ဘိလပ်မြေစက်ရုံနဲ့ ဝန်းကျင်အန္တရာယ်

Cement plant in Thilawa Industrial Zone

မြန်မာနိုင်ငံမှာ ဒေသခံတွေ ဆန့်ကျင်နေတဲ့ ကြားကပဲ ဆောက်လုပ်ရေး လိုအပ်ချက်ဖြစ်တဲ့ ဘိလပ်မြေအတွက် နေရာအတော်များများမှာ စက်ရုံတွေ ဆောက်ဖို့ ကျိုးစားနေကြပါတယ်။ ဒီတပါတ်တော့ ဘိလပ်မြေစက်ရုံတွေ ကနေ သဘာဝ ဝန်းကျင်အတွက် ပေးနိုင်တဲ့ အန္တရာယ် တွေ အကြောင်း ပြောပြပေးမှာပါ။

ဘိလပ်မြေထုတ်လုပ်တဲ့ စက်ရုံတွေဟာ သဘာဝ ဝန်းကျင်ကို အညစ်ညမ်းစေဆုံးအဖြစ် စံချိန်တင်ထားတယ်လို့ သဘာဝ ဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ပြောပါတယ်။

ဘိလပ်မြေဟာ အဖြူရောင်၊ မီးခိုးရောင်ရှိတဲ့ အမှုန်လေးတွေပါ။ ဒီအမှုန်လေးတွေ ရေနဲ့ ပေါင်းစပ်လိုက်လို့ ခဲသွားတဲ့ အခါမှာတော့ ရေရဲ့ ဒဏ်ကို သူက ခံနိုင်ရည် ရှိပါတယ်။ ဝန်းကျင်အတွက် အန္တရာယ်ကြီးတဲ့ ဒီဘိလပ်မြေ အမှုန်လေးတွေ ရအောင် လုပ်ရာမှာလည်း စွမ်းအင်တွေ အများကြီး သုံးရပါတယ်။ စက်ရုံလိုအပ်ချက်အတွက် သုံးတဲ့ စွမ်းအင်အမျိုးအစား ပေါ်မူတည်ပြီး ဝန်းကျင်ညစ်ညမ်းမှု ဖြစ်စေပုံစံ အမျိုးမျိုး ရှိပါတယ်။ ကျောက်မီးသွေး လောင်စာ သုံးမယ်ဆို ဖန်လုံအိမ် ဓါတ်ငွေ့ ထုတ်လွှတ်မှု တိုးလာစေမှာ ဖြစ်ပါတယ်။

ဝန်းကျင်ထိခိုက်မှု အတော်ကြီးမားစေတဲ့ အချက်တွေထဲမှာ ဘိလပ်မြေ စက်ရုံကနေ ထွက်လာတဲ့ ဓါတ်ငွေ့တွေ ဖြစ်တဲ့ နိုက်ထရိုဂျင်၊ ဆာလ်ဖာနဲ့ ကာဗွန်ဓါတ်ငွေ့တွေနဲ့ အောက်ဆီဂျင်ပေါင်းစပ်ထားတဲ့ ဒြပ်ပေါင်းတွေက ပေးတဲ့ အန္တရာယ်ပါ။

နိုက်ထရိုဂျင်အောက်ဆိုက်ဟာ အက်ဆစ်မိုးရွာစေသလို ကမ္ဘာကြီးကိုပူနွေးစေတဲ့ ဓါတ်ငွေ့မျိုးပါ။ ဝန်းကျင်ရေထဲရောက်သွားရင် ရေရဲ့ အရည်အသွေးကို ကျဆင်းစေပြီး ရှုရှိုက်မိရင်လည်း အဆုတ်ကို ဒုက္ခပေးပါတယ်။ ဆာလ်ဖာဒိုင်အောက်ဆိုက်ကလည်း အက်ဆစ်မိုးရွာစေသလို အများအပြားထွက်လာ တတ်တာမို့ အသက်ရှုလမ်းကြောင်း အပြင် နှလုံးသွေးကြောပိတ် တာမျိုး ဖြစ်စေတဲ့ အန္တရာယ်ရှိတဲ့ ဓါတ်ငွေ့ပါ။ ကာဗွန်မိုနောက်ဆိုက်ကတော့ မြူဆိုင်းစေပါတယ်။ သွေးထဲ အောက်ဆီဂျင် သယ်နိုင်စွမ်းကို လျော့ပါးစေပြီး နှလုံး သွေးကြောအတွက် အန္တရာယ် ရှိပြီး အာရုံကြော ရောဂါတွေ ဖြစ်စေပါတယ်။

