ကမ္ဘာတလွှား မြို့ကြီးတွေမှာ မြို့ချဲ့တဲ့အခါ ဘေးဝန်းကျင်ကို ချဲ့လေ့ရှိကြပေမယ့် စင်္ကာပူမှာတော့ ဘေးကိုချဲ့စရာ မရှိတော့တဲ့အတွက် မြေအောက်ကိုတူးဖေါ်ပြီး အသုံးချဖို့ ကြိုးစားနေကြတာပါ။ စင်္ကာပူမှာ မြေအောက်ကိုချဲ့ဖို့ ဘယ်လိုလုပ်နေတယ် ဆိုတာနဲ့ မြေအောက်မှာ တည်ဆောက်ထားတာတွေကို လူတွေအသုံးပြု မယ်ဆိုရင် သတိထားသင့်တာတွေကို ဒီတပတ်မှာ ပြောပြပေးမှာပါ။
Your browser doesn’t support HTML5
လက်ရှိမှာ လူဦးရေ ၅ သန်းခွဲကျော်နေထိုင်တဲ့ စကာၤပူဟာ စတုရန်းမိုင် ၂၈၀ နီးပါး ကျယ်ဝန်းပြီး ရန်ကုန်တိုင်းထက် နဲနဲပဲပိုကြီးတာပါ။ တနေ့တခြား တိုးလာနေတဲ့ လူဦးရေအတွက် မိုးမျှော်တိုက်ကြီးတွေအပြင် ပင်လယ်ထဲအထိ အဆောက်အအုံတွေ တိုးချဲ့ဆောက်လုပ် ထားတာကနေ အခု ဖွံ့ဖြိုးရေးအတွက် နေရာသစ်အဖြစ် မြေအောက်မှာ တည်ဆောက်ဖို့ လုပ်နေတယ်လို့ နန်ယန်းနည်းပညာတက္ကသိုလ်က မြို့ပြအင်ဂျင်နီယာပါမောက္ခ Chu Jian က ပြောပါတယ်။
Chu Jian။ ။ "လက်ရှိမှာတော့ မြေအောက်မှာ လက်နက်သိုလှောင်ရုံနဲ့ ရေနံလှောင်ကန် အပြင် shopping စင်တာ တွေအများကြီးရှိပြီး မကြာခင် မြေအောက်ဘူတာရုံတွေ ဆောက်တော့မှာပါ။ မြေအောက်သိပ္ပံဥယျာဉ် ဒါမှမဟုတ် သိပ္ပံစင်တာဆောက်ဖို့လည်း လေ့လာနေပါတယ်။ ကျနော်တို့ရဲ့ နန်ယန်းနည်းပညာတက္ကသိုလ် အတွက် မြေအောက်ဓါတ်ခွဲခန်းတွေနဲ့ စာသင်ခန်းတွေ ဆောက်ဖို့ပါ လုပ်နေပါတယ်။ အခုအချိန် အထိတော့ စင်္ကာပူမှာ နေရာချဲ့ဖို့လုပ်ရင် မြေပေါ်မှာပဲ ဘေးကိုချဲ့တာ များတယ်။ နောက်ထပ်ချဲ့မယ်ဆိုရင်တော့ မြေအောက်မှာ ချဲ့ဖို့ လုပ်မှာပါ။ စင်္ကာပူရဲ့ အနာဂတ်အတွက် မြေနေရာသစ်ဖန်တီးဖို့ တခြားနည်းလမ်းတွေ တွေ့လာအုံးမယ်လို့လည်း ကျနော်ယုံကြည်ပါတယ်။”
မြေပေါ်မှာ နေရာလွတ်တွေ ရှိနေစေဖို့အတွက် သိုလှောင်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးနဲ့ ဝန်ဆောင်မှုတွေကို မြေအောက်မှာ ထားမယ်လို့ ၂၀၁၉ မတ်လထဲ ထုတ်ပြန်ခဲ့တဲ့ စင်္ကာပူ ဖွံ့ဖြိုးရေး အစီအစဉ် အကြမ်းထဲမှာ ဖေါ်ပြထားပါတယ်။ အဲဒီမှာ အိမ်တွေ တည်ဆောက်ဖို့ အစီအစဉ်တော့ မပါသေးပါဘူး။ ကနဦးဆောင်ရွက်ဖို့ စမ်းသပ်ဧရိယာ သုံးခုသတ်မှတ်ထားပြီး မြေအောက် လမ်းညွှန် မြေပုံထုတ်ဖို့ အတွက်တော့ သုံးဘက်မြင် 3D နည်းပညာကို အသုံးပြုမယ်လို့ ဖွံ့ဖြိုးရေး အစီအစဉ်တွေ ရေးဆွဲတဲ့ မြို့ပြ ပြန်လည်ဖွံ့ဖြိုးရေး အာဏာပိုင်အဖွဲ့ (Urban Redevelopment Authority) က ဖော်ပြထားပါတယ်။
(စကာၤပူဟာ လက်ရှိ လူဦးရေ ၅ ဒသမ ၆ သန်း ကနေ လာမယ့်နှစ်တွေ အတွင်း ပုံမှန် တိုးပွားလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် လာမယ့် ဆယ်စုနှစ်အတွင်း ဖွံ့ဖြိုးမှုပိုပြီးမြန်ဆန်လာအောင် အခုလို ဂရုတစိုက် စီမံခန့်ခွဲနေကြတာ ဖြစ်ပြီး၊ ဖွံ့ဖြိုးဆဲ အာရှ နိုင်ငံတွေရဲ့ မြို့ကြီးတွေမှာ ကြုံတွေ့နေရတဲ့ လူဦးရေနဲ့ ယာဉ်ကြော ကျပ်တည်းမှုတွေလိုမျိုး အခက်အခဲမျိုးတွေကို ရှောင်ရှားနိုင်ဖို့ လမ်းတွေအောက်က မြေဧရိယာကို အကောင်းဆုံး အသုံးချဖို့ အာဏာပိုင်တို့ စဉ်းစား သုံးသပ်နေကြ တာပါ။
အခုလို မြေအောက်မှာ အဆောက်အဦးဆောက်ထားတဲ့ ထဲက Findland နိုင်ငံ Helsinki မြို့တော်မှာဆို အိမ်တွေအတွက် ကားထားဖို့ မြေအောက် လှိုဏ်ခေါင်းတွေ၊ shopping mall ဈေးတွေနဲ့ ရေကူးကန်တွေပါ ရှိသလို ကနေဒါနိုင်ငံက Montreal မြို့မှာဆိုရင်တော့ သူတို့ရဲ့ မြေအောက်မြို့တော်လို့ခေါ်တဲ့ လှိုဏ်ခေါင်းကွန်ယက်က အချက်အချာ ကျတဲ့နေရာတွေကို ဆက်ပေးထားတာ ဖြစ်ပါတယ်။ စင်္ကာပူကတော့ ခုမှ စီမံကိန်းတွေ စချတာလာတာပါ။)
ဒါပေမယ့် မြေအောက်မှာ ရထားလမ်းနဲ့ ၇ မိုင်ခွဲလောက်ရှည်တဲ့ အဝေးပြေးလမ်းတွေကို ဥမင်လှိုဏ်ခေါင်းတူးပြီး ဖေါက်ထားတဲ့ စင်္ကာပူမှာ ကမ္ဘာ့အကြီးဆုံး မြေအောက် အအေးပေးစံနစ် ရှိနေတယ်လို့ စင်္ကာပူ ပေါ်လီတက် (Singapore Polytechnic -SP) နည်းပညာဌာနက အင်ဂျင်နီယာချုပ် Foo Yang Kwang ကပြောပါတယ်။
Foo Yang Kwang။ ။ "စင်္ကာပူ Polytech က Marina Bay မှာ ဆောက်ထားတဲ့ ကမ္ဘာ့အကြီးဆုံး မြေအောက် အအေးပေးစံနစ်ကို တာဝန်ယူလည်ပတ်နေသလို Marina Bay တဝိုက်က အဆောက်အဦးတွေအတွက် အအေးဓါတ်ပေးပါတယ်။ ဗဟို အအေးပေးစံနစ် လုပ်ထားတဲ့အတွက် လျှပ်စစ်စွမ်းအင်ကို ရာခိုင်နှုန်း ၄၀ လောက် သက်သာသွားတာပါ။ မြေအကျယ်အဝန်း လိုအပ်ချက်ကလည်း ကုဗမီတာ ၃ သောင်းလောက် သက်သာသွားတဲ့အတွက် အဲဒီတဝိုက်က တခြားအဆောက်အဦးတွေ ဥပမာ Marina Bay Sands ဟော်တယ် အပေါ်ဆုံးထပ်မှာ ရေကူးကန်ကြီးဆောက်ဖို့ စားရိတ်သက်သာသွားပါတယ်။”
