Your browser doesn’t support HTML5
ဘက်ထရီကို ပုံစံမျိုးစုံနဲ့ တွေ့နိုင်ပါတယ်။ လက်ပတ်နာရီ တွေ၊ လက်ကိုင်ဖုံးတွေနဲ့ နားမကြားသူတွေ တပ်တဲ့ စက်ကလေးတွေ အတွက် သုံးတဲ့ ဘက်ထရီတွေက အသေးလေးတွေဖြစ်ပြီး ကားတွေမှာ သုံးတဲ့ ခဲနဲ့ အက်ဆစ် ပါတဲ့ ဘက်ထရီအိုးတွေလို အလတ်စားတွေလည်း ရှိပါတယ်။ အခန်းတခန်းစာ လောက်ကြီးမားတဲ့ ဘက်ထရီကြီးတွေကိုတော့ ကွန်ပြူတာ အချက်အလက် သိမ်းဆည်းတဲ့ စင်တာတွေ၊ တယ်လီဖုံး အိပ်ချိန်းတွေမှာ တွေ့နိုင်ပါတယ်။
လူနေမှုစံနစ် တိုးတက်လာစေတဲ့ အကြောင်းတွေထဲမှာ လျှပ်စစ်ဓါတ်ကို လိုတဲ့ အချိန်မှာ ထုတ်သုံးနိုင် အောင် လုပ်ပေးတဲ့ ဘက်ထရီတွေကို ထွင်လာနိုင်တာက သိပ်အရေးပါတယ်လို့ ရူပဗေဒ ပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။
“ဘက်ထရီ ဓါတ်ခဲသာ အခုအချိန်မှာ မရှိခဲ့ဘူး ဆိုရင် လွန်ခဲ့တဲ့ အနှစ် ၂၀၀ လောက်က လူနေမှု စံနစ်ကို ပြန်ရောက်သွားမှာပါ။ အဲဒါ ဘာလဲ ဆိုတော့ ရေနွေးငွေ့ အင်ဂျင်တို့ သံပတ်နဲ့ပေးတဲ့ နာရီတို့ အဲဒီခေတ်ကို ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။ အခုခေတ်မှာတော့ လက်ကိုင်ဖုံး- ဆယ်လူလာဖုံး ဆိုရင် ဘက်ထရီ သေးသေးလေးတွေကို သုံးနေရတာပါ။ နောက် ကားအင်ဂျင်စက်နှိုးရတာ ဆိုရင်လည်း ဘက်ထရီနဲ့ နှိုးရတာပါ။ အကယ်လို့သာ အခုချိန်မှာ ဘက်ထရီမရှိဘူးတိုရင် ထရန်စစ္စတာ ရေဒီယို ဆိုတာမရှိ ပဲ ဖြစ်နေမှာပါ။ နောက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာက နှလုံးရောဂါ ရှိတဲ့ သူတွေ နှလုံးခုန်နှုန်း မမှန်ဘူးဆိုရင် နှလုံးပုံမှန် ခုန်နိုင်အောင် လျှပ်စစ် ဓါတ်ထုတ်ပေးတဲ့ Pacemaker စက်ကလေးကို နှလုံးထဲမှာ ခွဲပြီး ထည့်ပေးရပါတယ်။ အဲဒီမှာ ဘက်ထရီလေး ထည့်ထားရပါတယ်။ ဒါကြောင့် အဲဒီလို ဘက်ထရီသာ မထွင်နိုင်ဘူးဆိုရင် နှလုံးရောဂါနဲ့ ဆုံးမှာလေ။ အဲတော့ ဒီဘက်ထရီ ထွင်တာ သိပ်ကို အရေးကြီးပါတယ်။”
