Your browser doesn’t support HTML5
ဆာလ်ဖာဒိုင်အောက်ဆိုဒ်နဲ့ နိုက်ထရိုဂျင်အောက်ဆိုဒ်တွေ လေထုထဲ ရောက်သွားတဲ့အခါ လေထုထဲမှာ ရှိနေတဲ့ ရေခိုးရေငွေ့တွေ၊ အောက်ဆီဂျင်တွေနဲ့ ဒီအောက်ဆီဂျင်ကို သုံးပြီး ဓါတ်ပြုလို့ ရတဲ့ အရာတွေနဲ့ တွေ့ဆုံပြီး အဲဒီဓါတ်ငွေ့တွေ ပေါင်းစပ်မိရင် များပြားတဲ့ အက်ဆစ်ပါတဲ့ ဒြပ်ပေါင်း တွေ ဖြစ်လာပါတယ်။
ဒီ အက်ဆစ် ဒြပ်ပေါင်းတွေဟာ အရည်အဖြစ်နဲ့ ပြန်ကျတာ ဒါမှမဟုတ် အမှုန်အနေနဲ့ ဖြစ်စေ၊ အငွေ့အနေနဲ့ ဖြစ်စေ ပြန်ကျတာမျိုး ဆိုရင် အက်ဆစ်မိုး ဖြစ်လာတာပါ။
ဒီအက်ဆစ်မိုး မြေပြင်ပေါ် ကျလာရင် ecosystem ခေါ် ဂေဟစံနစ် ကို ထိခိုက်စေပါတယ်။ ပထမဆုံး ကမ္ဘာမြေပြင်ပေါ်မှာ ရှိတဲ့ ရေကန်ကြီး တွေ အပေါ် သက်ရောက်မှုကို ကြည့်ရအောင်ပါ။
ကန်တွေကို ကြည့်မယ် ဆိုရင် ကနေဒါနိုင်ငံတို့ ဆွီဒင် နိုင်ငံတို့မှာ ရှိတဲ့ ကန်တွေ အတော်များများဟာ -ဆယ်ဂဏန်းကနေ ထောင်ဂဏန်း လောက် အထိရှိတဲ့ ကန်တွေဟာ အက်ဆစ်ဓါတ်တွေ များကုန်ပြီ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဖင်လန် နိုင်ငံတွေမှာလည်း အခုလို ဖြစ်ပေမယ့် ကနေဒါတို့ ဆွီဒင်နိုင်ငံတို့က ပိုဆိုးတယ်။ အထူးသဖြင့် ကနေဒါနိုင်ငံ Ontario နားမှာ ရှိတဲ့ ကန်တွေဆို ပိုအထိနာသွားတယ်။ ဘာကြောင့်လဲ ဆိုတော့ ညစ်ညမ်းတဲ့ လေရဲ့ သွားတဲ့လမ်းကြောင်းပေါ်မှာ အဲဒီကန်တွေ ရောက်နေလို့ ဖြစ်ပါတယ်။ အဲဒီကန်တွေထဲမှာလည်း ထုံးကျောက်က နဲနဲပဲ ရှိတယ်။ ဒါ့ကြောင့် အက်ဆစ်ဓါတ်တွေကို ချေဖျက်နိုင်စွမ်းသိပ်မရှိပဲ အက်ဆစ်ဓါတ်တွေ များလာပြီး ကန်တွေရဲ့ ကျန်းမာရေး ဆုတ်ယုတ် လာပါတယ်။ အက်ဆစ်သိပ်များနေရင် ကန်တွေကို ထုံးကျောက်တွေ ထည့်ပေးပြီး ပြုပြင်ရပါတယ်။ အက်ဆစ် သိပ်များတဲ့ ကန်တွေကို ကြည့်ရင် ရေက သိပ်ကို ကြည်လင်နေတာပါ။ ဘာကြောင့်လဲ ဆိုတော့ သူတို့မှာ အပင်တွေရော သတ္တဝါတွေရော နေလို့ မရလို့ ဖြစ်ပါတယ်။
အက်ဆစ်ဓါတ် လွန်ကဲနေတဲ့ ကန်တွေမှာ နောက်ဆက်တွဲ ပေါ်လာတတ်တဲ့ ပြဿနာက အလျူမီနီယမ် ဓါတ်တွေ ပိုများလာတာဖြစ်ပါတယ်။ ဒီလို များလာရင် ရလာတဲ့ ဆိုးကျိုးက ရေထဲက သတ္တဝါတွေကို ထိခိုက်စေတာပါ။
အက်ဆစ်သဘာဝ လွန်ကဲနေတဲ့ ကန်တွေမှာ အက်ဆစ်များတဲ့အတွက် ဟိုက်ဒရိုဂျင် အိုင်းယွန်းတွေ များနေသလို အလျူမီနီယမ် ဒြပ်ပေါင်းတွေကလည်း များနေတတ်ပါတယ်။ အဲဒီ အလျူမီနီယမ် ဒြပ်ပေါင်းတွေ ဘယ်က ရတာပါလဲ။ အလျူမီနီယမ်ဟာ ရေထဲ မပျော်နိုင်ပါဘူး။ ကြားနေ pH ဖြစ်တဲ့ pH 7 ဝန်းကျင်မှာ ဒီဓါတ်ဟာ ကျောက်တွေထဲက ဘယ်နည်းနဲ့မှ ထွက်မလာနိုင်ပါဘူး။ ဒါပေမယ့် အက်ဆစ်များတဲ့ ရေနဲ့ ထိရင်တော့ အောက်ခံ ကျောက်တွေထဲကနေ ထွက်လာပြီး ရေထဲရောက်သွားနိုင်ပါတယ်။ နယူးရောက်မှာ ဒီလို ဖြစ်နေတာ အများဆုံး တွေ့ရပါတယ်။ ဒီကန်တွေထဲမှာ အက်ဆစ်တွေ များနေ ရုံတင်မကပဲ အလျူမီနီယမ်တွေ အိုင်းယွန်းတွေပါ များနေတာဟာ ငါးတွေကို ဖျက်ဆီးပစ်စေတဲ့ အကြောင်းရင်းတွေလို့ သိပ္ပံပညာရှင်တွေက စမ်းသပ်တွေ့ရှိခဲ့တာပါ။
ကန်ထဲမှာ အက်ဆစ် ဓါတ်တွေ များလာတာနဲ့ အမျှ ကန်ထဲက အပင်တို့ သတ္တဝါတို့ နေထိုင် တည်ရှိတဲ့ ပုံသဏ္ဍာန်ဟာ ပြောင်းသွားတတ်ပါတယ်။ ကျန်းမာရေး ကောင်းတဲ့ ကန်တကန်အတွက် pH ဟာ ၇ ဝန်းကျင်မှာ ရှိရမှာ ဖြစ်ပါတယ်။ အက်ဆစ်မိုးရွာတာရဲ့ ရလဒ်က ကန်တွေထဲမှာ ရှိနေကျ ငါးတွေ မရှိပဲ ဖြစ်သွားနိုင်ပါတယ်။ ကနေဒါ အရှေ့ပိုင်း Nova Scotia ဒေသမှာရှိတဲ့ မြစ်ချောင်းတွေ အားလုံးရဲ့ ၃၀ ရာခိုင်နှုန်းမှာ အက်ဆစ်ဓါတ်တွေ များနေတဲ့ အတွက် Atlantic Salmon အမျိုးအစား ငါးတွေ ပြုန်းကုန်တဲ့ အဖြစ်ကြုံရပါတယ်။
ဒီအလျူမီနီယမ် ဓါတ်တွေဟာ ငါးလို ရေသတ္တဝါတွေ တင်မကပဲ အပင်တွေအတွက်လည်း ဆိုးကျိုး ဖြစ်စေပါတယ်။
အက်ဆစ်မိုးကြောင့် ထွက်လာတဲ့ အလျူမီနီယမ် ဓါတ်တွေက သတ္တဝါတွေ အတွက်တင် မဟုတ်ပဲ သစ်ပင်တွေ အတွက်လည်း အန္တရာယ် ဖြစ်နိုင်ပါတယ်။ အမြင့်ပိုင်း ဒေသတွေမှာ အက်ဆစ်တွေ ပါလာတဲ့ တိမ်တွေ မြူတွေ ရှိနိုင်ပါတယ်။ ဒါတွေဟာ သစ်ပင်ရဲ့ အရွက်တွေ အပေါ်မှာ ရှိတဲ့ သြဇာဓါတ်တွေကို စုပ်ထုတ် ပစ်လိုက်တဲ့ အခါမှာ အရွက်တွေ ညိုမဲလာပြီး တချို့ သေသွားသလို တချို့ဆို အပ်ချောင်း ကလေးတွေ လို ဖြစ်နေတာမို့ သစ်ပင်ဟာ နေရောင်ခြည်ကို စုပ်ယူဖို့ အားနဲသွားတာပါ။
