံတွေအပါအဝင် ကုန်းနေရေနေ သတ္တဝါ ၄၃ မျိုး နေထိုင်ကျက်စား နေသလို၊ သစ်ခွနဲ့ ဆေးဖက်ဝင် အပင်တွေ ရှင်သန်ပေါက်ရောက်တဲ့ ရှားပါးတဲ့ ဒေသတခုဖြစ်တာကြောင့် ဝိုင်းဝန်းစောင့်ရှောက်ကြဖို့ လိုအပ်ပါတယ်။
ဒါ့ကြောင့် ဒီလို ကန်တွေရဲ့ ဂေဟစံနစ်ဟာ အသစ်ထပ်ထည့်ပေးတဲ့ ငါးမျိုးကြောင့် သက်ရောက်မှု ဘယ်လောက်ရှိတယ် ဆိုတာကို ဆန်းစစ်ဖို့ လိုပါတယ်။
ဦးဝင်းမျိုးသူ။ ။“ အစိုးရကလည်း သူတို့အနေနဲ့က စီမံချက်တခုအနေနဲ့ ပြနေတယ်။ အဲဒါကို တဖက်က ပြန်စဉ်းစားကြည့်တော့လည်း အဲဒီငါးကန်တွေမှာ ငါးထည့်တဲ့အတွက် ဘယ်လောက် အထိ ငါးတွေ ပွါးသလဲ ဆိုတာ ကျနော်တို့မှာ ခိုင်ခိုင်မာမာ၊ သိပ္ပွံနည်းကျ လေ့လာထားတဲ့ အထောက်အထား မရှိဘူးပေါ့။ ဒီလိုစိုက်ထည့်ပေးတဲ့အတွက် ငါးတွေ ပွါးတယ်။ ဒေသစားနပ်ရိက္ခာကို အထောက်အပံ့ပေးတယ် ဆိုတာ ကျနော်တို့ မတွေ့ဘူးပါဘူး။ အဲဒီလို လုပ်တဲ့ နိုင်ငံလည်း ကမ္ဘာမှာ ရှားပါတယ်။ ရှိတော့ရှိတယ် ရှားတယ်ပေါ့။ sciencitific ပိုင်းတွေ ဒီလိုမျိုး ဖြည့်ဖြည့် ထည့်ပေးတဲ့အတွက် ငါးတွေ ပွါးတယ်၊ ဆိုတဲ့ evidence သက်သေအထောက်အထား မရှိတော့ ဒါကြီးဟာ ဖြုန်းနေသလိုများ ဖြစ်နေလားပေါ့။ မလိုအပ်တဲ့ နေရာမှာ ဒါကြီးက သွားပြီး ငါးတွေက ရှိနေတယ် ဆိုတော့ အခုလိုမျိုး ဂေဟစံနစ်ကို လာပြီးတော့ နှောက်ယှက်တာတွေ ဖြစ်နေလား ဆိုတော့၊ အစိုးရရဲ့ လုပ်တဲ့ လုပ်ငန်းကိုရော သေသေချာချာ ပြန် review သုံးသပ်သင့်ပြီ။ ဒါမလိုအပ်ပဲ ငွေကုန်နေတာလား၊ မလိုလားအပ်ပဲ အချည်းအနှီးဖြစ်နေလား ဆိုတာ၊ ဒါလုပ်သင့်ပြီ။
သို့သော် ဒါကြီးကို စောစောကပြောသလို မကောင်းဘူးလို့ ပြောဖို့ရာကလည်း ကျနော်တို့မှာ အထောက်အထား အပြည့်အဝတော့ မရှိသေးဘူးပေါ့နော်။ သို့သော် ရေးမှာလို ကန်တွေမှာ ငါးတွေ အစုလိုက်အပြုံလိုက် သေတာမျိုးလို ဖြစ်လာတဲ့ အခါကျတော့ စဉ်းစားစရာ ဖြစ်နိုင်တယ်ပေ့ါ probable ပေါ့။ ဒီလိုမျိုးတွေ ဖြစ်နိုင်ချေ ရှိတယ်ဆိုတဲ့ဟာကို အထောက်အထား တခု အနေနဲ့ ပြောလို့ ရတာပေါ့။ ဆိုတော့ ကျနော်လည်း သဘောတူတယ်။ စိတ်လည်း ဝင်စားတယ်။ ဒါမျိုးတွေ ပြန်သုံးသပ်သင့် ပါတယ်။”
ထိခိုက်မှု တစုံတရာကော တွေ့ရပါသလား၊ အင်းလေးကန်ထဲမှာ။
