ရှမ်းပြည်နယ် တောင်ပိုင်းမှာ ၃ ရက်တိုင်တိုင် တိုက်ပွဲဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်နဲ့ SSA (မြောက်ပိုင်း) တပ်ဖွဲ့အကြား တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ကနေ လေယာဉ်နဲ့ ဗုံးကဲျတိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ SSA (မြောက်ပိုင်း) တပ်ဖွဲ့တွေက ပြောပါတယ်။ အရင်ရက်တွေတုန်းက တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ဘက်က အထိနာခဲ့တာကြောင့် လေယာဉ်နဲ့ ဗုံးကဲျတိုက်ခိုက်တာ ဖြစ်သလို စစ်ကူအင်အားတွေ တိုးမြှင့်လာပြီး အခုထက်ထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြောက်ဘက် မိုင်းရယ်နဲ့ ဝမ့်ဟိုင်း လမ်းမကြီးပေါ်မှာရှိတဲ့ နန်းကိုင်ဖိတ် အစိုးရတပ်စခန်းကို SSA/SSPP ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့တွေကနေ ဝိုင်းဝန်း ပိတ်ဆို့ထားစဉ်မှာပဲ မနေ့က မွန်းလွဲ ၂ နာရီကျော်လောက်မှာ အစိုးရ စစ်တပ်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ SSA/SSPP တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီလို ဗုံးကြဲခဲ့ပေမဲ့ ရာသီဥတု အခြေအနေကြောင့် ဘာမှ ထိခိုက်မှု မရှိဘူးလို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောပါတယ်။
“တိုက်ပွဲအခြေအနေက သူတို့ လေကြောင်းနဲ့ လာတယ်လေ။ ဗုံး ၂ လုံး လာကြဲတာပေါ့။ ဗုံးကထွက်တဲ့ မီးခိုးတွေ မည်းနက်နေတယ်။ အဲဒီတိုက်ပွဲဖြစ်တဲ့နေရာ နမ့်ကိုင်ဖိတ်မှာပဲ။ များများမကြဲရတာက တိမ်တွေဖုံးနေလို့။ သူတို့ရောက်တာနော် ဝဲပြီးတော့ ၂ နာရီခွဲ အချိန်လောက်မှာ ကြဲတယ်ပေါ့ ၂ လုံး။ နောက် ၂ လုံး ကြဲပြီးတော့ သူတို့လူက မီးမွှေးပြီးတော့ အချက်ပြတယ်။ ကျနော်တို့လူကလည်း မီးမွှေးတယ်ဆိုတော့ ဘယ်ဟာ ဘယ်ဟာမှန်း မသိတော့ သူတို့က မကြဲဖြစ်တော့ဘူးလေ။
“ညနေပိုင်းကျတော့ အမှောင်သန်းလာပြီဆိုတော့ သူတို့လည်း ပြန်လှည့်သွားတယ်။ အဲဒီ ဗုံးကြဲတာတော့ ကျနော်တို့လူတွေ ထိခိုက်မှု မရှိပါဘူး။ တိမ်တွေဖုံးနေတော့ သူတို့လူက ဘယ်နေရာရှိမှန်း ကျနော်တို့လူက ဘယ်နေရာရှိမှန်း မသိတော့ သူတို့က မှန်းပြီးတော့ ဗုံးကျဲနေတာပေါ့။”
ဒီလို ဗုံးကဲျတိုက်ခိုက်မှုဟာ သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက်မှာ ပထမဆုံးအကြိမ် ဗုံးကဲျ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒီကနေ့မနက်မှာ စစ်ကူပေးလာတဲ့ မြန်မာစစ်တပ်ကို SSA (မြောက်ပိုင်း) တပ်ဖွဲ့ကနေ မိုင်းနောင် ဒေသဘက်မှာ ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောပါတယ်။
“အခုတိုက်ပွဲက ပြင်းထန်နေတာပေါ့။ အခုထက်ထိ တိုက်ပွဲက မရပ်သေးဘူးလေ။ ဒီနေ့မနက်ကျတော့လည်း သူတို့ စစ်ကူလာတဲ့အချိန် ကျနော်တို့ သူတို့ မိုင်းနောင်ကနေ ကျေးသီးလာတဲ့အခါမှာ မိုင်းနန်းအရောက်မှာ ကျနော်တို့ တပ်ရင်း ၁ က ဖြတ်ပြီးတော့ တိုက်တယ်လေ။ တိုက်တော့ သူတို့ဘက်က ဗိုလ်ကြီးအဆင့်ရှိတဲ့ အရာရှိ တယောက်ရယ်၊ နောက် အရာခံဗိုလ် တယောက်၊ နောက် ရဲဘော်တယောက်၊ ၃ ယောက် ဒဏ်ရာ ရပြီးတော့ တယောက်ကျသွားတယ်။”
မြန်မာစစ်တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီတို့ဟာ ဇူလိုင်လ ၁၁ ရက်နေ့က စခဲ့တဲ့ တိုက်ပွဲဟာ အခုအချိန်ထိ ဆက်လက် ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။ လက်ရှိ တိုက်ပွဲ အခြေအနေကိုတော့ ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောပါတယ်။
“ခလရ ၂၂ နဲ့ ၆၇၊ ၂၄၃ က ကျနော်တို့လူရှိတဲ့ မြောက်ဘက်ကနေ သူတို့က ပြန်ပြီးတော့ ညှပ်တိုက်တာပေါ့။ နောက် အဲဒီ ရပခ လက်အောက်ခံဖြစ်တဲ့ ၅၁၃၊ ၅၁၈ ရယ်၊ ၁၃၁၊ နောက်ထပ် ၂၈၆၊ ၂၈၇ လက်ကျန်အင်အားတွေ သူတို့က ပြန်ပူးပေါင်းပြီးတော့ တောင်ဘက်ကနေ ကျနော်တို့ကို နှစ်ဘက်ညှပ်ပြီးတော့ တိုက်တာပေါ့။ လက်နက်ကြီးကလည်း နောက်ကနေ ကူပစ်ပေးတယ်လေ။ အခုထက်ထိ တိုက်ပွဲ ဖြစ်နေတုန်းပါပဲ။”
ဇူလိုင် ၁၁ ရက်နေ့ကနေ ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်ရှိရာ ဝမ်ဟိုင်းအနီးက နန်ကိုင်ဖိတ် တိုက်ပွဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့ကနေ အသာစီးရချိန်မှာ မြန်မာစစ်တပ်က ဗုံးကဲျတိုက်ခိုက်တာ ဖြစ်တယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အခုလို တိုက်ခိုက်လာရတာဟာ မေလ ၂၁ ရက်နေ့ နောက်ပိုင်း ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့ ပြန်လည်ပူးပေါင်းသွားတဲ့ အခြေအနေနဲ့ ဆက်စပ်မှု ရှိနေလို့ အခုလို အင်အားသုံးပြီး တိုက်ခိုက်လာတာ ဖြစ်နိုင်တယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အခုလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပေါ်မှာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းအရ မဖြေရှင်းဘဲ စစ်ရေးအရ တိုက်ခိုက်လာမယ်ဆိုရင် မလိုလားအပ်တဲ့ ပြည်တွင်းစစ်တွေ ဆက်လက်ဖြစ်ပွားနေမှာ ဖြစ်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ အနေနဲ့ကတော့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့် ရှိနေတယ်လို့ ရှမ်းပြည် တိုးတက်ရေး ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။