ကမ္ဘာနဲ့ အလှမ်းမဝေးတဲ့ အာကာသထဲမှာ လှည့်ပတ်ထောက်လှမ်းမယ့် စစ်ထောက်လှမ်းရေး ဂြိုလ်တုတလုံးကို တောင်ကိုရီးယားက လွှတ်တင်ခဲ့ပါတယ်။ SpaceX အာကာသကုမ္ပဏီရဲ့ Rocket ဒုံးနဲ့ တောင်ကိုရီးယားနိုင်ငံလုပ် ပထမဆုံး စစ်ထောက်လှမ်းရေး ဂြိုလ်တုကို အမေရိကန် California ပြည်နယ်မှာရှိတဲ့ Vandenberg အာကာသစခန်းကနေ သောကြာနေ့က လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံကနေ ထောက်လှမ်းရေး ဂြိုလ်တုတလုံး လွှတ်တင်ခဲ့ပြီး သီတင်းတပတ်အကြာမှာ တောင်ကိုရီးယားနိုင်ငံက ပထမဆုံးကိုယ်ပိုင် စစ်ထောက်လှမ်းရေး ဂြိုလ်တုကို လွှတ်တင်ခဲ့တာပါ။ ကမ္ဘာပတ်လမ်းကြောင်းထဲ လွှတ်တင်ပြီး တနာရီကျော်အကြာမှာ မြေပြင်အာကာသစခန်းနဲ့ အောင်အောင်မြင်မြင် အဆက်အသွယ် လုပ်နိုင်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အန္တရာယ်ရှိလာရင် အလျင်အမြန် သတိပေးနိုင်မယ့် အသေးစားဂြိုလ်တုစနစ်တွေကိုလည်း တီထွင်ထုတ်လုပ်နေတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံအနေနဲ့ မြောက်ကိုရီးယားထက်သာအောင် ကိုယ်တိုင်ထောက်လှမ်းနိုင်စွမ်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ပါတ်သက်တဲ့ ထောက်လှမ်းရေး အချက်အလက်တွေအတွက် အမေရိကန်ထောက်လှမ်းရေး ဂြိုလ်တုတွေကို အားကိုးနေရခဲ့ရတာ ဖြစ်ပြီး အခုမှ ပထမဆုံးအကြိမ်ကိုယ်ပိုင် စစ်ထောက်လှမ်းရေးဂြိုလ်တုကို လွှတ်တင်တာ ဖြစ်ပါတယ်။
အိမ်နီးချင်း မြောက်ကိုရီးယားနိုင်ငံရဲ့ ခြိမ်းခြောက်ရန် ကြီးမားနေချိန်မှာ တောင်ကိုရီးယားနိုင်ငံက ကိုရီယားကျွန်းဆွယ်အပေါ် ၂၄ နာရီပတ်လုံး အနီးကပ်ထောက်လှမ်းနိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ၂၀၂၅ ခုနှစ်မကုန်ခင် စုစုပေါင်း ထောက်လှမ်းရေးဂြိုလ်တု ၅ လုံးလွှတ်တင်ပေးဖို့ တောင်ကိုရီးယားအစိုးရနဲ့ SpaceX ကုမ္ပဏီတို့ စာချုပ်ထားပါတယ်။