ပုဂံဘုရားတွေ ပြိုပျက်ခဲ့တဲ့ ချောက်ငလျင်

ငလျင်ဒဏ်သင့် ပုဂံဘုရားတစ်ဆူ

သြဂုတ်လ ၂၄ ရက်နေ့မှာ လူ ၃ ဦးသေဆုံးပြီး ပုဂံရှေးဟောင်း အမွေအနှစ် စေတီပုထိုး ရာနဲ့ချီပြီး ပျက်စီးခဲ့ရတဲ့ ပြင်းအား ၆.၈ ရှိတဲ့ ချောက် ငလျင်နဲ့ ပါတ်သက်ပြီး မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှုး ဒေါက်တာ မျိုးသန့်ကို မေးမြန်းပြီး တင်ပြပေးမှာပါ

လူဦးရေ ၉ သောင်းလောက်နေထိုင်တဲ့ ချောက်မြို့ရဲ့ အရှေ့ဘက် ၁၆ မိုင်ကွာမှာ မြေအောက် အနက် ၅၂ မိုင်လောက်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ပြင်းအား ၆.၈ ရှိတယ်လို့ USGS အမေရိကန်ဘူမိတိုင်းတာရေး အဖွဲ့က ထုတ်ပြန်ပါတယ်။

အခုလှုပ်ခဲ့တဲ့ ငလျင်နဲ့ ပါတ်သက်ပြီး ဘယ်လောက်အထိ သက်ရောက်မှုတွေ ရှိတယ် ဆိုတာ မြန်မာနိုင်ငံ ငလျင်ကော်မတီကနေ တိုင်းတာတွေ့ရှိထားတာတွေကို ဒေါက်တာမျိုးသန့် ပြောပြပေးပါ။

ငလျင်ကော်မတီကတော့ ကျွန်တော်တို့ တိုင်းတာနိုင်တဲ့ စက်ကတော့ မရှိပါဘူး။ သို့သော် ကျွန်တော်တို့ reference လုပ်တဲ့ USGS က data နဲ့ရော နောက် ကျွန်တော်တို့ ပြည်တွင်း DMH က data အရရော ဆိုလို့ရှိရင်တော့ ချောက်ရဲ့ အနောက်ဖက် ကီလိုမီတာ ၂၀ ကျော်ကနေ ဗဟိုပြုပြီး လှုပ်တာပေါ့။ ဒီ ပြင်းအား ၆.၈ နဲ့ မြေအောက် အနက်ကတော့ကီလိုမီတာ ၈၅ ပါတ်ဝန်းကျင်လောက်က နေပြီးတော့ ဗဟိုပြုပြီး လှုပ်တာပေါ့။ လှုပ်တဲ့ ဖြစ်စဉ်က အိန္ဒိယ မြေထုချပ်နဲ့ ဘားမား မြေထုချပ်နဲ့ပေါ့။ တိုးဝင်နေတဲ့ ဖြစ်စဉ်ကြောင့် လှုပ်တယ် ဆိုပြီးတဲ့ အခါကျတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကို အရှှေ့ အနောက်နဲ့ ပြောရမယ်ဆိုရင် ရှမ်းကုန်းပြင်မြင့်ကလွဲပြီး မြန်မာနိုင်ငံ အလယ်နဲ့ အနောက်ဖက်ခြမ်း ဒေသ အတော်များများမှာ ဒီငလျင် ခံစားရမှာပေါ့။ ဆိုတော့ epicenter ဗဟိုချက် အနီးမှာတော့ ပိုပြီး ပျက်စီး ဆုံးရှုံးတာ ရှိနိုင်သလို ကျန်တဲ့ ဒေသတွေမှာတော့ သူနဲ့ အထိုက် အလျောက်ပေါ့။ နောက်ဆုံး ပျက်စီး ဆုံး ရှုံးမှု မရှိတောင်မှပဲ ငလျင် လှုပ်တာကိုတော့ ၄၀ - ၄၅ စက္ကန့် ကနေ တမိနစ် နီးပါး ခံစားရနိုင်တာပေါ့။ အဲဒီတော့ ဒီငလျင်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အနောက်ဖက်ခြမ်း ဒေသ အတော်များများ ကတော့ ခံစားရလိမ့်မယ်။ တချို့နေရာတွေမှာတော့ ပျက်စီး ဆုံးရှုံးမှု ရှိလိမ့်မယ်ပေါ့။

