အိန္ဒိယနိုင်ငံမှာ ၂ ရက်ခရီးစဉ်နဲ့ ရောက်နေတဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Park Jin ဟာ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီရဲ့ ဂူဗိမ္မာန်ကို ဒီနေ့ သွားရောက် ဂါရဝပြု လွမ်းသူပန်းခွေချခဲ့ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အကြမ်းမဖက် ကြိုးပမ်းခဲ့တဲ့ မဟတ္တမဂန္ဒီရဲ့ရပ်တည်ချက်နဲ့ သူ့ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအပေါ်ထားတဲ့ အတွေးအမြင်တွေဟာ ဒီနေ့ခေတ်အထိလည်း မှတ်သား လိုက်နာစရာတွေ ဖြစ်ပါတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
သံတမန်ဆက်ဆံရေး ဒီနှစ်မှာ အနှစ် ၅၀ ပြည့်တဲ့ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်ဖို့ နိုင်ငံခြားရေးဝန်ကြီး Park Jin နဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Subhramanyam Jaishankar (ဆူဗရာမန်ရမ် ဂျိုင်ရှန်ကာ) နဲ့ သောကြာနေ့ကဆွေးနွေးခဲ့ကြပါတယ်။
၂ နိုင်ငံဆက်ဆံရေး တိုးတက်ဖို့အပြင် နိုင်ငံရေး၊ ကာကွယ်ရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုအရေးကိစ္စတွေသာမက စွမ်းအင်၊ သိပ္ပံနဲ့ နည်းပညာနဲ့ ယဉ်ကျေးမှုဖလှယ်ရေးအပါအဝင် အကြောင်းအရာစုံ ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးပွဲအပြီး Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။
==== Unicode =====