အခုလို မြေအောက်မှာ အဆောက်အဦးဆောက်တာဟာ မြေနေရာထွက်လာရုံတင်မကပဲ အပူပိုင်းဒေသက စင်္ကာပူလို နိုင်ငံမှာဆို လေအေးစက်အတွက် သုံးရတဲ့ လျှပ်စစ်စွမ်းအင် ပမာဏကိုပါ လျော့ချ နိုင်တာပါ။ တနှစ်တနှစ် ကားအစင်းရေ တသောင်းလောက်က ထွက်တဲ့ ပမာဏနဲ့ တူတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၃ သောင်းခွဲနီးပါး လျော့ကျစေတာကြောင့် ဝန်းကျင်အတွက် အဆင်ပြေစေပါတယ်။
ဒါပေမယ့် မြေအောက်မှာ အဆောက်အဦးတွေ ဆောက်လုပ်ရေးဟာ မိုးထိအဆောက်အဦးတွေနဲ့ မြို့ပြတည်ထားတဲ့ စင်္ကာပူအတွက် အခက်အခဲတွေတော့ ရှိနေတာပါ။
အခုလို မြေအောက်အဆောက်အဦးတွေ ဆောက်လုပ်ပြီးလို့ လူတွေသွားလာ သုံးစွဲမယ်ဆိုရင် သိထားရမှာတွေကိုတော့ စင်္ကာပူက မြို့ပြနဲ့ သဘာဝဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာ ဒေါက်တာကာဝင်းက ခုလို ပြောပါတယ်။
ဒေါက်တာကာဝင်း။ ။“မြေအောက်ဆိုတော့ သိတဲ့အတိုင်းပဲလေ၊ လေဝင်လေထွက်ကလည်း ရှိမှာမဟုတ်ဘူး။ အလင်းရောင်လည်း ရှိမှာမဟုတ်ဘူး။ အဲဒီတော့ အဓိက အရေးကြီးတာတော့ (ventilation) လေဝင်လေထွက် ကောင်းဖို့ပေါ့။ အသက်ကောင်းကောင်း ရှူနိုင်ဖို့အတွက် (ventilation) ကောင်းကောင်းပေးဖို့ လိုတယ်။ ပြီးတော့ lighting ပေါ့။ အလင်းရောင် လုံလုံလောက်လောက် ပေးဖို့ လိုပါတယ်။ အဓိက အရေးကြီးတဲ့ နောက်တချက်ကတော့ တကယ်လို့ မြေအောက်မှာ တခုခုဖြစ်ခဲ့ရင် ပြည်သူတွေကို ဘယ်လို ကယ်ထုတ်မလဲ။ (evacuation) ဘယ်လို လုပ်မလဲ။ အဲဒီအချက်ကို ကြိုပြီးတော့ စဉ်းစားထားရမယ်။ ဥပမာ- စင်ကာပူမှာဆိုလို့ရှိရင် ပရောဂျက်တခု ဆောက်မလို့ ရှိတယ်။ အဲဒါကို ကျန်တဲ့ (construction ၊ engineering) ဆောက်လုပ်ရေးတို့ အင်ဂျင်နီယာအပိုင်းတို့ အကုန်လုံးက အဆင်ပြေပြီ။ ဒါပေမယ့် (civil defense) လူထုကာကွယ်ရေး ဌာနက လူတွေကို