Pacemaker ဘက်ထရီကို nickel-cadmium နဲ့ လုပ်ထားတဲ့ ပြန်ပြီးအားဖြည့်ရတဲ့ rechargeable ဘက်ထရီ နဲ့ စသုံးခဲ့တာ ဖြစ်ပြီး ၁၉၇၂ ခုနှစ်နောက်ပိုင်း တီထွင်ခဲ့တဲ့ လစ်သီယမ် အိုင်အိုဒင်း ဘက်ထရီကတော့ သက်တမ်း ဆယ်နှစ်လောက် ခံတာမို့ ဆေးပညာ လောကမှာ သိပ်ကို အသုံးဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကို အခုထိလည်း သုံးနေဆဲပါ။ ဒီ pacemaker ဘက်ထရီလို ကိုယ်ခန္ဓာထဲမှာ ထည့်ပြီး သုံးလို့ရတဲ့ သိပ်သေးတဲ့ ဘက်ထရီလေးတွေ ရှိသလို ကမ္ဘာမှာ အခုအချိန်ထိ အကြီးဆုံးလို့ သတ်မှတ်လို့ ရတဲ့ လစ်သီယမ် အိုင်းယွန်း ဘက်ထရီကြီးကိုတော့ ၂၀၁၇ ဒီဇင်ဘာ ၁ရက် နေ့က Australia နိုင်ငံမှာ စတင် တပ်ဆင်နိုင်ခဲ့ပါတယ်။
“Australia တောင်ပိုင်းမှာ Tesla ကားကုမ္ပဏီကို တီထွင်တဲ့ Elon Musk က သူ့ရဲ့ Tesla ဘက်ထရီနဲ့ လျှပ်စစ်ဓါတ်တွေကို သိုလှောင်ထားနိုင်တဲ့ ဘက်ထရီ ဆဲလ်လေးတွေ ငါးရာ တထောင်လောက်ကို မြို့တမြို့နားမှာ ဆင်ဖို့အတွက် သူလိုင်စင်ရတော့ ဆင်လိုက်ပါတယ်။ ဒီဘက်ထရီဟာ အား ဘယ်လောက်အထိ ရှိနိုင်သလဲ ဆိုတော့ လျှပ်စစ်ဓါတ်အား မီဂါဝပ် တရာ လောက်ကို ထုတ်ပေးနိုင်ပါတယ်။ အဲဒီလောက် များတဲ့ လျှပ်စစ်ဓါတ်က အိမ် ၃ -၄ သောင်း ရှိတဲ့ မြို့ကို နာရီ တနာရီစာ လျှပ်စစ်ဓါတ် ပြန်ပြီးတော့ ဖြန့်ဖြူး ပေးနိုင်ပါတယ်။
ဆိုလိုတာက တစုံတခုသော အကြောင်းကြောင့် တမြို့လုံး လျှပ်စစ်ဓါတ် ပြတ်သွားတယ်၊ မီးမလာတော့ဘူး blackout ဖြစ်သွားတယ် ဆိုရင် မိနစ်ပိုင်း အတွင်းမှာ သူ့ရဲ့ လစ်သီယမ် အိုင်းယွန်းနဲ့ လုပ်ထားတဲ့ ဘက်ထရီ ကြီးတွေက အိမ်တွေကို ပြန်ဖြန့်တဲ့ ပါဝါ grid ထဲကို လျှပ်စစ်ဓါတ်ကို ရအောင် ချက်ချင်း ပြောင်းပြီး ပို့ပေးနိုင်တဲ့ စံနစ်ကို သူလုပ်ပေးလိုက်တာ ဖြစ်ပါတယ်။”
ဒီ လစ်သီယမ် အိုင်းယွန်း ဘက်ထရီကြီးကို အားပြန်ဖြည့်ဖို့ လေဒလက် တွေကနေရတဲ့ လေစွမ်းအား ကို သုံးတာ ဖြစ်ပြီး ကမ္ဘာမြေအထက် မိုင်နှစ်ရာကျော်မှာ ရှိနေတဲ့ အပြည်ပြည်ဆိုင်ရာ အာကာသ စခန်း မှာသုံးတဲ့ ဘက်ထရီကိုတော့ နေစွမ်းအင်နဲ့ ပြန်ပြီး အားဖြည့်ပါတယ်။
“အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းမှာ လွန်ခဲ့တဲ့ ၁၅ နှစ် ၁၆ နှစ်လောက်က သုံးခဲ့တဲ့ ဘက်ထရီကို အခုပြန် လဲလိုက်ပါပြီ။ ဒီစခန်းဟာ ကမ္ဘာ့ အထက် မိုင် ၂၀၀ လောက်မှာ မိနစ် ၉၀ တိုင်း တခါ တခါ ကမ္ဘာ့စက်ဝန်းကို ပတ်ပါတယ်။ အဲဒီလို ပတ်နေတဲ့ အချိန်မှာ နေဘက်ကို မြင်ရတာက ၄၅ မိနစ်၊ နေဘက်ကို မမြင်ရတာက ၄၅ မိနစ်ပါ။ အဲဒီတော့ နေဘက်ကိုမြင်ရတဲ့ ၄၅ မိနစ်မှာ အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းမှာ တပ်ဆင်ထားတဲ့ ဆိုလာပြား တွေကနေ လျှပ်စစ်ဓါတ်ကို ယူပြီး သုံးပါတယ်။ အဲဒီလို သုံးနေတာနဲ့ တချိန်ထဲမှာပဲ နစ်ကယ် ဟိုက်ဒရိုဂျင် ဘက်ထရီကို ပြန် charge လုပ်ပြီး အားသွင်းထားပါတယ်။“
“နောက် ၄၅ မိနစ်ကုန်သွားလို့ နေမမြင်ရတဲ့ ဘက်၊ ကမ္ဘာဘက်ကို စခန်းက ရောက်သွားပြီ ဆိုရင် ဆိုလာပြားတွေက သုံးလို့ မရတော့ဘူး။ နေမရှိတဲ့ အတွက်။ အဲဒီ ၄၅ မိနစ် လုံးလုံး သိမ်းထားတဲ့ သိုလှောင်ထားတဲ့ ဘက်ထရီ တွေကနေပြီးတော့ စခန်းကြီး တခုလုံးကို ဆက်ပြီးတော့ လျှပ်စ် ဓါတ်ပေး ပါတယ်။ အဲဒါ ၁၈ နှစ် ကြာသွားပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ ဘက်ထရီက ဟောင်းသွားပြီ ဖြစ်တဲ့အတွက် နီကယ် ဟိုက်ဒရိုဂျင် ဘက်ထရီကိုပဲ ပြန်သုံးမလား၊ လစ်သီယမ် အိုင်းယွန်း ဘက်ထရီကို သုံးမလား ဆိုပြီး စဉ်းစားတော့ လစ်သီယမ် အိုင်းယွန်း ဘက်ထရီကို သုံးပါတယ်။”
“လစ်သီယမ် အိုင်းယွန်း ဘက်ထရီက ရိုးရိုး ဘက်ထရီထက် အများကြီး ပေါ့ပါတယ်။ ၃ ပုံတပုံလော်ပဲ လေးပါတယ်။ အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းမှာတော့ လေးတာ ပေါ့တာတော့ မရှိပါဘူး။ ကမ္ဘာ့ဆွဲအား မရှိလို့။ ဒါပေမယ့် လစ်သီယမ် အိုင်းယွန်း ဘက်ထရီက ရိုးရိုး နစ်ကယ် ဘက်ထရီနဲ့ ယှဉ် လိုက်လို့ ရှိရင် သူ့ ဘက်ထရီရဲ့ ပမာဏ volume က တော်တော်ကို သေးတယ်။ စွမ်းအင်ကလည်း များတယ်။ နောက် လစ်သီယမ် အိုင်းယွန်း ဘက်ထရီက နောက်ပိုင်း ထွက်တဲ့အခါ သိပ်အကြာကြီး သုံးလို့ ရတာ ဆိုတော့ ဘက်ထရီကို အကြိမ် လေးငါးသောင်း မက သူက charge လုပ်လို့ ရလာတာမို့ တော်တော်ကို တိုးတက်လာတဲ့ အတွက် လစ်သီယမ် အိုင်းယွန်း ဘက်ထရီကို လွန်ခဲ့တဲ့ ၆ လ ၇ လလောက်က အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းမှာ အကုန်ပြန်ပြီး လဲလိုက်ပါပြီ။”
