ရုရှားတပ်တွေက ယူကရိန်းနိုင်ငံတလွှားကို ကြာသပတေးနေ့က မစ်ဇိုင်းဒုံးကျည်တွေနဲ့ တရစပ်ပစ်ခတ်ခဲ့တဲ့ အတွက် သေဆုံးရသူ ၆ ဦးထက် မနည်း ရှိနေသလို သိန်းနဲ့ချီတဲ့ ဒေသခံတွေလည်း မီးပြတ်ပြီး အပူဓါတ် မရပဲ အအေးလွန်ကဲတဲ့ ဒဏ်ကို ခံနေရပါတယ်။
ဒါဟာ သီတင်းပတ် ၃ ပတ်အတွင်း အကြီးမားဆုံး တိုက်ခိုက်မှုဖြစ်ကြောင်းနဲ့ ရုရှားဘက်က ပစ်ခတ်တဲ့ မစ်ဇိုင်းဒုံး ၈၁ လုံးထဲက ၃၄ လုံးကို ပစ်ချ နိုင်ခဲ့တယ်လို့ ယူကရိန်းတပ်တွေက ပြောပါတယ်။ ပစ်ချခဲ့တဲ့ ထဲမှာ အီရန်လုပ် ဒရုန်းက ၄ စင်းပါနေတယ် လို့လည်း ပြောပါတယ်။
ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာ နဲ့ ဝေးတဲ့ ဒေသတွေ၊ ယူကရိန်းအနောက်ပိုင်းအပါအဝင် ယူကရိန်းဒေသ တလွှား လေကြောင်းအချက်ပေး ဥသြသံတွေ တစ်ညလုံး ညံနေခဲ့တာ ဖြစ်ပါတယ်။ Lviv ဒေသမှာတော့ လူနေရပ်ကွက်မှာ မစ်ဇိုင်းဒုံးကျည် ထိမှန်ခဲ့တဲ့ အတွက် ၅ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသအုပ်ချုပ်ရေးမှုးက ပြောပါတယ်။ Dnipro petrovsk ဒေသမှာလည်း ရုရှားတွေ တိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့တာပါ။