ဘယ်လို evacuate လုပ်မလဲဆိုတဲ့ ဒီဇိုင်းကို ပြန်ပြင်ခိုင်းထားလို့ - အဲဒီဟာကို လုပ်နေကြတုန်း။ အသုံးပြုနေတဲ့အချိန်မှာ အဓိက အရေးကြီးတာကတော့ အဲဒီ evacuation ပဲ။ အန္တရာယ် တစုံတခု ကျရောက်လာရင် ဒီလူတွေကို ဘယ်လို ကယ်ထုတ်မလဲ၊ အဲဒါ။ နောက်တခုက (emergency preparedness) ပေါ့။ အရေးပေါ်ရင် ဘယ်လို လုပ်ရမလဲဆိုတာ လူတွေရဲ့အသက်အန္တရာယ်၊ လူတွေရဲ့ လုံခြုံရေးအတွက် ထည့်သွင်းစဉ်းစားသင့်ပါတယ်။
မေး။ ။ စင်ကာပူမှာ ဆောက်ထားတဲ့ (underground storage) နဲ့ မြေအောက်ရထားလမ်းတွေမှာ ဘာပြဿနာတွေများ ကြီးကြီးမားမား တွေ့ရလဲ။
ဒေါက်တာကာဝင်း။ ။“မြေအောက်ရထားလမ်းတွေ ဆိုလို့ရှိရင် geological ဘူမိအနေထားတို့၊ (rock condition) ကျောက်အခြေနေ တို့ကတော့ ဘာမှ ပြဿနာ မရှိနိုင်ဘူး။ မီးရထားလမ်းမှာ တခါတလေ (electricity cut-down) မီးပြတ်လို့ မီးရထားတွေ ကြန့်ကြာတယ်-အဲဒီလောက်ပဲ ကြားတယ်ပေါ့။ ဒါက ထိန်းသိမ်းရေး အပိုင်း maintenance ပဲပေါ့။ ကျန်တဲ့ ကျောက်နဲ့ပတ်သက်လို့ Geology နဲ့ ပတ်သက်လို့တော့ ဘာမှ မကြားမိဘူး။ နောက်တခုက ပြီးသွားတဲ့ (storage cavern) သိုလှောင်ဂူ ၂ ခုမှာလည်း (Geology contingent) ဘူမိအနေထား အနေနဲ့ ဘာမှ ပြဿနာ ထွေထွေထူးထူး မကြားမိပါဘူး။
မေး။ ။ အခု စင်ကာပူက အပေါ်မှာ အဆောက်အဦးအမြင့်တွေ ဆောက်ထားတာ ရှိတယ်ဆိုတော့ အောက်မှာပါ အဲလို ဆက်ဆောက်တယ်၊ အောက်မှာပါ တူးလိုက်တယ်ဆိုရင် အပေါ်က အဆောက်အဦးတွေမှာ တည်ငြိမ်မှု ရှိပါ့မလား။
ဒေါက်တာကာဝင်း။ ။“ဒီမှာက မြေအောက် လှိုဏ်ခေါင်း tunnel မီးရထားလမ်းတွေ ကားလမ်းတွေ၊ နောက်တခုက sewage tunnel ရေဆိုးမြောင်း တွေက များသောအားဖြင့် ဒီလှိုဏ်ခေါင်းတွေကို (high way) အဝေးပြေးလမ်းမကြီး တွေရဲ့အောက်မှာပဲ ဆောက်ထားတာ။ အပေါ်မှာ ဘာ အဆောက်အဦးမှ မရှိဘူး။ တတ်နိုင်သလောက် အဆောက်အဦးတွေရဲ့အောက်ကနေ မဖြတ်အောင်လို့ သူတို့က ကာကွယ်ထားတယ်။ တတ်နိုင်သလောက ် ရှောင်တယ်။ များသောအားဖြင့် အဲဒီ MRT (မလေးရှားရထားလမ်း) tunnel တွေအကုန်လုံးက တကယ့် လမ်းမကြီးတွေ၊ highway တွေရဲ့အောက်ကပဲ ဖောက်ထားတယ်။ အဲဒါကြောင့်မို့လို့ မြေပေါ်နဲ့ မြေအောက်ရဲ့ stability တည်ငြိမ်မှု အနေထားက ဘာမှ ပြဿနာ မရှိဘူး။ နောက်တခုက storage area လှောင်တဲ့ နေရာ နှစ်ခုက တခုကလည်း တကယ့်ကို တောကြီးထဲမှာ ရှိတဲ့ ကျောက်တောင်ကြီးရဲ့အောက်ထဲမှာ ဆောက်ထားတာဆိုတော့ အပေါ်မှာဘာမှ မရှိဘူး။ နောက်တခု ရေနံလှောင်ကန်ကလည်း တကယ့် စင်ကာပူကျွန်းရဲ့ တောင်ဘက်က ပင်လယ်ရေအောက်ပေါ့ - underground sea bed တွေအောက်မှာ ဆောက်ထားတဲ့အတွက်ကြောင့်မို့လို့ ဒါကလည်း အပေါ်ရဲ့ stability တည်ငြိမ်မှုက ဘာမှ ပြဿနာမရှိဘူး။
မေး။ ။ ရန်ကုန်မှာရော ဖြစ်နိုင်ပါ့မလား။ ဒါမျိုးတွေ မြေပုံတွေထုတ်ပြီး လုပ်မယ်ဆိုရင် အဆင်ပြေနိုင်ပါ့မလား။
ဒေါက်တာကာဝင်း။ ။“အဲဒီ (undedground tunneling) မြေအောက်လှိုဏ်ဖေါက်တာပေါ့။ ဥပမာ၊ မြေအောက် မီးရထားလမ်း MRT tunnel တို့ ကား tunnel တို့၊ ဒါတွေကတော့ ကျောက်သိပ်ပြီး မမာရင်လည်း ဖြစ်တယ်။ ဥပမာ စင်ကာပူမှာရှိတဲ့ tunnel တွေ ဆိုလို့ရှိရင် soil မြေဆီလွှာ တွေထဲမှာပဲ သွားနေတာ။ အဲဒီတော့ ရန်ကုန်မြို့ အနေထားနဲ့ ဆိုရင် ဒီ tunnel တွေ မီးရထား တို့ ကားတို့အတွက် လှိုဏ်ခေါင်းတွေဖေါက်လို့ ဖြစ်တယ်။ ဒါပေမယ့် (storage) သိုလှောင်မယ့် ဂူတို့ shopping စင်တာတွေ ဆိုလို့ရှိရင်တော့ ကျောက်တွေက တော်တော်လေးမာတဲ့ နေရာ အထဲမှာ ဆောက်ဖို့ သင့်တယ်။ ရန်ကုန်မြို့ရဲ့ မြေအောက် ဘူမိဗေဒမှာ ဆို ကျောက်တွေက သက်တမ်းနဲနဲနုတဲ့ ကျောက်တွေ ဆိုတော့ သူတို့က ခိုင်ပါ့မလား၊ အဲဒီတခုတော့ စိုးရိမ်ပါတယ်။ ဒီ (စင်္ကာပူ) မှာကတော့ မြေအောက် တူးထုတ်တဲ့ ကျောက်တွေက သက်လတ်တမ်း၊ နှစ်သန်းပေါင်း ရာနဲ့ချီတဲ့ ကျောက်တွေဆိုတော့ ဒီက ကျောက်တွေက တော်တော်ကြီးကို မာတဲ့ ကျောက်တွေဆိုတော့ သူတို့မှာ storage cavern လှောင်ဖို့ ဂူတွေ ဆောက်လို့ ရတယ်။ ဒါပေမယ့် ရန်ကုန်ရဲ့ ဘူမိဗေဒ (geology) ကတော့ အဲဒီလောက်မာတဲ့ ကျောက်တွေ ရှိမရှိ သေသေချာချာ လေ့လာစူးစမ်း ပြီးမှ ဆောက်သင့်ပါတယ်။”
ဒေါက်တာကာဝင်းရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။