ဟုတ်ကဲ့ ငလျင်တွေကို တွက်ချက် တိုင်းတာတဲ့ နေရာမှာ ငလျင်ရဲ့ အနက်ပေါ်မူတည် ပြီးတော့ နှစ် အပိုင်းအခြား ဘယ်လောက်မှာ ပြန်ပေါ်လေ့ရှိတယ် ဆိုပြီးတော့ တွက်ချက်တာ တွေ့ရပါတယ်။ ဆိုတော့ အခုငလျင်ဟာ အရင်က လှုပ်ခဲ့တဲ့ ဘယ်ငလျင်နဲ့ ပါတ်သက် ဆက်စပ်ပြီး ပေါ်တဲ့ ငလျင်မျိုးလဲ၊ နောင် ဘယ်အချိန်လောက်မှာ ထပ်ပြီး ဒီလို ပြင်းအား ၇ ဝန်းကျင်ရှိတာမျိုး ထပ်ပေါ်လာနိုင်သလဲ ဆိုတာ ပြောပြပေးပါ။

အခုလောလော ဆယ်မှာ အသေးစိတ်တော့ ကျွန်တော်တို့ လေ့လာမှု မလုပ်ရ သေးဘူး ပေါ့နော်။ ဒါပေမယ့် လတ်တလော ကျွန်တော်တို့ တွေ့ရှိတာ အရ ဆိုရင်တော့ ဒီငလျင်ရဲ့ ဗဟိုချက်က ၁၉၇၅ ကလှုပ်ခဲ့တဲ့ ပုဂံငလျင် ရဲ့ ဗဟိုချက်နဲ့ သိပ်ပြီးတော့ မဝေးလှဘူးပေါ့။ ကျွန်တော်တို့ ၁၉၇၅ ပုဂံငလျင်ကလည်းပဲ ပြင်းအားက ၆.၈ ပေါ့။ ကျွန်တော်တို့ တချို့က ၇ ပါတ်ဝန်းကျင် ၇ ကျော်ကျော်လောက် ရှိတယ်လို့ နောက်ပိုင်း အပျက်အစီး တွေကို resurvey ပြန်တိုင်းတာတဲ့ အခါ ပြောတာတွေတော့ ရှိတယ်ပေါ့။ သို့သော်လည်း ဘာပဲ ဖြစ်ဖြစ်ပေါ့လေ၊ အခုဒီ ၆.၈ ငလျင်လှုပ်သွားတဲ့ အပိုင်းနဲ့ ပုဂံငလျင် လှုပ်ခဲ့တဲ့ အပိုင်းနဲ့ သိပ် မဝေးတဲ့ အခါကျတော့ တပိုင်းထဲများ ဖြစ်နေသလား လို့ ယူဆစရာ ရှိလာတာပေါ့၊ ဒီ ၁၉၇၅ ကလှုပ်ခဲ့တဲ့ အပိုင်းများလားပေါ့။ သို့သော်လည်း confirm လုပ်ဖို့ရာ ကျတော့ အသေးစိတ်ကို ဆက်ပြီးတော့ လေ့လာမှုတွေ လုပ်ရအုံးမှာ ပေါ့။ တကယ်လို့ ၁၉၇၅ ခုကို မှီပြီး လှုပ်တယ် ဆိုရင် အခုက ၂၀၁၆ ဆိုတော့ နှစ်ပေါင်း ၅၀ ကျော်မှာ ပြန်ပြီးတော့ လှုပ်တယ်လို့ ယူဆရတာပေါ့။ ဘာပဲပြောပြော အခု ယာယီ preliminary အကြိုတွေ့ရှိချက်အရ သုံးသပ် ကြည့်ရတာပါ။ လေ့လာမှုတွေ ပြန်လုပ်ပြီးတဲ့ အခါဆိုရင်တော့ ဟုတ်မဟုတ် ပြန်ပြီး သုံးသပ်ရမှာပေါ။

မြန်မာနိုင်ငံရဲ့ အလယ်တဲ့တဲ့မှာ စစ်ကိုင်း ပြတ်ရွေ့ကြီးက ရှိနေတယ်။ ဒီစစ်ကိုင်းပြတ်ရွေ့ကလည်း အမြဲရွေ့လျားနေတယ်၊ ဒါနဲ့ပါတ်သက်ပြီး မြန်မာနိုင်ငံမှာ ငလျင်တွေလှုပ်လေ့ရှိတယ်လို့ လူအတော်များများက အများက သိထားကြတာကြောင့် ဒါနဲ့ ဘယ်လောက် အဆက်အသွယ် ရှိလဲ ပြောပြပေးပါ။

