၂၀၂၀ ရူပဗေဒနိုဘဲလ်ဆု နဲ့ တွင်းနက်ကြီး

2020 Nobel Prize in Physics

Black Holes လို့ခေါ်တဲ့ တွင်းနက်ကြီးတွေနဲ့ ပတ်သက်ပြီး နားလည်လာအောင် သက်သေပြခဲ့သူ ၃ ဦးဖြစ်တဲ့ ဗြိတိန် သိပ္ပံ ပညာရှင် Sir Roger Penrose ၊ ဂျာမန်လူမျိုး ပါမောက္ခ Reinhard Genzel နဲ့ အမေရိကန် ပါမောက္ခ Andrea Ghez ၃ ဦးကို ၂၀၂၀ အတွက် ရူပဗေဒ နိုဘဲလ်ဆု ပူးတွဲချီးမြှင့်ခဲ့ပါတယ်။

Your browser doesn’t support HTML5

၂၀၂၀ ရူပဗေဒနိုဘဲလ်ဆု နဲ့ တွင်းနက်ကြီး


Zawgyi/ Unicode

(Zawgyi)

Black Holes လို့ခေါ်တဲ့ တွင်းနက်ကြီးတွေနဲ့ ပတ်သက်ပြီး နားလည်လာအောင် သက်သေပြခဲ့သူ ၃ ဦးဖြစ်တဲ့ ဗြိတိန် သိပ္ပံ ပညာရှင် Sir Roger Penrose ၊ ဂျာမန်လူမျိုး ပါမောက္ခ Reinhard Genzel နဲ့ အမေရိကန် ပါမောက္ခ Andrea Ghez ၃ ဦးကို ၂၀၂၀ အတွက် ရူပဗေဒ နိုဘဲလ်ဆု ပူးတွဲချီးမြှင့်ခဲ့ပါတယ်။ ဒီ တွင်းနက်ကြီးဟာ နဂါးငွေ့တန်း အလယ်မှာ ရှိနေတယ် ဆိုတာကို သူတို့သက်သေပြနိုင်ခဲ့ကြတယ်လို့ နာဆာ သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်က ပြောပါတယ်။

ဒေါက်တာ ပဒေသာတင်။. ။“ တွင်းနက်ကြီးလို့ ခေါ်တဲ့ black holes တွေနဲ့ပတ်သက်ပြီး ဒီတခေါက်လည်း နိုဘဲလ်ဆု ထပ်ရကြတယ်။ ဒီဆုကို ၂ ခု အတွက် ပေးလိုက်တယ်။ တခုက သီအိုရီနဲ့ ပတ်သက်တဲ့ဟာ။ အဲဒါကတော့ ပါမောက္ခ Roger Penrose ပါ။ Oxford တက္ကသိုလ်က အလွန်တရာမှ နံမယ်ကြီးတဲ့ ပါမောက္ခပါ။ သူကတော့ တွင်းနက်ကြီးတွေ အကြောင်း လေ့လာတာနဲ့ ပတ်သက်တဲ့ သီအိုရီနဲ့ ရတာ။ နောက်တပိုင်းကတော့ ပါမောက္ခ ၂ ဦး တဦးက Max Planck Institute ဂျာမဏီကပါ။ သူ့နံမယ်ကတော့ Reinhard Genzel လို့ ခေါ်ပါတယ်။ နောက်တယောက်က Andrea Ghez ဆိုတာ အမျိုးသမီးပါ။ သူက ကယ်လီဖိုးနီးယား ပြည်နယ် တက္ကသိုလ် UCLA ပေါ့နော်။ သူတို့ ၂ ယောက်ကို တွဲ ပေးပါတယ်။”

မေး။. ။“ဒီတွင်းနက်ကြီးနဲ့ ပတ်သက်ပြီးတော့ သီအိုရီနဲ့ ရတဲ့ ပါမောက္ခ အကြောင်း ပြောပြပေးပါ။ သူ့ကို ဘာကြောင့် ပေးရတာလဲ ဆိုတာ၊”

ဒေါက်တာပဒေသာတင်။. ။“ပါမောက္ခ Roger Penrose ရတာက သီအိုရီနဲ့ ပတ်သက်ပြီး ရတာပါ။ ၁၉ ၃၀ လောက်ကတည်းကနေ special theory of relativity အထူးနှိုင်းရ ရူပဗေဒသီအိုရီကို သိပ္ပံပညာရှင် Albert Einstein က ပြုစုခဲ့ပါတယ်။ အဲဒီ သီအိုရီအရ ဆိုရင် အလွန်တရာမှ သိပ်သည်းတဲ့ ဒြပ်အစိုင်အခဲ ဥပမာ နေလိုဟာမျိုး၊ နေထက် အဆမတန် များရမယ်။ အဲဒီလောက် သိပ်သည်းတဲ့ ဟာကြီးတွေ ပျက်သုဉ်း သွားတဲ့ အခါ ကျရင် အလွန်တရာမှ သိပ်သည်းတဲ့ နေရာ တခု ဖန်တီး သလို ဖြစ်သွားမယ် ဆိုတာ သူက ပြောခဲ့တယ်။ ဒါပေမယ့် သူက Albert Einstein က တွင်းနက်ကြီးတွေ ရှိတယ် သူမဟောခဲ့ဘူး။