ဘက်ထရီကို ကိုယ့်အိမ်မှာ ကိုယ်တိုင်သုံးဖို့ လုပ်နိုင်ပါတယ်။ ခက်ခက်ခဲခဲ ရှာစရာ မလိုတဲ့ပစ္စည်းတွေနဲ့ ဘယ်လိုလုပ်နိုင်တယ် ဆိုတာကြည့်ရအောင်ပါ။
“ကိုယ့်အိမ်မှာ ကိုယ် ဘက်ထရီ ဆောက်လို့ ရတယ်။ ဆိုင်မှာ သွားဝယ်စရာ မလိုဘူး။ လက်သီးဆုပ် လောက် ရှိတဲ့ အာလူးဖြစ်ဖြစ် သံပုရာသီး ဖြစ်ဖြစ်။ အဲဒါကို တဖက်က ကြေးပြား ဒါမှမဟုတ် ကြေးချောင်း လေးနဲ့ ထိုးလိုက်ပြီး တဖက်က သူနဲ့ တလက်မလောက် အကွာ အဲဒီ အာလူးပေါ်မှာပဲ သွပ်ပြား ဒါမှမဟုတ် သွပ်နဲ့ လုပ်ထားတဲ့ သံချောင်း ပေါ့နော်။ Zinc နဲ့ Copper သွပ်နဲ့ ကြေးပေါ့။ သွပ် သွပ်ချင်း ကြေးကြေးချင်း လုပ်လို့ မရဘူး။ လျှက်လိုက်ရည် electrolyte မှာ အိုင်းယွန်း ion တွေက ဘယ်သွားရမှန်း မသိပဲ မသွားတော့ဘူး။ ဓါတုဓါတ် မတူရဘူး။ ဓါတ်မတူတဲ့ သဘာဝ ထဲမှာမှ။ အဲဒီ ၂ ခုကို မီးလုံးလေး ဖြစ်ဖြစ် အိမ်မှာ ရှိတဲ့ LED မီးလုံးလေး ဒါမှမဟုတ် ဘက်ထရီ အသေးလေးတွေ သုံးတဲ့ နာရီ မှာ သူ့အဖို အမကို မှန်အောင် ဆက်လိုက်ရင် သူက ဘက်ထရီ ဖြစ်သွားပြီ။
သူ့ ဘက်ထရီပမာဏက ဘယ်လောက် ရမလဲ ဆိုတော့ ၁.၅ ဗို့ လောက်တော့ ရနိုင်တယ်။ ၁ volt လောက် ရရင်ကိုပဲ အိမ်မှာ ရှိတဲ့ နာရီ သေးလေးတွေ၊ ဒါမှမဟုတ် မီးလုံး သေးသေးလေးကို မီးလင်းအောင် ဖန်တီးလို့ ရပြီ။ ဒါက ဘက်ထရီ ပဲပေါ့။
ဒီ အာလူးထဲမှာ သံပုရာသီးထဲမှာ ကန့်ငရဲမီးလိုမျိုး အက်ဆစ် တမျိုးပါတယ်။ ကန့်ငရဲ မီးလိုတော့ မဟုတ်ဖူး။ ဒါပေမယ့် သူက အက်ဆစ် တမျိုး။ သံပုရာသီးဆို ဒါ ရေနဲ့ အက်ဆစ်ပဲလေ။ citric acid ပါ။ အဲဒီလို အက်ဆစ် တမျိုး ပါတဲ့အတွက် သူက electrolyte လျှပ်လိုက်ရည် ဖြစ်သွားတယ်။ အဲဒါကြောင့် ဓါတ်ခဲလေး လုပ်ယူလို့ ရတာပါ။”
ရူပဒေ ပညာရှင် ဒေါက်တာ ပဒေသာတင် ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ရပ်နားလိုက်ပါရစေ။