သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့ တဲ့ တနင်္ဂနွေ အီစတာပွဲတော်နေ့က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး လူ ၃၅၀ ကျော်သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်အတွက် သီရိလင်္ကာ သမ္မတ Maithripala Sirisena က ထိပ်တန်း လုံခြုံရေး အရာရှိ ၂ ဦးကို ရာထူးက နုတ်ထွက်ခိုင်း လိုက်ပါတယ်။
ခရစ်ယာန် ဘုရားကျောင်း တွေနဲ့ ဇိမ်ခံဟိုတယ်တွေကို ဗုံးဖောက်ခွဲမယ့် အကြောင်း အိန္ဒိယ က သတိပေးချက်တွေ ကြိုတင်ထောက်လှမ်း ရခဲ့တာကို သူ့ကို မပြောခဲ့တဲ့ သက်ဆိုင်ရာ အရာရှိတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ သမ္မတ Sirisena က ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောကြားခဲ့ပြီး နောက်တရက်မှာ ရဲချုပ် Pujith Jayasundara နဲ့ ကာကွယ်ရေး ဝန်ကြီး Hemasiri Fernando တို့ကို ရာထူးက ဆင်းပေးဖို့ ပြောလိုက်တာပါ။
ကာကွယ်ရေး ဝန်ကြီးဌာန ရာထူးနေရာကိုလည်း သမ္မတက ယူထားလိုက်ပါတယ်။ ကြိုတင် သတိပေးချက်တွေကို အစိုးရက အလေးမထားခဲ့တဲ့ အတွက် ပြည်သူတွေ ဒေါသထွက်ခဲ့ကြပြီး ဒါဟာ အဓိက လစ်ဟင်းမှုကြီး ဖြစ်တယ်လို့ အကြီးတန်း အရာရှိတွေက ဝန်ခံခဲ့ပါတယ်။ အသေခံဗုံးခွဲသူ ၉ ယောက်ထဲမှာ ဟင်းခတ်အမွှေးကြိုင် လုပ်ငန်းလုပ်တဲ့ ကြွယ်ဝတဲ့မိသားစုက ညီအကို ၂ ယောက်နဲ့ သူတို့ထဲက တယောက်ရဲ့ အမျိုးသမီးလည်း ပါတယ်လို့ သီရိလင်္ကာ အရာရှိတွေကပြောပါတယ်။ သူတို့ထဲက အနည်းဆုံး တယောက်ကတော့ ဗြိတိန်မှာ ပညာသင်ထား တာဖြစ်ပြီး သြစတေးလျမှာဘွဲ့လွန်တက်ထားတယ်လို့ ဆိုပါတယ်။
သူတို့က ငွေကြေးအရ တောင့်တင်းခိုင်မာသူတွြေ့ဖစ်ပြီး နိုင်ငံခြား တိုင်းပြည်တွေမှာ ပညာသင်ထားကြသူတွေ ဖြစ်ပါတယ်။ အခုထိ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူ ၆၀ ကို ဖမ်းဆီးထားတာပါ။ စုံစမ်းထောက်လှမ်းမှုတွေမှာ ပူးပေါင်းကူညီဖို့ FBI ထောက်လှမ်းရေး အဖွဲ့တဖွဲ့လည်း မြို့တော် Colombo မှာ ရောက်နေပြီလို့ သီရိလင်္ကာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Alaina Teplitz က ပြောပါတယ်။
Your browser doesn’t support HTML5