ဒါပေမယ့် ၁၉ ၆၅ ခုနှစ်မှာ အဲဒီ ပါမောက္ခ Roger Penrose က အိုင်စတိုင်းရဲ့ ခုန နှိုင်းရသီအိုရီကို အသုံးချပြီးတော့ သူက သင်္ချာ ပါမောက္ခလည်း ဖြစ်တဲ့ အတွက် သူက သင်္ချာနည်း တမျိုးနဲ့ တွက်ပုံတွက်နည်း တခု သင်္ချာနည်းတခုကို ဖေါ်လိုက်တယ်။ အဲဒီလို ဖေါ်လိုက်တဲ့ ဟာပေါ်မူတည်ပြီး တွင်းနက်ကြီးတွေ ရှိနိုင်တယ် ဆိုတဲ့ဟာကို တွက်ပြခဲ့ပါတယ်။ အဲဒီကတည်းက။ ဒါပေမယ့် အဲဒီတုန်းက ဒီနိုဘဲလ်ဆုကို ချက်ချင်း မရဘူး။

ဒါပေမယ့်သူ့ရဲ့သီအိုရီ၊ ဒီတွက်ချက်ပုံ တွက်ချက်နည်းက ရူပဗေဒသင်္ချာကို သုံးပြီး တွက်တဲ့နည်းနဲ့ အသုံးချပြီးတော့ နောက်ပိုင်းမှာ Stephan Hawking တို့ ဘာတို့က ဒါကို သုံးပြီး တွင်းနက်ကြီးတွေ အကြောင်း၊ စကြာဝဌာကြီး ဘယ်အချိန်ကစပြီး ပေါ်ပေါက်လာသလဲ ဆိုတာတွေကို လေ့လာဖို့ သီအိုရီ အခြေခံ ရသွားတယ်။ အဲဒါ ဆိုတော့ အခု ၂၀၂၀ သူ့အသက် ၉ ၀ ရှိပါပြီ။ အဲဒီ အခါ ကျတော့မှရတာပါ။ ပေးသင့်တယ်ထင်ပါတယ်။ သူထိုက်ထိုက်တန်တန် ရတာပါ။”

မေး။. ။“နောက် ၂ ယောက်ကရော၊ တကယ်လက်တွေ့ ပြသခဲ့တဲ့ ၂ ယောက်ကရော”

ဒေါက်တာပဒေသာတင်။. ။“လက်တွေ့ ပြတဲ့ ပါမောက္ခက ၂ ယောက်ပေါ့နော်။ Max Planck က ပါမောက္ခရယ်၊ UCLA က အမျိုးသမီးပါမောက္ခရယ်ကတော့၊ သူတို့ ၂ ဦးတွဲပြီးတော့။. နေစကြာဝဌာကြီးက ဘယ်မှာ ရှိသလဲ ဆိုရင် ဒီ နဂါးငွေ့တန်းကြီးပေါ့နော်။ milky way လို့ ခေါ်ပါတယ်။ စင်္ကြာဝဌာကြီးထဲမှာ ဒီလို နဂါးငွေ့တန်း မျိုးပေါင်း သန်း ထောင်ပေါင်းများစွာ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ နေစင်္ကြာဝဌာ ရှိတဲ့ နဂါးငွေ့တန်းကြီးရဲ့ အလယ်မှာ အဲဒီလောက်ကို သိပ်သည်းဆ များတဲ့ ကြယ်စုကြီးတွေ၊ အဲဒါကြီးတွေ ပေါ့နော်။ အဲလို အရှိန်အဟုန် များစွာနဲ့ အလင်းရဲ့ အလျင်နီးပါး လောက်နဲ့ လည်နေပြီ ဆိုလို့ရှိရင် တချိန်မှာ သူဘာဖြစ်သွားသလဲ ဆိုတော့ တချိန်မှာ ဒီကြယ်ကြီးတွေ ပျက်သုဉ်းသွားတယ်။ ကျနော်တို့ နေကြယ်ထက် အဆပေါင်း ထောင်ပေါင်းများစွာ ကြီးရပါတယ်။

အဲဒီတော့ သိပ်သည်းဆ သိပ်များသွားတဲ့ အချိန်မှာ ဘာဖြစ်လဲ ဆိုတော့တွင်းနက်ကြီးတွေ ပေါ်လာတယ်။ အဲဒီလို တွင်းနက်ကြီးတွေ ပေါ်လာတာကို ရိုးရိုး မျက်လုံးနဲ့ မမြင်ရဘူး။ ရိုးရိုး အဝေးကြည့်မှန်ပြောင်းနဲ့ လည်း မမြင်ရဘူး။ သူက ဘယ်လို ရောင်ခြည်မျိုး ထုတ်သလဲ ဆိုတော့ X-ray ရောင်ခြည်တို့ မိုက်ခရိုဝေ့ဖ် ရောင်ခြည်တို့။ အဲဒါတွေနဲ့ တိုင်းတာတဲ့ စက်တွေနဲ့ သူတို့က အနှစ် ၃၀ လောက် တိုင်းပြီးတဲ့ အခါကျတော့ ဒီ နဂါးငွေ့တန်းကြီးရဲ့ အလယ်မှာ ဒီဟာမျိုးကြီးတွေ ရှိနေပြီဆိုတာ ပြတဲ့ သုတေသန လုပ်တဲ့ အတွက် သူတို့ကို ပေးတာ ဖြစ်ပါတယ်။

