မြောက်ကိုရီးယား ဒုံးကျည်တွေ ထပ်ပစ်လွှတ်

မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုကို ရုပ်သံကနေ ကြည့်ရှုနေကြစဉ်။ မှတ်တမ်း ဓာတ်ပုံ။

မြောက်ကိုရီးယား နိုင်ငံက မြေပြင်ကနေ သင်္ဘောကိုပစ်တဲ့ ဒုံးကျည်ကို စမ်းသပ် ပစ်လွှတ်လိုက်ပုံရကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

ကြာသပတေးနေ့ မနက်အစောပိုင်းက တိုင်းပြည် အရှေ့ပိုင်း Wosan မြို့ကနေ ဒုံးကျည်တချို့ကို ပစ်လွှတ်လိုက်တာလို့ တောင်ကိုရီးယား ပူးတွဲ စစ်ဦးချုပ်များရဲ့ အကြီးအကဲက ပြောပါတယ်။ တခြား အသေးစိတ် အချက်အလက်တွေတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

ဒါဟာ မြောက်ကိုရီးယားအနေနဲ့ တလအတွင်း ၄ ကြိမ်မြောက် ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခြင်း ဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြောက်ကိုရီးယား အပေါ်ပိတ်ဆို့ အရေးယူမှု အသစ်တွေ ထပ်မံ ချမှတ်အပြီးမှာ အခုလို စမ်းသပ် ပစ်လွှတ်တာလည်း ဖြစ်ပါတယ်။

အခုစမ်းသပ် ပစ်လွှတ်မှု မတိုင်ခင် နောက်ဆုံး ပြုလုပ်ခဲ့တဲ့ စမ်းသပ် ပစ်လွှတ်မှုတွေကတော့ ပဲ့ထိန်းတပ် ဒုံးကျည်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယား လက်နက် တင်ဆောင်နိုင်ပြီး အမေရိကန် ကျွန်းမကြီးကို ရောက်နိုင်တဲ့ ဒုံးကျည် တည်ဆောင်နိုင်အောင် ကြိုးစား လုပ်ဆောင်နေပုံရပါတယ်။

မြောက်ကိုရီးယားရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ မြောက်ကိုရီးယားရဲ့နျူကလီးယား တည်ဆောက်ရေး အစီအစဉ်တွေ ထိန်းချုပ်ရေး လုပ်ဆောင်ပေးဖို့ သမ္မတ Donald Trump အစိုးရက လိုလားနေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြောက်ကိုရီးယား ဒုံးကျည်တွေ ထပ်ပစ်လွှတ်