ဦးဝင်းမျိုးသူ။ ။“အဓိကကတော့ စောစောကပြောတဲ့ ပတ်ဝန်းကျင်ရဲ့ ပြဿနာက ဒီမှာရှိနေတဲ့ တမျိုးမျိုး ပျက်စီးသွားမယ်ဆိုရင် ဒါက Multiple factor လေ။ အချက်ပေါင်း မြောက်များစွာပေါ့။ ဒီတချက် ထဲကြောင့်တော့ မဟုတ်ဖူး။ အဲဒီတော့ ဘာဖြစ်လဲ ဆိုတော့ သိပ္ပံပညာရှင်တွေ ကြားမှာ အငြင်းပွါးစရာ ဖြစ်တယ်ပေါ့။ ဥပမာ လူတယောက် ချောင်းဆိုးတယ်၊ သွေးပါတယ် ဆိုရင် ဆေးလိပ်သောက်လို့ ဖြစ်တယ်လို့ တချို့က မြင်မယ်၊ တချို့ကလည်း လေထုညစ်ညမ်းလို့ လို့ မြင်မယ်။ ဆိုတော့ ၂ ခုစလုံးကြောင့်လည်း ဖြစ်ချင်ဖြစ်မယ်။ ဒါကြောင့် ကျနော် ပြောလိုက်တဲ့ အကြောင်းက ဆေးလိပ်သောက်လို့လား၊ လေထုညစ်ညမ်းလို့လား၊ ဆိုတာ ပြဖို့ နဲနဲတော့ ခက်တယ်။ အဲဒီမှာတင် တဖက်နဲ့တဖက် ပညာပိုင်းဆိုင်ရာတွေမှာ အငြင်းပွါးကြတာတွေ၊ အဲဒါတွေ နောက်ဆက်တွဲ မူဝါဒပိုင်းဆိုင်ရာ တိတိကျကျ ဘာမှ မလုပ်နိုင်တာတွေ ဖြစ်တယ်။ အဲဒီတော့ ဒီမူဝါဒတွေနဲ့ ဆက်နွယ်နေတဲ့ သိပ္ပံပညာရှင်တွေ၊ အချက်အလက်ပညာရှင်တွေ ကြားမှာ ဒါကို နားလည်မှု ရှိရှိနဲ့ လုပ်ဖို့က လိုအပ်နေတာတော့ အမှန်ပဲ။
နောက်ပြီး ဒါက သက်သေပြမှ အထိကို အကြာကြီးသွားပြီးတော့ သိပ္ပံသုတေသနတွေနဲ့ ကုန်နေပြန်လည်း သိပ်အဓိပွါယ် မရှိဘူး။ အဲဒီတော့ ဒီမူဝါဒ ချမှတ်တဲ့ လူတွေရဲ့နောက်က ပါတဲ့ ပညာရှင်တွေ ကြားထဲမှာ ဒီသဘောတရားကို နားလည်ပြီး ပူးပေါင်းဆောင်ရွက်ဖို့က သိပ်အရေး ကြီးတယ်။ ကျနော်တို့က အင်းလေးကန်မှာ ဖြစ်နိုင်ချေဆိုတာကို ပြောတဲ့အခါ ကျတော့ စောစောကပြောသလို ဒေသငါးမျိုးတွေ ပြုန်းတီးသွားပြီ။ ပြုန်းတီးသွားတဲ့အခါကျတော့ ကျိန်းသေတယ်။ သို့သော် အဲဒီဟာ ကန်ကြပ်လာတာကြောင့်လား တခြားအချက်တွေကြောင့်လား ဥပမာ ကန်ထဲမှာ (စိုက်ပျိုးရေးအတွက် သုံးတဲ့ ဓါတ်မြေသြဇာတွေက ရတဲ့) နိုက်ထရိုဂျင်တွေ သိပ်များလာလို့လား၊ ဒါကြောင့်လည်း ဖြစ်မယ်။ အကြောင်းအမျိုးမျိုး multiple factor ပေါင်းဖြစ်တာလို့ ကျနော်တို့က ယူဆတယ်။ အထူူးသဖြင့်ကတော့ အင်းလေးကန်လို ဇီဝမျိုးကွဲတွေ ထိန်းတဲ့နေရာမှာ ပြင်ပ မျိုးစိတ် alien species လို့ခေါ်တဲ့ မြစ်စားငါးကြင်းလို ပေါ့နော်။ ဒါတွေကို မထည့်သင့်ဘူးပေါ့ဗျာ။ ကျနော်တို့ကတော့ ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်။
ခုနောက်ပိုင်းတော့လည်း သူတို့ မထည့်တော့ဘူး ထင်ပါတယ်။ အရင်တုန်းကဆိုတော့ ထည့်ကြတယ်။ အရင်အစိုးရ လက်ထက်က အတော်ထည့်ကြတယ်။ ဘေးမှာကို အဲဒီ ဖေါက်တဲ့ကန်ကြီးချပြီး ထည့်နေ တာတွေ လုပ်နေတယ်။ ဆိုတော့ ဒီလို သတိထားရမယ့် နေရာမျိုးတွေမှာ မလုပ်ဖို့ ပေါ့နော်။ ဒါလေးတွေ ကိုတော့ ကျနော်တို့ ဆွေးနွေးဖို့ လိုပါတယ်။”
ဦးဝင်းမျိုးသူရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။”