(Zawgyi/Unicode)
တောင်ကိုရီးယားနိုင်ငံမှာ Coronavirus ပိုးကူးစက်သူ ဒီနေ့ နောက်ထပ် ၅၀၀ ကျော်ရှိနေပြီး၊ ကူးစက်မှုအများဆုံးဖြစ်တဲ့ Daegu မြို့မှာ လူနာ ၂,၀၀၀ ကျော်ဟာ ဆေးရုံကုတင် မလောက်တဲ့အတွက် ကုတင်လွတ်စောင့်နေရာတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။
တရုတ်နိုင်ငံပြီးရင် ကူးစက်မှု အများဆုံးဖြစ်နေတဲ့ တောင်ကိုရီးယားမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စီးပွားရေးထိခိုက်မှုကို ကျားကန်ပေးနိုင်ဖို့ ဒေါ်လာ ၁၀ ဘီလျံသုံးစွဲမယ်လို့ အစိုးရက ကြေညာပါတယ်။
တရုတ်မှာတော့ ပိုးကူးစက်သူဆက်ပြီး ကျဆင်းနေတာမှာ ဒီကနေ့နောက်ထပ်ပိုးကူးသူ ၁၁၉ ယောက်ရှိတယ်လို့ ပြောပါတယ်။ အရင်ကဆို တရုတ်မှာ ပိုးကူးသူ နေ့စဉ် ထောင်ချီရှိခဲ့တာပါ။
၂ နိုင်ငံလုံးမှာ virus ပိုးကူးစက်သူ တဖြည်းဖြည်း တိုးလာနေရုံမက ကူးစက်မှုရှိနေတဲ့ နေရာတွေကနေ တခြားနိုင်ငံတွေကို သွားတဲ့ အီတလီနဲ့ အီရန်လူမျိုးတွေမှာပါ ပိုးကူးစက်မှုတွေ ရှိနေပါတယ်။
အီတလီမှာ အင်္ဂါနေ့က သေဆုံးသူ ၇၉ ယောက်အထိ ရှိခဲ့တာပါ။ အီတလီ ကမ္ဘာလှည့်ခရီးသည်တွေကတဆင့် ကူးနေပုံရတဲ့ India နိုင်ငံမှာလည်း Coronavirus ပိုးကူးသူ ၂၈ ယောက်အထိ ရှိနေပါတယ်။
အီရတ်မှာတော့ COVID-19 ရောဂါကြောင့် ပထမဆုံး တယောက် ဒီနေ့သေဆုံးသွားပါတယ်။ အီရတ်ကကူးစက်မှုအားလုံးဟာ အီရန်နဲ့ဆက်နွယ်နေပါတယ်။ ပိုးကူးတဲ့နိုင်ငံသစ်တွေ တိုးနေတဲ့ထဲမှာ Jordan, Morocco, Senegal, Portugal နဲ့ Saudi Arabia နိုင်ငံတွေ ပါဝင်ပါတယ်။
လောလောဆယ် ကမ္ဘာတဝန်း Coronavirus ကူးစက်နေသူပေါင်း ၉၃,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၃,၂၀၀ နီးပါးရှိပါတယ်။ ကူးစက်သူရော သေဆုံးသူ အများဆုံးက တရုတ်နိုင်ငံမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း သေဆုံးသူ ၉ ယောက်ရှိပြီး ပြန်လည်နေကောင်းသူ ၈ ယောက်ရှိပါတယ်။
တချိန်ထဲမှာပဲ ကမ္ဘာတဝန်းက လူတွေအနေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေလိုတဲ့ နှာခေါင်းစည်းအကာတွေ၊ တခြားအကာအကွယ်တွေ ဝယ်စုမထားကြဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက ပန်ကြားထားပါတယ်။
Coronavirus ပိုးကူးစက်မှုကို နှာခေါင်းစည်းအကာတွေက အကာအကွယ်ပေးနိုင်မယ်လို့ အာမ မခံနိုင်ဘူးလို့ ကျွမ်းကျင်သူတွေကလည်း ပြောနေကြပါတယ်။
Your browser doesn’t support HTML5
[Unicode Version]