တင်းမာမှုတွေ နှစ်နဲ့ချီ ကြီးထွားနေတဲ့ တောင်နဲ့မြောက် ကိုရီးယားတို့ကြား ဆက်ဆံရေးတွေ တိုးတက်အောင် ကြိုးပမ်းရာမှာ ထူးခြားတဲ့ လက္ခဏာတခုအဖြစ် ၂ နိုင်ငံ နယ်စပ်က ဆက်သွယ်ရေးလမ်းကြောင်းကို ဒီကနေ့ပဲ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။
၂ နိုင်ငံကြား ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်ဒေသက Panmunjom နယ်စပ်ကျေးရွာ အခြေစိုက် မြောက်ကိုရီးယား တာဝန်ရှိသူတွေ၊ သီးသန့် ဆက်သွယ်ရေး တယ်လီဖုန်းလိုင်းကတဆင့် ဆက်သွယ်ခေါ်ယူခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယား အရာရှိတွေက ပြောဆိုခဲ့ကြတာပါ။ မြောက်ကိုရီးယားက နျူကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံးစမ်းသပ်မှုတွေ ဆက်လုပ်နေတဲ့အတွက် ၂ နိုင်ငံ ပူးတွဲဖွင့်လှစ်ထားတဲ့ စက်မှုဇုန်လုပ်ငန်းတွေကို တောင်ကိုရီးယားဘက်က ရပ်ဆိုင်းလိုက်ပြီး နောက်မှာပဲ မြောက်ကိုရီးယားကလည်း သီးသန့်ဆက်သွယ်ရေး လမ်းကြောင်းကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။
၂ နိုင်ငံ ဆက်ဆံရေးတွေကို ကြီးကြပ်ရတဲ့ မြောက်ကိုရီးယား အေဂျင်စီရဲ့ အကြီးအကဲ Ri Son Gwon ကတော့ ဖြောင့်မတ်တဲ့ သဘောထား၊ ရိုးသားတဲ့ အပြုအမူနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းခဲ့တာဖြစ်ကြောင်း သီးသန့်ဆက်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ကြောင်း ဒီကနေ့အစောပိုင်း ကြေညာခဲ့တဲ့ ထုတ်ပြန်ချက်ကို နိုင်ငံပိုင် ကိုရီးယား ဗဟိုသတင်းအေဂျင်စီက ဖော်ပြရာမှာ ပြောဆိုခဲ့တာပါ။
တောင်ကိုရီးယားနဲ့ တိုက်ရိုက်ဆက်သွယ် ပြောဆိုဖို့နဲ့ ရှေ့လထဲ တောင်ကိုရီးယားနိုင်ငံ Pyeongchang မြို့မှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ် အားကစားပွဲမှာ မြောက်ကိုရီးယားအားကစားသမားတွေ ယှဉ်ပြိုင်နိုင်ရေး ဆွေးနွေးဖို့ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ စေလွှတ်လိုကြောင်း တနင်္လာနေ့တုန်းက မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က နှစ်သစ်ကူးမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့ပြီး နောက်မှာပဲ ၂ နိုင်ငံကြား အေးစက်စက်ဖြစ်နေတဲ့ ဆက်ဆံရေးတွေ စတင်ပြောင်းလဲလာခဲ့တာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ ကမ်းလှမ်းချက်ကို လက်ခံပြီး Panmunjom ရွာမှာ ၂ နိုင်ငံ သံတမန်တွေ ဒီလ ၉ ရက်နေ့ တွေ့ဆုံဖို့လည်း တောင်ကိုရီးယားက မနေ့တုန်းကပဲ တုန့်ပြန်ပြောဆိုထားပါတယ်။
Your browser doesn’t support HTML5