အက်ဆစ်မိုးဟာ မြေကြီးထဲက သြဇာ ဓါတ်တွေနဲ့ ဓါတ်ပြုပြီး သူတို့ကို ဖယ်ထုတ်ပစ်နိုင်စွမ်းရှိတဲ့ အတွက် အပင်တွေအဖို့ အဟာရဓါတ် ချို့တဲ့ လာနိုင်ပါတယ်။
အက်ဆစ်မိုး ကျသွားတဲ့ အခါမှာ မြေကြီးက ယိုယွင်း ပျက်စီးပြီး မြေကြီးထဲမှာ ရှိတဲ့ အဖိုဓါတ်ရှိတဲ့ အိုင်းယွန်းတွေ ဖြစ်တဲ့ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ် တို့လို ဓါတ်တွေက ထွက်လာပါတယ်။ ဒီဓါတ်တွေဟာ အပင်တွေ အဟာရ အဖြစ်သုံးရမယ့် ဓါတ်တွေ ဖြစ်တဲ့အတွက် အပင်က အဟာရ မရတော့ပါဘူး။ အဖိုဓါတ်ရှိတဲ့ အိုင်းယွန်းတွေ ထွက်သွားပြီး အဲဒီနေရာမှာ ဟိုက်ဒရိုဂျင် အိုင်းယွန်းတွေ ရောက်လာတာ ဖြစ်ပါတယ်။
အက်ဆစ်မိုးရွာသွန်းမှုဟာ ဂေဟစံနစ် တခုလုံးကို သက်ရောက်စေနိုင်တာ ဖြစ်ပါတယ်။
အက်ဆစ်မိုးလို့ ပြောဖို့အတွက် pH က ၅ ထက်နဲရမှာ ဖြစ်ပါတယ်။ အက်ဆစ်မိုးကြောင့် ထိခိုက်မှုမှာ အသိသာဆုံးက ရေထဲက သတ္တဝါတွေ ဖြစ်ပါတယ်။ ဥပမာ pH ၄ ထက်နဲသွားရင် အဲဒီမှာ ဖားတွေ နေလို့ မရတော့ပါဘူး။ ဖားက မေ fly လို့ ခေါ်တဲ့ မေလအတွင်းမှာ ထွက်လာတတ်တဲ့ သက်တမ်းတိုတဲ့ အကောင်လေးတွေကိုစားပါတယ်။ အဲဒီ မေ fly လေးတွေ လိုအပ်တဲ့ pH က ၅.၅ ထက် မနဲရဘူး။ pH က ၅.၅ ထက်နဲသွားရင် အဲဒီ ပိုးပျံကောင်လေးတွေ သေသွားပေမယ့် ဖားကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ ဖားက pH ၄ အထိ အသက်ရှင်နိုင် ပါတယ်။ ဒါပေမယ့် သူ့မှာ စားစရာ မရှိပဲ ဖြစ်သွားပါတယ်။ အဲဒီလို ဂေဟစံနစ်မှာ ဆက်စပ်မှုက ရှိနေတာပါ။ ခရုတို့ ပက်ကျိတို့ ဆို pH ၆ လောက်အထိ နေနိုင်ပါတယ်။ ဂုံးကောင်တွေလည်း pH ၆ ဒါဟာ သူတို့အတွက် အင်မတန် အရေးကြီးတဲ့ pH ပါ။ ကတ်ကတစ် မျိုးတမျိုးဖြစ်တဲ့ bass ဆိုတဲ့ ငါးတမျိုးကတော့ pH ၅.၅ ၊ ရေချိုပုဇွန်တို့ ကျောက်ပုဇွန်တို့အတွက် အရေးကြီးတဲ့ pH က ၅.၅၊ နောက် ငါးပုတ်သင်ဆို ၅ လောက်ရောက်ရင် သေသွားနိုင်ပါတယ်။ ငါးပြေမ မျိုးတမျိုး ဖြစ်တဲ့ perch ဆိုတဲ့ ငါး ကတော့ ၄. ၅ ဆို သေနိုင်ပါတယ်။
