ရှမ်းပြည်တိုးတက်ရေးပါတီ (SSA/SSPP) အခြေစိုက်ရာ ဝမ့်ဟိုင်းဒေသကနေ မြန်မာအစိုးရတပ်တွေ ဆုတ်ခွာသွားပေမဲ့ နယ်မြေအေးချမ်းမယ့်အသွင် မဆောင်သေးဘူးလို့ SSPP ခေါင်းဆောင်တွေက ပြောပါတယ်။ ၁၈ ရက်လောက်ကြာအောင် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ မြန်မာစစ်တပ်ဘက်က အထိအခိုက် များတဲ့အပြင် တပ်ကနေ ထွက်ပြေးတဲ့ စစ်သားတွေ ရှိနေတယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ ဝမ့်ဟိုင်းဌာနချုပ်ကို ဝိုင်းပတ် ပိတ်ဆို့ထားတဲ့ မြန်မာစစ်တပ်တချို့ဟာ ဇူလိုင် ၂၉ ရက်နေ့မှာ တပ်ကို ရုပ်သိမ်းသွားတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ ဒါပေမဲ့ အခုလို မြန်မာစစ်တပ်ကနေ ဆုတ်ခွာသွားခဲ့ပြီလို့ ဆိုပေမဲ့ နယ်မြေ အေးချမ်းသွားတဲ့အသွင် မရှိသေးသလို မြန်မာစစ်တပ်တွေ အနေနဲ့ ပြန်လည်ပြင်ဆင်မှု အခြေအနေကြောင့် ဆုတ်ခွာရတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။
“သူတို့ ဆုတ်သွားတာ နယ်မြေအေးချမ်းတာတော့ မဆောင်သေးဘူး။ သူတို့ဘက်ကလည်း နည်းနည်း ပြန်ပြင်ဆင်မှုတော့ ရှိတာပေါ့။ ကျနော်တို့ဘက်ကလည်း နည်းနည်း ပြန်ပြင်စရာတွေ ရှိတာလည်း ပြင်ဆင်ထားတာရှိတယ်။ လူနာတွေပို့မယ်၊ လူနာတွေ ပို့ပြီးတော့ ဒီတပ်က အထိနာတယ်ဆိုတော့ တခြားတပ်တွေ အစားထိုးပြီး ပြန်လာတိုက်မယ်ပေါ့။ အဲဒီသဘောမျိုးပဲ ကျနော်တို့ သုံးသပ်ထားတယ်။”
ဝမ့်ဟိုင်းဒေသကနေ ရုပ်သိမ်းသွားတဲ့ တပ်တွေဟာ မိခင်တပ်ရင်းနဲ့ တာဝန်ကျရာ ဒေသကို ပြန်လည် ရောက်ရှိသွားပြီလို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ဘက်က ဝမ့်ဟိုင်းဒေသဘက်မှာ ဇူလိုင်လ ၁၁ ရက်နေ့ကစပြီး မြန်မာစစ်တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ အကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလို ရက်သတ္တ ၂ ပတ်ကျော် ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ ရှမ်းပြည်တပ်မတော်ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်ဘက်ကနေ ထိခိုက်မှုများသလို တိုက်ပွဲအတွင်း တပ်ပြေးတွေ ရှိနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။
“သူတို့ တပ်ပြေးလည်း များတယ်၊ ဒဏ်ရာရတဲ့သူလည်း များတယ်၊ ကျဆုံးတဲ့သူလည်း များတယ်။ ဒါကြောင့် ရှေ့ဆက်မတိုးနိုင်ဘူး။ နောက် တပ်ပြေးက ၆၀ ကျော် ရှိတယ်ခင်ဗျ။ တချု့ိလည်း ကျနော်တို့ဆီ ရောက်တယ်။ တချို့လည်း မရောက်သေးဘူးပေါ့။ အဲဒါလည်း ကျနော်တို့ သတင်းမလွှင့်ဘူးလေ။”
မြန်မာစစ်တပ်ဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံတဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်လို့ ခေါ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်ကို တပ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပေမဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး ထိုးစစ်တွေ ရပ်တန့်သွားခဲ့ပါတယ်။ အထိုင်ချ နေရာယူ ပုံစံကနေ အခုလို တပ်တွေ ရုပ်သိမ်းသွားခဲ့ပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ တပ်မတော်တွေကလည်း ကျေးသီးမြို့နယ်ထဲကအပြင် မိုင်းယန်၊ မိုင်းပန်၊ သီပေါ၊ ကျောက်မဲမြို့နယ်တွေ ဘက်မှာလည်း တိုက်ပွဲတွေ ပုံဖော်ခဲ့တယ်လို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။
ဇူလိုင်လ ၁၁ ရက်ကနေ စဖြစ်ပွားခဲ့တဲ့ နှစ်ဘက် တိုက်ခိုက်မှုတွေကြောင့် ရှမ်းပြည်နယ်အတွင်းက ဒေသခံပြည်သူ ၂,၀၀၀ ခန့် စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး တချို့ဆိုရင် တောတောင်၊ တောင်ယာတွေထဲမှာ ဖြစ်သလို နေထိုင်နေကြရတယ်လို့ ရှမ်းအမျိုးသား လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက ပြောပါတယ်။
ဒီလို တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကြားကပဲ မြန်မာစစ်အာဏာပိုင်တွေက ဇူလိုင်လ ၂၅ ရက်နေ့မှာ သံဃာတော် ၂ ပါးကို စေလွှတ်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် ရှမ်းပြည်တပ်မတော်ကို ကမ်းလှမ်းလာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ဟာ တရားဝင်ပုံစံ မဟုတ်ဘူးဆိုပြီး ရှမ်းပြည်တပ်မတော်ဘက်ကနေ ပြောဆိုခဲ့ပါတယ်။ အခုလို မြန်မာစစ်တပ်တွေ အနေနဲ့ ဝမ့်ဟိုင်းဌာနချုပ်ကို ထိုးစစ်ဆင်နေရာကနေ တပ်ကို ရုပ်သိမ်းသွားတာဟာ မြန်မာစစ်တပ်ထဲမှာ အပြောင်းအလဲ တခုခု ရှိနိုင်တယ်ဆိုပြီး ပြောဆိုမှုတွေ ရှိနေပေမဲ့လည်း အတည်ပြုချက်တော့ မပေးနိုင်သေးပါဘူး။
အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို တိုက်တွန်းမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရဘက်ကတော့ ဒီကနေ့ထိတိုင် အကြောင်းပြန်တာ မရှိသေးဘူးလို့ တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်တဦးက ပြောပါတယ်။