နောက် တမျိုးဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကတော့ ဖန်လုံအိမ် ဓါတ်ငွေ့ဖြစ်ပြီး ကမ္ဘာကြီး ပူနွေးမှု အဓိက ဖြစ်စေပါတယ်။ ဘိလပ်မြေထုတ်ရင် ထုံးကျောက်ကို အဓိက သုံးရပါတယ်။ သူ့ကို အလျူမီနီယံအောက်ဆိုက်၊ ဆီလီကာနဲ့ သံဓါတ်တွေ နဲ့ပါ ရောပြီး မီးဖုတ်ရတာမို့ ကာဗွန်ဒိုင်အောက်ဆိုက်တွေ အများကြီး ထွက်စေပါတယ်။ ဘိလပ်မြေ တပေါင်ရဖို့ လုပ်ရင် ထွက်လာစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် က ပေါင် တထောင်ဝန်းကျင်ရှိပါတယ်။

နောက်အန္တရာယ်တခုက အက်စစ်မီးခိုးတွေ ဖြစ်ပါတယ်။ ဟိုက်ဒြိုဂျင် ကလိုရိုဒ်၊ အမိုးနီးယားနဲ့ ကလိုရင်း တွေ ထွက်လာပြီး အန္တရာယ်ပေးတာပါ။

ဘိလပ်မြေစက်ရုံတွေရဲ့ ကြီးမားတဲ့ အန္တရာယ်တွေထဲက အဆိုးဝါးဆုံးက အမှုန်အန္တရာယ် ဖြစ်ပါတယ်။ အမှုန်အမွှားတွေဟာ ဘိလပ်မြေစက်ရုံသုံးဖို့ ထုံးကျောက် မိုင်းတူးဖေါ်တာကစပြီး ထုခွဲတာ၊ စုပုံထားတာ၊ ရောကြိတ်တာ၊ ခြောက်အောင် လုပ်ပြီး ချော်ရည်ဖြစ်လာချိန်မှာ အအေးခံတာနဲ့ ထုပ်ပိုး သယ်ယူတာအထိ အဆင့်တိုင်းမှာ တွေ့ရနိုင်ပါတယ်။

ဒီလို အန္တရာယ်ကြီးတဲ့ ဘိလပ်မြေစက်ရုံ တခုအတွက် မရှိမဖြစ်လိုအပ်တာက ထိမ်းချုပ် ကရိယာတွေကို စံနစ်တကျ တပ်ဆင်ပေးဖို့ ဖြစ်ပါတယ်။ အက်ဆစ်မီးခိုး အတွက် ထိမ်းချုပ်ကရိယာတွေ၊ နိုက်ထရိုဂျင်အောက်ဆိုက်အတွက် ထိမ်းချုပ်ကရိယာ၊ လေထုညစ်ညမ်းမှု ထိမ်းချုပ်တဲ့ ကရိယာတွေကို မရှိမဖြစ်တပ်ဆင် ရမှာ ဖြစ်ပြီး အချိန်နဲ့ လိုက်ပြီး ပြောင်းလဲ သတ်မှတ်တဲ့ စံနှုံးတွေနဲ့ ကိုက်ညီအောင် စက်ရုံတွေမှာ လုပ်ဆောင်ပေးဖို့ လိုပါတယ်။ အမေရိကန်နိုင်ငံမှာတော့ စံသတ်မှတ်မှုနဲ့ ကိုက်အောင် လိုက်ပြီး မလုပ်ဆောင်တဲ့ ကုမ္ပဏီတွေအတွက် ဒဏ်ကြေးငွေ ဒေါ်လာ သန်းနဲ့ ချီ ပေးဆောင်စေတယ်လို့ ဒေါ်အေးအေးကြည်က ပြောပါတယ်။