Asian Games ဘော်လုံး တောင်ကိုရီးယား ဗိုလ်စွဲ

တောင်ကိုရီးယား ဘောလုံးအသင်းသားတွေဖြစ်တဲ့ Hwang Ui Jo (ဝဲ) eJY Son Heung Min

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အာရှအားကစားပွဲတော် Asian Games အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ကို စနေနေ့က ယှဉ်ပြိုင်ကစားတာမှာ တောင်ကိုရီးယားက ဂျပန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

မိနစ် ၉၀ ပြည့်တဲ့အချိန်ထိ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ဘဲ အချိန်ပိုကစားတဲ့အခါမှသာ တောင်ကိုရီးယားက ၂ ဂိုး အရင်သွင်း ပြီး ပွဲပြီးခါနီး ၅ မိနစ်အလိုမှာမှ ဂျပန်က ချေပဂိုး ၁ ဂိုးပဲ ပြန်သွင်းနိုင်ပါတယ်။

တောင်ကိုရီးယားအသင်း ဒီပွဲမှာ ရွှေတံဆိပ်ဆု ဆွတ်ခူးလိုက်နိုင်တာကြောင့် U-23 ပြိုင်ပွဲမှာ သက်ကျော်အသင်းသားတဦးအဖြစ် ဝင်ပြိုင်ခွင့်ရသူ အသက် ၂၆ နှစ်အရွယ် အသင်းခေါင်းဆောင် Son Heung-min ဟာ မဖြစ်မနေ စစ်မှုထမ်းရမယ့်တာဝန်ကနေ ကင်းလွတ်ခွင့်ရသွားပါတယ်။ Son Heung-min ဟာ အင်္ဂလန် ပရီးမီးယားလိဂ် စပါးအသင်းမှာ ကစားနေတာဖြစ်ပြီး ဒီ အာရှ အားကစားပွဲတော်မှာ တောင်ကိုရီးယားအသင်းအတွက် ကစားခွင့်ရဖို့ စပါးအသင်းက ခွင့်ပြုထားတာပါ။

အသက် ၂၁ နှစ်ပြည့်ပြီးသူ တောင်ကိုရီးယား အမျိုးသားတိုင်းဟာ မြောက်ကိုရီးယားရန်ကနေ ကာကွယ်ဖို့အတွက် မဖြစ်မနေ စစ်မှုထမ်းကြရပါတယ်။ ဒါပေမဲ့ အာရှအားကစားပွဲတော်မှာ ရွှေတံဆိပ်ရတဲ့ အားကစားသမားတွေ၊ အိုလံပစ်အားကစားပွဲတော်မှာ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်တခုခုရတဲ့ အားကစားသမားတွေကို စစ်မှုထမ်းတာဝန်ကနေ ကင်းလွတ် ခွင့်ပြုထားပါတယ်။

စနေတရက်ထဲမှာပဲ ယှဉ်ပြိုင်ကစားတဲ့ တတိယလုပွဲမှာတော့ ဗီယက်နမ်နဲ့ UAE အသင်းတို့ မိနစ် ၉၀ ပြည့်ပြီးတဲ့နောက် တဘက် ၁ ဂိုးစီနဲ့ သရေဖြစ်နေတဲ့အတွက် ပန်နယ်လ်တီကန်ပြီး ဆုံးဖြတ်တာမှာ UAE က ငါးလုံးစလုံးဝင်ပြီး ဗီယက်နမ်က ၃ လုံးပဲ ဝင်တာ ကြောင့် UAE အသင်းက တတိယ ကြေးတံဆိပ်ကို ရသွားပါတယ်။

Your browser doesn’t support HTML5

Asian Games ဘော်လုံး တောင်ကိုရီးယား ဗိုလ်စွဲ