တောင်ကိုရီးယားနိုင်ငံမှာ သမ္မတသစ်ရွေးချယ်ဖို့ ပြည်သူတွေ မဲပေးရွေးချယ်နေကြပါပြီ။ ရွေးကောက်ပွဲဝင်ကြတဲ့ သမ္မတလောင်းတွေ မေလ ၈ ရက် မနေ့ကအထိ နောက်ဆုံးမဲဆွယ်စည်းရုံးမှုတွေ လုပ်ခဲ့ကြပါတယ်။
လူထုသဘောထားစစ်တမ်းတွေမှာ ရှေ့ဆုံးကပြေးနေတဲ့ Democratic ပါတီသမ္မတလောင်း Moon Jae-in က ပြည်သူတွေရဲ့အင်အား၊ စည်းလုံးမှုနဲ့ ပြဿနာတွေကို ကျော်လွှားကြရမယ်လို့ နောက်ဆုံးမဲဆွယ်ပွဲမှာ ပြောကြားခဲ့ပါတယ်။ Liberal အတွေးအမြင်ရှိပြီး လူ့အခွင့်အရေးရှေ့နေဟောင်းတယောက်ဖြစ်တဲ့ Moon Jae-in ကို နောက်ဆုံးစစ်တမ်းတွေအရ ထောက်ခံမှုအများဆုံးရနေပါတယ်။ သူ့ရဲ့နောက်မှာ လိုက်နေတာကတော့ People’s Party သမ္မတလောင်း Ahn Cheol-soo နဲ့ Liberty Korea Party က conservative သမ္မတလောင်း Hong Joon-pyo တို့ဖြစ်ပါတယ်။
သမ္မတဟောင်း Park Guen-hye ဟာ သူ့နဲ့ရင်းနှီးသူမိတ်ဆွေအမျိုးသမီးကို နိုင်ငံရေးကိစ္စတွေမှာ တိုင်ပင်ဆွေးနွေးခဲ့တယ်။ အဲဒီမိတ်ဆွေ Choi Soon-sil ကလည်း သမ္မတနဲ့ ရင်းနှီးမှုကို အခွင့်ကောင်းယူပြီး ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်ကြီးတွေဆီက ဒေါ်လာ ၆၅ သန်းနီးပါးဖို့ အလှူငွေရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ သမ္မတရာထူးကနေ ဖယ်ရှားခံရပြီးနောက် သမ္မတရွေးကောက်ပွဲကို သတ်မှတ်ချိန်ထက်စောပြီး ကျင်းပနေတာဖြစ်ပါတယ်။
သမ္မတဟောင်း Park Guen-hye ဟာလည်း အဂတိလိုက်စားမှုတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရပါတယ်။ ငွေကြေးကြွယ်ဝတဲ့ သူဌေးကြီးတွေက ကိုရီးယားခေါင်းဆောင်တွေအပေါ် လွှမ်းမိုးမှုရှိနေတဲ့ နိုင်ငံရေးစနစ်ကို ပြောင်းလဲဖို့ တောင်းဆိုဆန္ဒပြပွဲတွေလည်းရှိခဲ့ပါတယ်။ အခုရွေးကောက်ပွဲမှာ သမ္မတအနိုင်ရသူအနေနဲ့ လက်ဝဲ လက်ယာကွဲနေတဲ့နိုင်ငံမှာ ပြန်လည်သင့်မြတ်ရေး၊ စီးပွားရေးပြန်လည်တိုးတက်ရေး၊ မြောက်ကိုရီးယား Nuclear လက်နက်နဲ့ Missile ဒုံးရန်ပြဿနာကိုင်တွယ်ရေးလို ခက်ခဲတဲ့ကိစ္စတွေကို ရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပါတယ်။
Your browser doesn’t support HTML5