အခုလှုပ်တဲ့ ငလျင်နဲ့ စစ်ကိုင်း ပြတ်ရွေ့နဲ့ကတော့ သိပ် အဆက်အသွယ် မရှိဘူးဗျ။ ဒီငလျင် လှုပ်တာက မြန်မာနိုင်ငံရဲ့ အနောက်ဖက် ပိုင်းက။ ဒီဖြစ်နိုင်ချေ ပိုများတာက subduction zone ပေါ့နော်။ ဒီ Indian plate နဲ့ Burma plate နဲ့ subduction က ဖြစ်ဖို့ ပိုများတယ်။ စစ်ကိုင်းပြတ်ရွေ့နဲ့က အဆက်အသွယ် မရှိပါဘူး။

subduction zone ဆိုတာက ကျောက်ချပ်ထုကြီးတွေ တခုထဲကို နောက်တခုက တိုးဝင်တဲ့ အနေအထား ပေါ့နော်။

ဟုတ်တယ် အဲဒီ အင်ဒီးယား မြေထုချပ်က ဘားမား မြေထုချပ်အောက်ကို စိုက်ဝင် နေတဲ့ ဖြစ်စဉ်ပေါ့။ဆိုတော့ အဲဒီဖြစ်စဉ်ကနေပြီးတော့ ဒီမြေအောက်မှာ မြေထုချပ် ၂ ခု တွန်းထိုး ထိတွေ့နေတဲ့ အနားသတ် မျဉ်းတလျောက်က လှုပ်တယ်လို့ ကျွန်တော်တို့ အဲဒီလို ပြောရမှာပေါ့။

ငလျင်တခု လှုပ်ပြီးရင် aftershocks လို့ခေါ်တဲ့ နောက်ဆက်တွဲ ငလျင်တွေ လှုပ်လေ့ရှိတယ်လို့ အများက သိထားပါတယ်။ ဒီ ငလျင်ရဲ့ နောက်ဆက်တွဲ ငလျင် လှုပ်နိုင်ချေနဲ့ပါတ်သက်ပြီး ပြောပြပေးပါ။

ငလျင်တိုင်း ငလျင်းတိုင်းကတော့ အတော်များများကတော့ aftershocks တွေ လာတာများတာပေါ့။ ဒီငလျင်မှာလည်း aftershocks လာလိမ့်မယ်လို့ မေ ျှာ်လင့်ရတာပေါ့။ ဘာလို့လည်း ဆိုတော့ ပြီးခဲ့တဲ့ ၂၀၁၆ ဧပြီ ၁၃ တုန်းက ၆.၉ နဲ့လှုပ်သွားတယ်။ ဒာကလည်း ကီလိုမီတာ ၁၄၀ အနက်ကနေ လှုပ်ပြီးတော့ ဒါကလည်း subduction zone ကနေ ဖြစ်တာပဲလေ။ ဧပြီလ ၁၃ ရက်နေ့ပေါ့။ ကလေးဝနဲ့ မုံရွာလမ်း အလယ်တဲ့တဲ့ လောက်မှာ ထင်ပါတယ်။ တောကျယ် ဆိုတဲ့ နေရာလေးမှာ လှုပ်သွားတာ။ ဆိုတော့ အဲဒီ ငလျင်မှာ တောင်မှပဲ ပြင်းအား ၅ နဲ့အထက် နောက်ဆက်တွဲငလျင်တွေ လှုပ်ခဲ့တယ် ဆိုတော့ သူလဲ လှုပ်ဖို့ များပါတယ်။ ဒီတလခွဲ ၂ လအတွင်းတော့ လှုပ်နိုင်ချေ ရှိတာပေါ့။

အခုလို နောက်ဆက်တွဲ ငလျင်တွေ လှုပ်နိုင်သေးတယ် ဆိုတော့ ဘယ်လိုနေရာမျိုးတွေမှာ သတိထားဖို့ လိုပါသလဲ

mainshock ပေါ့နော ၆.၈ မနေ့က လှုပ်သွားတဲ့ ငလျင်ကြောင့် ပျက်စီး ဆုံးရှုံးရတဲ့ နေရာတွေ တော်တော်များများပေါ့။ အဲဒီနေရာတွေမှာ ဝင်ထွက် သွားလာတဲ့ အခါမျိုးမှာ သတိထား ရမှာပေါ့။ ပုဂံညောင်ဦး ကို နမူနာ ပေးမယ် ဆိုရင် စေတီပုထိုးတွေ ပြိုပျက်နေတယ်။ အဲဒီနေရာတွေမှာ အစအနေတွေ တို့လို့တွဲလောင်း ကျန်နေတဲ့ နေရာတွေရှိတယ်။ အဲဒီနေရာတွေမှာ ဝင်ထွက် သွားလာမယ် ဆိုရင်တော့ aftershock လှုပ်တဲ့ အချိန်နဲ့ သွားကိုက်နေမယ် ဆိုရင် အန္တရာယ် များတာပေါ့။ ဆိုတော့ အဲဒီနေရာမျိုးတွေ ပျက်စီးလက်စ အဆောက်အအုံတွေ နားမှာ ဝင်ထွက် သွားလာမယ် ဆိုရင် သတိထားရမှာပေါ့။