ကျနော်တို့ရဲ့ အနန္တ စင်္ကြာဝဌာထဲမှာ ရှိတဲ့ နဂါးငွေ့တန်း ကလေးတင်၊ ဒီနဂါးငွေ့တန်းရဲ့ အရွယ်အစား ဘယ်လောက် ကြီးသလဲ ဆိုရင် ကျနော်တို့ရဲ့ နေစင်္ကြာဝဌာက လက်တလုံး အထူလောက်ပဲ ရှိမယ် ဆိုရင် ဒီနဂါးငွေ့တန်းက မိုင် ၂၀၀၀ ရှိတယ်။ အဲဒီလို နဂါးငွေ့တန်းပေါင်း သန်းထောင်ပေါင်း မြောက်များစွာရှိတဲ့ စင်္ကြာဝဌာကြီး။ အဲဒီတော့ စဉ်းစားကြည့်ပေတော့ ဘယ်လောက် ကြီးသလဲ ဆိုတာ။”

မေး။ ။“ တွင်းနက်ကြီးနဲ့ ပတ်သက်ပြီးတော့ ဘာလို့ ဒီလောက်တောင် လူအများကြီးကို နိုဘဲလ် ဆုပေးတာလဲ။ ဘာကြောင့် ဒီလောက် အရေးကြီးရတာ ပါလဲ။”

ဒေါက်တာ ပဒေသာတင်။. ။“ကျနော့်အမြင်အရ ပြောရလို့ရှိရင် ဒီတွင်းနက်ကြီးကို လေ့လာတာက တပိုင်းပေါ့နော်။ အဓိကက ဘာလဲ ဆိုလို့ရှိရင် ကျနော်တို့ လူသားတွေ ဘယ်လို ဖြစ်လာသလဲ။ ဘယ်အချိန်ကတည်းက လူသားတွေ အသက်ရှင်တဲ့ ဇီဝတွေ ဖြစ်လာသလဲ။ ဒီဇီဝတွေ မဖြစ်ခင်မှာ ဒီ တိမ်တိုက်ကြီးတွေနဲ့ ဒီစင်္ကြာဝဌာကြီးတွေ ဘယ်လိုပေါ်လာသလဲ။ ဒါသိချင်တာပေါ့နော်။

အဲဒီတော့ အဲဒီဟာကို လေ့လာတဲ့အတွက် ကမ္ဘာကြီး ဘယ်တုန်းက စခဲ့သလဲ။ လူသားတွေ ဘယ်တုန်းက စခဲ့သလဲ။ ဒါမှမဟုတ်လို့ရှိရင် ဒီစင်္ကြာဝဌာကြီး ဘယ်တုန်းကစခဲ့သလဲ။ ဒီစင်္ကြာဝဌာကြီး မစခင် မှာရော အချိန် ဆိုတာ ရှိသလာ။ T= 0 အချိန်စ ဖြစ်တဲ့ အချိန်ဟာ ဘယ်တုန်းကလဲ။ နောက်ပြီး ဒီစင်္ကြာဝဌာကြီး စခဲ့တဲ့ဟာ big bang သီအိုရီ ဆိုပါစို့နော်။ ဒီ ပေါက်ကွဲမှုကြီးနဲ့ ဖြစ်ခဲ့တယ် ဆိုတဲ့ သီအိုရီ။ အဲဒါတွေ ပေါ့နော်။ လူရဲ့ စူးစမ်းချင်စိတ်၊ ဘာကြောင့် ဖြစ်လဲ ဆိုတာကို သိချင်တဲ့စိတ်ကနေ လှုံ့ဆော် ပြီးတော့မှ ဒါတွေကို သုတေသနလုပ် ကြတာလို့ ကျနော်မြင်ပါတယ်။”

“အဲဒီတော့ လူတွေရဲ့ သုတေသန လုပ်ချင်စိတ်ကို ပိုပြီးတော့ အားသန်အောင် လုပ်ပေးတာ ပေါ့နော်။”

“ ဟုတ်ပါတယ်။ ဒါကအဓိကပါ။”

ဒေါက်တာ ပဒေသာတင်ပါ။ ရူပဗေဒ နိုဘဲယ်ဆု ရသူ ၃ ဦးအတွက် ရွှေတံဆိပ်အပြင် အမေရိကန် ဒေါ်လာ ၁.၁ သန်းကို ဆုချီးမြှင့်တဲ့ ဆွီဒင် တော်ဝင် အကယ်ဒမီက ပေးအပ်ခဲ့တယ် ဆိုတာ တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

(UNICODE)