အဲဒီလို pH တွေ ကျကျလာမယ်။ အက်ဆစ်တွေ များများ လာမယ် ဆိုရင် သဘာဝ ဝန်းကျင်မှာ တဖြေးဖြေးနဲ့ အကောင်တွေ မျိုးတုန်း သွားနိုင်ပါတယ်။ ဥပမာ pH ၅ ဆိုရင် ငါးဥတွေဟာ မပေါက်နိုင်တော့ ပါဘူး။ အခုလို အက်ဆစ်မိုးထဲမှာ ရှိတဲ့ pH နဲသွားတဲ့ ဒဏ်ကို သဘာဝ ဂေဟစံနစ်မှာ သွားခံစားရမှာ ဖြစ်ပါတယ်။ သတ္တဝါတွေဟာ တမျိုးနဲ့ တမျိုး အမှီသဟဲ ပြု နေကြတာမို့ အကောင်တကောင် စားသုံးရမယ့် နောက်တမျိုး မရှိရင် ထိခိုက်မှု ရှိတာမို့ ဂေဟစံနစ်တခုလုံးကို ထိခိုက်စေတာပါ။
ဂေဟစံနစ်မှာ အက်ဆစ်မိုးရဲ့ လူသားတွေ အပေါ် သက်ရောက်မှုကို ကြည့်ရအောင်ပါ။
အက်ဆစ်မိုး ဖြစ်တာက ဆာလ်ဖာဒိုင်အောက်ဆိုဒ်တို့ နိုက်ထရိုဂျင် အောက်ဆိုဒ်တို့ အဲဒီ အခိုးအငွေ့တွေက ဆာလ်ဖျူရစ် အက်ဆစ်တို့ နိုက်ထရစ် အက်ဆစ်တို့ ဖြစ်ပြီးနောက်ပိုင်း မိုးနဲ့ ပြန်ကျလာတာပါ။ ဒါပေမယ့် အဲဒီလို မဖြစ်ခင်မှာ သူတို့တွေ လေထဲမှာ ဆက်နေရင် အမှုန် သေးသေးလေးတွေ ဖြစ်သွားပါတယ်။ အဲဒီ အမှုန်တွေဟာ သိပ်ကို သေးငယ်တဲ့ အတွက် မြူ တွေလို ဖြစ်ပြီး လေထဲမှာ ဆိုင်းနေတတ်ပါတယ်။ ဒါတွေကို လူတွေ ရှုမိမယ် ဆိုရင် အဆုပ်ထဲ ရောက်သွားပြီး အဆုပ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ထိခိုက်စေပါတယ်။ နိုက်ထရိုဂျင်အောက်ဆိုဒ် တို့ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်တို့လည်း ထိုနည်းတူ ထိခိုက်စေပါတယ်။ အဆုပ်က အလုပ်ကောင်းကောင်း မလုပ်တော့ရင် နှလုံး မှာလည်း ထိခိုက်လာပြီး လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတာပါ။
နောက်တခုက အဲဒီလို ဆိုင်းနေတဲ့ မြူတွေဟာ လူတွေရဲ့ မြင်ကွင်းကို မှုန်ဝါးစေပါတယ်။ အမေရိကန်နိုင်ငံမှာ အင်မတန် ထင်ရှားတဲ့ အမျိုးသား ဥယာဉ်ကြီးမှာ အခုလို အမှုန်အမွှားတွေကြောင့် မြင်ကွင်းကို မမြင်ရပဲ ဖြစ်နေတတ်ပါတယ်။ SO2 ဆာလ်ဖာဒိုင်အောက်ဆိုဒ် အငွေ့ကနေ အမှုန်သေးသေးလေး တွေဖြစ်နေတတ်သလို နိုက်ထရိုဂျင် အောက်ဆိုဒ်တွေကလည်း လေထဲမှာ ရှိတဲ့ ဟိုက်ဒရိုကာဗွန် တွေနဲ့ ပေါင်းပြီး အိုဇုံး ဓါတ်ဖြစ်သွားပါတယ်။ အဲဒါဟာ မြေပေါ်က အိုဇုံးလွှာပါ။ အဲဒါတွေ ရှိနေရင် မြင်ကွင်းအားလုံးကို မှုန်မှိုင်းစေပြီး မြင်ကွင်းကို ကာသွားစေပါတယ်။ ဒီအိုဇုံးလွှာ ကလည်း လူတွေအတွက် အင်မတန် ဆိုးဝါးစေတာဖြစ်ပါတယ်။
သဘာဝဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်ပါ။