မြန်မာနိုင်ငံက ငလျင်ရပ်ဝန်းထဲ ကျတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်တော့ အထူးသတိထားဖို့ လိုတဲ့ နေရာလေးတွေ ရွေးပေးပါ။

အခု အနောက်ဖက် ခြမ်းက လှုပ်တဲ့ ငလျင်တွေ ကတော့ အရင်တုန်းကလည်း ၇.၇ တို့ ၈ တို့ စသည်ဖြင့် လှုပ်ထားတာတွေ ရှိတယ်။ သို့သော်လည်း မှတ်တမ်းထဲမှာ အသေအပျောက် အပျက်အစီး မှတ်တမ်းတင်ထားတာ မရှိဘူး။ နောက်ဆုံး သိတာက ၁၉၇၅ ၊ ၁၇၆၂ ခု ဒါမျိုးငလျင်တွေ လောက် ဖြစ်တာပေါ့။ ဒါတွေကလည်း လူဦးရေ သိပ်မရှိတဲ့ နေရာမျိုးတွေ ချင်းပြည်နယ်တို့၊ စစ်ကိုင်းတိုင်း မြောက်ဖက်ပိုင်းတွေတို့၊ ကချင်ပြည်နယ် အနောက်မြောက်တို့ နောက် ရခိုင်ပြည်နယ်ရဲ့ အနောက်ဖက် ပိုင်းတွေတို့ ဟာ ဒီ အနောက်ဖက်ပိုင်းက subduction zone က လှုပ်ခဲ့မယ် ဆိုရင်ပေါ့လေ။

ဒါပေမယ့် တကယ် အလေ့ထားစရာ ကောင်းတာက မြန်မာနိုင်ငံရဲ့ အဓိက မြို့ကြီးတွေ ရန်ကုန်တို့ မန္တလေးတို့ စစ်ကိုင်းတို့ ပဲခူးတို့ပေါ့ နောက်တခါ နေပြည်တော် အပါအဝင်ပေါ့။ ဒီ အဓိကကျတဲ့ မြို့တွေ အားလုံးက ဒီစစ်ကိုင်း ပြတ်ရွေ့ အပေါ်နဲ့အနီးတဝိုက်မှာ ရှိနေကြတဲ့ အခါကျတော့။ နောက် ဒီ စစ်ကိုင်း ပြတ်ရွေ့ကလည်းပဲ ၂၀၁၂ သပိတ်ကျင်း ငလျင်လှုပ်တဲ့ အပိုင်းကလွဲလို့ ကျန် အပိုင်းတွေ ဟာ ငလျင်လှုပ်နိုင်ချေ အလားအလာ များပါတယ်။ ဆိုတော့ အဲဒီ လူနေထူထပ်တဲ့ မြို့တွေက ပိုပြီးတော့ တောင် သတိထား ပြင်ဆင်ဖို့ ကောင်းတယ်လို့ သုံးသပ်ပါတယ်။

မြန်မာနိုင်ငံ ငလျင်ကော်မတီက ဒေါက်တာမျိုးသန့်ပါ။

မြန်မာနိုင်ငံ အလယ်ပိုင်း ချောက်မြို့ အနောက်ဖက် ၁၆ မိုင်လောက်အကွာကို ဗဟိုပြုပြီး သြဂုတ်လ၂၄ရက် နေ့ ညနေ ၅ နာရီကျော်က ပြင်းအား ၆.၈ ငလျင်လှုပ်သွားခဲ့ ပြီးတဲ့နောက် သြဂုတ်လ ၂၅ ရက်ည ဆယ်နာရီ ၄၇ မိနစ်လောက်မှာ သပိတ်ကျင်း အရှေ့တောင်ဘက် လောက်အကွာကို ဗဟိုပြီး ပြင်းအား ၄ ရှိတဲ့ ငလျင်ငယ်တခု လှုပ်ခတ်သွားတာကို မန္တလေးမြေငလျင်စခန်းက တိုင်းတာ ရရှိကြောင်း မိုးဇလက သတင်း ထုတ်ပြန် ခဲ့ပါတယ်။

Your browser doesn’t support HTML5

ပုဂံဘုရားတွေ ပြိုပျက်ခဲ့တဲ့ ချောက်ငလျင်