ကရင်နီပြည်လို့လည်း ခေါ်ကြတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း နှစ်ကျောင်းကို စစ်ကောင်စီ ဂျက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းသားတွေအပါအဝင် ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နဲ့ မြေပြင်ကို သွားကြည့်ခဲ့တဲ့ ကရင်နီစစ်ဘေးကူညီရေးအဖွဲ့တွေက ဗွီအိုအေကို ပြောပါတယ်။ တိုက်ပွဲနဲ့မဆိုင်ဘဲ ကလေးသူငယ်နဲ့ ဒေသခံတွေကို ဒီလိုပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကို ဆက်လက်ကျူးလွန်နေတာလို့ လည်း ဆိုပါတယ်။ ဒီသတင်းပေးပို့ချက်ကို မမြသဇင်အောင်က ပြောပြမှာပါ။
ဖေဖော်ဝါရီ ၅ရက် ဒီကနေ့ မနက်ပိုင်းမှာ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း ဒေါဆီအီကျေးရွာ စာသင်ကျောင်းနဲ့ လွိုင်နန်းဖကျေးရွာ စာသင်ကျောင်း နှစ်ကျောင်းကို စစ်ကောင်စီ ဂျက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးသူငယ်အပါအဝင် ၅ဦး သေဆုံးပြီး ဆရာ၊ ဆရာမ အပါအဝင် ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိတယ်လို့ မြေပြင်အခြေအနေကို သွားကြည့်ခဲ့တဲ့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။
“အဲ့ဒီမှာ ကျနော်တို့ ကလေး ၄ဦးပေါ့နော်။ ပွဲချင်းပြီးသေဆုံးသွားတယ်။ အသက်က ၁၃ နှစ်ကနေ ၁၄ နှစ်ဝန်းကျင် သားလေးတွေပေါ့ ချက်ချင်းသေဆုံးသွားတယ်။ ကလေး ၄ယောက်အပြင် ကျနော်တို့ ၁၄ယောက် ၁၅ ယောင်အထိပေ့ါနော် ကျန်တဲ့ ကလေးတွေလည်း ထိခိုက်ဒဏ်ရာရသွားကြတယ်။ နောက်ပြီးတာ့မှ လွိုင်နန်းဖကျောင်းနဲ့ အနီးအနားပတ်ဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက်ကြောင့်မို့ လူကြီးတဦး သေဆုံးသွားတယ်။ နောက်ပြီးတော့ ဆရာ၊ဆရာမ နှစ်ဦးလို့ ကျနော်တို့ ကနဦးကြားထားတယ်ပေါ့နော် တစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်။ နောက်ပြီးတော့မှ ရပ်ကွက်သူရပ်ကွက်သား နောက်ထပ် ၅ ဦးပေါ့နော် အဲ့ဒီဝန်းကျင်လောက် ထိခိုက်ဒဏ်ရာတာရှိပါတယ်။”
ဒီကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် လွိုင်ကော်ဘက်ကပါ လက်နက်ကြီးနဲ့ ၆ချက်လောက် ပစ်ခတ်ခဲ့တယ်လို့ ကိုဗညားက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားမနေတဲ့ ဒေသမှာ စာသင်ကျောင်းကို ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲတိုက်ခိုက်တာလို့ စစ်ဘေးရှောင်ကူညီသူတစ်ဦးကလည်း အခုလိုပြောပါတယ်။
“စာသင်ကျောင်းမှာက ဒီစစ်ဘေးရှောင်ကလေးတွေနဲ့ ရွာခံကလေးတွေပဲ စာသင်ကြတယ်ပေါ့နော်။ တိုက်ပွဲလုံးဝမရှိဘူးဗျ။ တိုက်ပွဲဧရိယာလည်း မဟုတ်ဘူး။ နောက်ပြီးတော့ စစ်စခန်းတည်နေရာလည်း မဟုတ်ဘူး။ တော်လှန်ရေးတပ်ဖွဲ့ရဲ့ စစ်အခြေပြုနေရာလည်း မရှိဘူး။ စစ်ရှောင်နဲ့ ရွာခံတွေပဲရှိတဲ့ နေရာဗျ။ လုံးဝစာသင်နေတဲ့အချိန်မှာ လုံးဝရှောင်ချိန်တောင် မရလိုက်ဘူးဗျာ၊ သူတို့ထိုးဆင်းပြီးတော့ တခါတည်းကို ဗုံးကိုကြဲချပစ်လိုက်တာ စာသင်ကျောင်းရဲ့ ရာခိုင်နှုန်းအားဖြင့် ၉၀ ရာခိုင်နှုန်းပျက်စီးတယ်။ ဒီနံရံတွေပါ ပြိုကုန်တာပေါ့၊ အုတ်နံရံတွေပါ ပြိုကုန်တယ်ဗျ။”
အခုတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေဟာ တိုက်ပွဲမရှိတဲ့နေရာဖြစ်တာမို့ ရွာသူရွာသားတွေရော စစ်ပြေးဒုက္ခသည်တွေပါ သောင်းနဲ့ချီ နေထိုင်ကြပါတယ်။ အခုလို စစ်ကောင်စီက လာရောက်တိုက်ခိုက်တာဟာ စစ်ပြေးဒုက္ခသည်တွေနဲ့ ဒေသခံတွေအပေါ် ပစ်မှတ်ထားတာသာ ဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ကရင်နီဒေသတခွင်မှာ တိုက်ပွဲတွေပြင်းထန်တာကြောင့် ဒေသခံအများစုက အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး ကလေးတွေအတွက် ပညာရေးလည်း အဟန့်အတားတွေနဲ့ကြုံရတာပါ။ ဒါကြောင့် ကလေးတွေ ပညာဆက်သင်နိုင်အောင် CDM လှုပ်ရှားသူတွေနဲ့ ဒေသခံတွေက ကိုယ်ထူကိုယ်ထကျောင်းတွေဖွင့်လှစ်ပြီး ဒေသခံကလေးတွေနဲ့ စစ်ပြေးရှောင်ကလေးတွေ အားလုံးကို ပညာသင်ကြားပေးနေကြတာပါ။ လက်ရှိမှာ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိတာကြောင့်လည်း ဒေသတွင်းမှာ စစ်ရှောင်တချို့ ခိုလှုံကြသလို စာသင်ကျောင်းတွေမှာလည်း ကလေးတွေကို တနိုင်တပိုင် သင်ကြားပေးနေတာလည်း ဖြစ်ပါတယ်။ အဲဒီ ကလေးငယ်တွေ စာသင်နေစဉ်မှာ ပြေးချိန်မရရှိဘဲ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခံရတာလို့ မြေပြင်က စစ်ရှောင်အရေး ကူညီနေတဲ့အဖွဲ့တွေက ဗွီအိုအေကို ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေဟာ လွိုင်ကော် အနောက်တောင်ဘက် ၁၀ မိုင်ကျော်အကွာမှာ တည်ရှိတာပါ။ ငြိမ်းချမ်းစွာ ပညာသင်ကြားတဲ့ ကလေးငယ်တွေကို အခုလို လာရောက်တိုက်ခိုက်တာဟာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖေါက်တာဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုပြန်ကြားရေးတာဝန်ခံ အယ်တာစိုးက အခုလို ပြောဆိုပါတယ်။
“စာသင်နေတဲ့အချိန်မှာ စာကျောင်းကို ဒါရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်တယ်။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်းကိုတိုက်ခိုက်တာဖြစ်တယ်ပေါ့နော်။ ကလေးသူငယ်တွေ စာသင်ကြတဲ့ နေရာကို တိုက်ခိုက်တာဖြစ်တယ်။ ကျောင်းသား ကလေးသူငယ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဖြစ်တယ်။ အဲ့ဒါကြောင့်မို့လို့ စစ်ကောင်စီကတော့ ဒါ စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ပဲ ကျနော်တို့ပြောချင်ပါတယ်။”
စစ်ကောင်စီတပ်တွေဟာ ကယား(ကရင်နီ)ပြည်နယ်ဒေသမှာ စစ်ရာဇဝတ်မှု ဆက်လက်ကျူးလွန်နေပြီး အရပ်သားပြည်သူတွေကို စစ်ရေးပစ်မှတ် အသုံးပြုနေတာမို့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ထိထိရောက်ရောက် အရေးယူစေလိုကြောင်း စစ်ရှောင်အရေး ကူညီနေတဲ့အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက် တုန့်ပြန်မှုရရှိဖို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် စက်ပိတ်ထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
Your browser doesn’t support HTML5